အန္တရာယ်ကင်းစွာ ဆေးသောက်ပါ

လူရယ်လို့ဖြစ်လာပြီဆိုတည်းက အကြောင်းအမျိုးမျိုးကြောင့် ဆေးအမျိုးမျိုးနှင့်ကင်းနိုင်သောသူဟူ၍ ရှိမည်မထင်ချေ။

ဆေးပြားသည် သာမန်အားဖြင့် အဓိကဆေးမှုန့်နှင့် ပုံသွင်းမှုန့် (ကော်မှုန့်၊ သကြား စသည်) တို့ကို ဖိ၍ ပုံသွင်းထားခြင်းဖြစ်သည်။ ဆေးအာနိသင် မြန်၊ နှေး၊ ပြင်း၊ ပျော့သည် အဓိက ဆေးမှုန့်၏ အစာအိမ် အူလမ်းကြောင်း တလျှောက် စုပ်ယူခံရမှု အမြန်နှုန်းပေါ်တွင် မူတည်သည်။ ဆေးပြားသည် သွေးအတွင်းသို့ စုပ်ယူမခံရမီ အစာအိမ်နှင့် အူလမ်းကြောင်းတွင် သေးငယ်သော၊ ထောင်သောင်းမကသော အမှုန့်ငယ်များအဖြစ် ကွဲကြေသွားပြီး အရည်ထဲ ပျော်ဝင်နေမှ သွေးထဲစုပ်ယူခံနိုင်မည်ဖြစ်သည်။


ဆေးသောက်ပြီး ရေများများသောက်မှ သွေးထဲသို့ စုပ်ယူခံရမှု ပိုမိုမြန်ဆန်မည်။ ထို့ကြောင့် ဆေးမသောက်မီ ရေနွေးနွေးတခွက် သောက်ခြင်းဖြင့် အစာလမ်းကြောင်းကို စိုစွတ်စေနိုင်သည်။ ပြီးမှ ဆေးကို ရေများများနှင့် သောက်ခြင်းဖြင့် အာနိသင် မြန်ဆန်ထက်မြက်စေနိုင်မည်။ ရေသောက်နည်းလျှင် ဆေးပြား၊ ဆေးတောင့်တို့ သည် အစာမျိုပြွန်၊ အစာအိမ်နံရံတွင် ကပ်နေနိုင်ပြီး ထိခိုက်ဒဏ်ရာရစေနိုင်သည်။

( ဥပမာ-အက်စ်ပရင်၊ ပရိုဖင်၊ အကိုက်အခဲ ပျောက်ဆေးမျိုးစုံ၊ ပရီနိုစလုံးဆေး၊ ကင်ဆာရောဂါကု ရူဘီဒိုမိုက်ဆင် စသည်တို့ဖြစ်သည်)။



ဆေးသောက်သည့်အခါ မတ်တတ်ရပ်လျက် သို့မဟုတ်-ထိုင်လျက် ဆေးသောက်ရမည်။ လှဲလျက် ဆေးမသောက်ရ။ ဆေးသောက်ပြီး ချက်ချင်း မလှဲရ။ အနည်းဆုံး ၃-မိနစ်၊ ၅-မိနစ် ဆက်လက်ထိုင်နေသင့်သည်။ နာတာရှည် ရောဂါသည်နှင့် အစာမျို ခက်ခဲသူများသည် ဆေးအရည်ကို သောက်သင့်သည်။

အိပ်ခါနီး ဆေးသောက်ရန် လိုအပ်လျှင် ဆေးသောက်ပြီး ၂-မိနစ်၊ ၃-မိနစ်ခန့် သွားလာလှုပ်ရှားပြီးမှ အိပ်သင့်သည်။


ဆေးကို နွားနို့နှင့် မသောက်သင့်ပါ။ နွားနို့သည် ပရိုတင်းဓာတ်နဲ့ ဖက်တီးအက်စစ်ပါသည့်အတွက် ဆေးမှုန့်လေးများ၏ ပတ်ပတ်လည်တွင် အမှေးပါးတထပ် ဖြစ်ပေါ်အုပ်ဆောင်းထားတတ်သည်။ ထို့ပြင် နွားနို့တွင် ကြွယ်ဝစွာပါဝင်သော ကယ်လ်စီယမ်ဓာတ်၊ မီးစုန်းဓာတ်၊ သံဓာတ်တို့သည်လည်း အချို့ဆေးဝါးပစ္စည်းများနှင့် ဓာတ်ပြုနိုင်ပြီး ပျော်ဝင်ရန် ခက်ခဲသော ဆားများအဖြစ်သို့ ဓာတ်ပြောင်းလဲသွားနိုင်ပါသည်။

ထို့ပြင် ဟင်းရည်၊ လက်ဖက်ရည်၊ ကော်ဖီ၊ ရေနွေးကြမ်း၊ အချိုရည်တို့နှင့် ဆေးကို မသောက်ရ။ ရေနွေးနွေးနှင့်သာ သောက်သင့်ပါသည်။ ဆာလ်ဖာဆေးဝါးသောက်လျှင် ကျောက်တည်ခြင်းမှ ကာကွယ်ရန် အထူးသဖြင့် ရေများများပိုသောက်ရမည်။ အနည်းဆုံး ရေတပုလင်းခွဲခန့် (၁၅၀၀-မီလီမီတာ) ထိုနေ့တွင် သောက်ရမည်။ သို့မှသာ သွေးကျဲ၊ ဆီးရွှင်၊ ကျောက်ကပ်ကာကွယ်ရာ ရောက်မည်။


အကိုက်အခဲပျောက်ဆေး၊ အဖျားကျဆေးများ သောက်လျှင်လည်း ရေများများသောက်ရန် လိုအပ်ပါသည်။ သို့မှသာ ကိုယ်ပူကျပြီး ချွေးများများ ထွက်သောအခါ ရှော့ခ်ဖြစ်ခြင်းမှ ကာကွယ်နိုင်မည်ဖြစ်သည်။ သို့သော် မည်သည့်ဆေးကို သောက်သည်ဖြစ်စေ ရေများများသောက်ရမည်ဟူ၍ကား မဟုတ်ပေ။

အချို့ ချောင်းဆိုးပျောက်ဆေးများသည် သောက်ပြီး ၅-မိနစ်ခန့်ကြာမှ ရေသောက်ရသည်။ ထို့ကြောင့် ဆေးအာနိသင်ကောင်းစေရန် ဆေးပေးသူကို ဆေးသောက်ရမည့်အချိန်၊ နည်းလမ်းတို့ကို သေချာမေးမြန်းပြီး မှတ်သားလိုက်နာရမည် ဖြစ်ပါသည်။


we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။