ရည်းစားသက်တမ်းရှည်ခဲ့တဲ့ စုံတွဲတွေ လက်ထပ်ပြီးတဲ့အခါ မြန်မြန်ကွဲရတဲ့ အကြောင်းအရင်း ၇ ချက်

နှစ်တွေအကြာကြီးတွဲလာတဲ့ စုံတွဲတွေအတွက် နောက်လာမယ့်ခြေလှမ်းဟာ လက်ထပ်ခြင်းဖြစ်နေတာ သဘာ၀ ကျပါတယ်။ ကိုယ်ချစ်တဲ့သူနဲ့ တစ်သက်လုံးအတူနေရမယ်ဆိုတာ စဉ်းစားကြည့်ရင်တော့ ကြည်နူးစရာပါပဲ။ ဒါပေမဲ့ ဘဝက ရုပ်ရှင်မဟုတ်တာကြောင့် စိတ်ကူးထဲကလောက်တော့ မလွယ်ကူနိုင်ပါဘူး။ လက်ထပ်ပြီးချိန်မှာ တစ်ယောက်နဲ့တစ်ယောက် ချစ်နေကြရင်တောင် ဘဝက အမြဲအဆင်ပြေချောမွေ့နေမှာတော့ မဟုတ်ပါဘူး။



ဒါ့ပြင် နှစ်ယောက်သား နှစ်ကာလရှည်ကြာစွာ တွဲလာကြတယ်၊ ချစ်လာကြတယ်ဆိုတိုင်း လက်ထပ်တဲ့အခါ သာယာ အဆင်ပြေနေတာ မဟုတ်ပါဘူး။ အနောက်နိုင်ငံတွေမှာဆိုရင် ကာလရှည်တွဲလာတဲ့ ချစ်သူတွေ လက်ထပ်လိုက်တဲ့အခါ အိမ်ထောင်သက်တမ်းသိပ်မကြာတတ်တာကို လေ့လာတွေ့ရှိခဲ့ကြပါတယ်။ အဲဒါကြောင့် အဲဒီလိုဖြစ်ရတဲ့ ဖြစ်နိုင်ချေ အကြောင်းအရင်းတချို့ကို ဝေမျှပေးလိုက်ပါတယ်။


၁။ ကတိကဝတ်တွေ ပျက်လာခြင်း



ငယ်တုန်းရွယ်တုန်းမှာ တစ်ယောက်နဲ့တစ်ယောက် ချစ်ခင်တန်ဖိုးထားခဲ့ကြပြီး တစ်ယောက်က တစ်ယောက်အတွက် ဘယ်လောက်အရေးကြီးကြောင်း ထုတ်ပြောဖို့လည်း ဝန်မလေးကြပါဘူး။ ငယ်တုန်းရွယ်တုန်း ချစ်တုန်း ခင်တုန်းမှာ ကတိ အမျိုးမျိုး ပေးဖြစ်ခဲ့ကြပါတယ်။ ပျော်နေတဲ့အချိန် ကတိမပေးနဲ့ဆိုတဲ့ စကားလိုပဲ ကတိဆိုတာ ပေးဖို့ လွယ်ပေမဲ့ တည်ဖို့တော့ ခက်ပါတယ်။ အချိန်တွေကြာလာတာနဲ့အမျှ ကတိသေးသေးလေးတွေကအစ အကြောင်းအမျိုးမျိုးကြောင့် ပျက်ကွက်လာကြ ပါတယ်။ ပျက်ပါများလာတဲ့အခါ ကတိကို အလေးထားစရာလို့ မမြင်တော့ပါဘူး။ အဲဒီလိုနည်းနဲ့ စုံတွဲတွေကြားမှာ အက်ကြောင်း ထင်လာတတ်ပါတယ်။


၂။ စစချင်းမှာ အလွန်အကျူးချစ်ပြခဲ့ကြတယ်



လေ့လာတွေ့ရှိချက်တွေအရ သမီးရည်းစားတွေအဖြစ် စတွဲချိန်မှာ အလွန်အကျူးချစ်ပြခဲ့ကြတဲ့ စုံတွဲတွေဟာ လက်ထပ်ပြီး ချိန်မှာ မြန်မြန်ကွာရှင်းနိုင်ချေများတယ်လို့ ဆိုပါတယ်။ အလွန်အကျူးချစ်ပြထားပြီး ဖြစ်တာကြောင့် အဲဒီထက်ချစ်ပြစရာ မရှိတော့သလို တစ်ချိန်လုံး ချစ်ပြနေခြင်းဟာလည်း အထူးအဆန်းမဟုတ်တော့တာကြောင့် အိမ်ထောင်ရေးကို ငြီးငွေ့ရိုးအီ စရာဖြစ်သွားစေပါတယ်။ စစချင်းအရမ်းချစ်ပြခဲ့တာကြောင့် အချိန်ကြာလာလေ အရှိန်တွေလျော့သွားလေပါပဲ။ အဲဒီအခါ လက်တွဲဖော်က အချစ်တွေလျှော့သွားတယ်လို့လည်း ထင်စရာဖြစ်လာ တတ်ပါတယ်။ အဲဒါကြောင့် စစချင်းမှာ အလွန်အကျူး တွေ မချစ်ပြဖို့ လိုပါတယ်။


၃။ တကယ်မချစ်ခဲ့လို့ ဖြစ်နိုင်ပါတယ်



သမီးရည်းစားဆက်ဆံရေးမှာ အဆိုးရွားဆုံးအရာကတော့ အချစ်ကို မှားယွင်းယူဆမိကြတာပါ။ အထူးသဖြင့် ကာလရှည် ချစ်လာကြပြီဆိုရင် တစ်ချိန်လုံး ချစ်တယ်လို့ပဲ ထင်နေတတ်ကြပါတယ်။ လက်ထပ်ပြီးချိန်မှ တကယ် မချစ်ခဲ့တာကို သဘောပေါက်လာကြတာလည်း ရှိပါတယ်။ တစ်စုံတစ်ယောက်ကို ချစ်တာနဲ့ တစ်စုံတစ်ယောက် နားမှာ ရှိနေရတာ ပျော်ရွှင်တယ်ဆိုတာဟာ မတူညီတဲ့အရာနှစ်ခုပါ။ အဲဒါကို သဘောပေါက်ချိန်မှာတော့ အချိန် လွန်ကုန်ကြတာ များပါတယ်။


၄။ အပြောင်းအလဲ လိုအပ်ပါတယ်



လူတွေဆိုတာ အချိန်နဲ့အမျှ ပြောင်းလဲနေကြတာဖြစ်ပြီး လိုအပ်ချက်တွေလည်း မတူညီတတ်ပါဘူး။ ဥပမာ မိုင်လေဆိုင်းရပ်စ်နဲ့ လီယမ်ဟမ်းစဝေါ့သ်တို့ဆိုရင် နှစ်ပေါင်းများစွာ တွဲခဲ့ကြပေမယ့် တကယ်တမ်း လက်ထပ်လိုက်ချိန်မှာတော့ လအနည်းငယ်နဲ့ ကွာရှင်းလိုက်ကြပါတယ်။ လူဆိုတာ အမြဲပြောင်းလဲနေတာ ကြောင့် စိတ်တွေပြောင်းလဲသွားကြတာ ဖြစ်နိုင်ပါတယ်။ လက်ထပ်ခြင်းဟာ လှပတဲ့အရာတစ်ခုဖြစ်ပေမဲ့ ကတိ ကဝတ်တွေ၊ စိတ်ရှည်သည်းမခံမှုနဲ့ ချစ်ခြင်းမေတ္တာတွေ အများကြီး လိုအပ်ပါတယ်။


၅။ ဘဝကို အခြေတကျဖြစ်ချင်ရုံနဲ့ လက်ထပ်ကြတယ်



တစ်ဦးနဲ့တစ်ဦး လက်ထပ်ရတဲ့အကြောင်းပြချက်ဟာ အချစ်ဆိုတာထက် ဘဝကိုအခြေတကျဖြစ်ချင်တာကြောင့်လည်း ဖြစ်နိုင် ပါတယ်။ အသက်အရွယ်ကြောင့်၊ ဘေးပတ်ဝန်းကျင်ရဲ့ ဖိအားတွေကြောင့် ကာလရှည်တွဲခဲ့တဲ့ လက်ရှိချစ်သူနဲ့ လက်ထပ် လိုက်ရတတ်ပါတယ်။ ဒါပေမဲ့ လက်ထပ်တယ်ဆိုတာ နှစ်ယောက်နင်းရတဲ့ စက်ဘီးကို စီးသလိုပါသလို နှစ်ယောက်လုံး ဘက်ညီမှ အဆင်ပြေတတ်တာပါ။ အဲဒါကြောင့် အသက်အရွယ်နဲ့ ပတ်ဝန်းကျင်ကြောင့် အခြေတကျဖြစ်ချင်ရုံနဲ့ အဆင်သင့် မဖြစ်သေးဘဲ လက်ထပ်လိုက်တဲ့အခါ မြန်မြန်ကွဲကွာရတာဟာ အဆန်းတော့မဟုတ်ပါဘူး။


၆။ လက်တွဲဖော်ရဲ့ မကောင်းတဲ့အကျင့်တွေကို မြင်လာတယ်



ကာလရှည်ကြာ တွဲလာတိုင်းလည်း တစ်ယောက်အကြောင်းတစ်ယောက် အူမချေးခါးမကျန်သိနေတယ်လို့ မဆို နိုင်ပါဘူး။ လက်ထပ်ပြီး နေ့တိုင်းအတူတူနေထိုင်လာရတဲ့အခါကျမှ ကိုယ်မသိခဲ့တဲ့ အမူအကျင့်တွေ ပေါ်လာ တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ လက်ထက်ပြီးသိပ်မကြာခင် ကွာရှင်းရမယ့် အကြောင်းအရင်းတွေဖြစ်လာစေတဲ့ အမူအကျင့်တွေထဲမှာ သစ္စာမရှိမှု၊ မရိုးသားမှု၊ ငွေကြေးအရှုပ်အရှင်းတို့ အဓိကပါဝင်ပါတယ်။


၇။ အမှန်တကယ် နားလည်မှုမရှိခြင်း



သမီးရည်စားဘ၀ ချစ်ကြိုက်တယ်ဆိုတာ စိတ်ကူးယဉ်ဆန်ကောင်းဆန်နိုင်ပေမယ့် လက်ထပ်ခြင်းကတော့ လုံး၀ကို လက်တွေ့ ဘဝထဲ ရောက်သွားပါပြီ။ စိတ်ကူးထဲမှာ ပျော်စရာတွေချည်း တွေးထားပေမဲ့ တကယ်တမ်း လက်ထပ်ပြီး အတူတူနေတဲ့အခါ ရင်ဆိုင်ရမယ့် အခက်အခဲတွေ အများကြီးရှိပါတယ်။ တော်ရုံနားလည်မှု၊ သည်းခံမှုလောက်နဲ့ မရတော့ပါဘူး။ လုံးဝတည်ငြိမ် ရင့်ကျက်တဲ့ နားလည်သည်းခံမှုမျိုး လိုအပ်လာပါပြီ။ တစ်ယောက်နဲ့တစ်ယောက် တာဝန်ယူရတာတွေလည်း များလာပါတယ်။ ကာလရှည်ကြာ ချစ်ကြိုက်ခဲ့တိုင်း လက်ထပ်ဖို့အဆင်သင့်ဖြစ်နေနိုင်တာ မဟုတ်ပါဘူး။ အဆင်သင့်မဖြစ်ဘဲ လက်ထပ်ခြင်းဟာ မြန်မြန်ကွဲကွာရဖို့ ကို ဖြစ်စေတာ မဆန်းပါဘူး။


ကာလရှည်ကြာအောင် တွဲခဲ့၊ ချစ်ကြိုက်ခဲ့ကြပြီး လက်ထပ်လိုက်တဲ့အခါမှ အဆင်မပြေတော့တာမျိုး မဖြစ်ရလေအောင် အထက်မှာဖော်ပြထားတဲ့ အချက်တွေနဲ့ ကိုယ့်ကိုယ်ကို စမ်းစစ်လေ့လာကြည့်ဖို့ လိုအပ်ပါတယ်။ အရေးကြီးဆုံးက ကိုယ်လက်ထပ်မယ့်သူနဲ့ ဘဝတစ်ခုထူထောင်ဖို့အတွက် အဆင်သင့်ဖြစ်နေဖို့ပါပဲ။


by Cherry Mon
 

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။