စီလီကာဂျယ်ထုပ်လေးတွေကို လွှင့်မပစ်သင့်တဲ့ အကြောင်းအရင်း

များသောအားဖြင့် စက္ကူနဲ့ပြုလုပ်ထားပြီး လက်တစ်လုံးစာလောက်ပဲရှိတဲ့ အထုပ်လေးတွေ တွေ့ဖူးကြမှာပါ။ အထုပ်ပေါ်မှာ “Do Not Eat” လို့ရေးထားပြီး အထဲမှာ အစိလေးတွေပါပါတယ်။ အဲဒီအထုပ်လေးကို Silica Gel Packet လို့ခေါ်ပါတယ်။ များသောအားဖြင့် ဆေးဗူးတို့၊ ဖိနပ်ဗူးတို့လို အစိုဓာတ်ထိန်းဖို့လိုတဲ့ ဗူးတွေထဲမှာ ပါလာတတ်ပါတယ်။ ထုံးစံအတိုင်း အဲဒီအထုပ်လေးတွေကိုလွှင့်ပစ်လိုက်ကြတာများပါတယ်။ တကယ်တော့ စီလီကာဂျယ်ထုပ်လေးတွေကို လွှတ်မပစ်သင့်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူ့မှာ အသုံးဝင်တဲ့နေရာတွေ အများကြီး ရှိလို့ပါ။


၁) ဖုန်းအခြောက်ခံမယ်


တစ်ခါတလေ ဖုန်းရေစိုသွားတဲ့အခါ ဆန်အိုးထဲထည့်ပြီး အခြောက်ခံတတ်ကြပါတယ်။ ဆန်လိုမျိုးပဲ အလားတူ ခြောက်သွေ့စေနိုင်တာကတော့ စီလီကာဂျယ်ထုပ်လေးတွေပါပဲ။ စီလီကာဂျယ်ထုပ် ၄ ထုပ် ၅ ထုပ်လောက်နဲ့ ဖုန်းနဲ့ကို တစ်အိတ်ထဲမှာ တူတူပေါင်းထည့်ထားပါ။ ၂၄ နာရီလောက် ထားပါ။


၂) လက်ဝတ်ရတနာတွေကို အရောင်တောင်ပစေတယ်


အစိုဓာတ်က ရတနာတွေကို အရောင်မှိန်သွားစေပါတယ်။ လက်ဝတ်ရတနာတွေ အရောင်မှိန်နေရင် ကြည့်မကောင်းပါဘူး။ ဒါကြောင့် လက်ဝတ်ရတနာတွေထားတဲ့ ဗူးထဲမှာ စီလီကာဂျယ်ထုပ်လေးတွေကို ထားပြီး အစိုဓာတ် ထိန်းပေးနိုင်ပါတယ်။ ဒါဆိုရင်တော့ လက်ဝတ်လက်စားတွေကို မကြာခဏ အရောင်တင်စရာ မလိုတော့ဘူးပေါ့။


၃) အနံ့မကောင်းတဲ့ အိတ်ကို အနံ့ဖျောက်မယ်


မိုးစိုပြီး ရေနံ့ကျန်နေတဲ့အိတ်တွေ၊ Gym ဆော့တဲ့အခါ သုံးတဲ့အိတ်တွေက အနံ့အသက်တွေ ညှီစွတ်စွတ်၊ စိုထိုင်းထိုင်းဖြစ်တတ်ပါတယ်။ အဓိကကတော့ အစိုဓာတ်ကြောင့် အနံ့အသက်မကောင်းတာပါ။ ဒါကြောင့် အဲလိုအိတ်တွေထဲမှာ စီလီကာဂျယ်ထုပ် ၂ထုပ်လောက် ထည့်ထားလိုက်ရင် အစိုဓာတ်တွေလည်းပျောက်ပြီး အနံ့အသက်တွေလည်း မဆိုးတော့ပါဘူး။


၄) အစာခြောက်တွေကို ခြောက်သွေ့နေအောင်ထားမယ်


စီလီကာထုပ်လေးတွေထဲက အစိလေးတွေက စားလို့မရပါဘူး။ အထုပ်လိုက်ဆိုရင်တော့ အစားအစာတွေနဲ့ အတူထည့်ထားလို့ရပါတယ်။ အမြဲခြောက်နေဖို့လိုအပ်တဲ့ အာလူးကြော်ဗူး၊ နှစ်ပြန်ကြော်ဗူး၊ ကြောင်စာ၊ ခွေးစာ၊ စတဲ့အစာခြောက်တွေနဲ့အတူ စီလီကာထုပ်လေးတွေကို ထည့်ထားမယ်ဆိုရင်တော့ ပိုပြီးကြာရှည်ခံမှာပါ။ အစားအစာတွေထဲ မတော်တဆ ပေါက်ကျသွားမှာစိုးရင် စီလီကာထုပ်လေးတွေရဲ့ အစွန်းကို တိတ်နဲ့ကပ်ထားလိုက်ပါ။


၅) အရေးကြီးတဲ့စာရွက်စာတမ်းတွေကို မပျက်စီးအောင်ထားမယ်


အစိုဓာတ်က စက္ကူတွေ၊ ဓာတ်ပုံတွေကို အရောင်လွင့်ပျက်စီးသွားစေပါတယ်။ တစ်သက်လုံးအတွက် မရှိမဖြစ်လိုအပ်တဲ့ စာရွက်စာတမ်းတွေ၊ အချက်အလက်တွေကို တစ်စုတစ်စည်းထဲထားပြီး ဗူးထဲ၊ ဖိုင်ထဲ ထည့်ပါ။ ပြီးရင်တော့ စီလီကာဂျယ်ထုပ်လေးတွေပါ ထည့်ထားလိုက်ပါ။


၆) ဆေးတွေကိုကြာရှည်ခံစေမယ်


ဆေးတော်တော်များကတော့ ဗူးကို ဂွမ်းစလေးတွေနဲ့ပိတ်ထားတတ်ပြီး စီလီကာဂျယ်ထုပ်လေးတွေလည်း ထည့်ထားတတ်ပါတယ်။ ဒါပေမဲ့ အချို့ဆေးဗူးတွေကတော့ မပါပါဘူး။ ဒါကြောင့် စီလီကာဂျယ်ထုပ်လေးတွေကို သိမ်းထားပြီး မပါတဲ့ဆေးဗူးထဲမှာ ထည့်လို့ရတာပေါ့။


၇) အိမ်ကို အနံ့အသက်ကင်းစေမယ်


ဒီအချက်မှာတော့ စီလီကာဂျယ်ထုပ်ကို ဖွင့်ရပါမယ်။ အထဲကအစိလေးတွေကို ခွက်တစ်ခုခုထဲထည့်ပါ။ အနံ့မွှေးစေချင်ရင်တော့ သင်ကြိုက်တဲ့ essential oil ထည့်လို့ရပါတယ်။ ဒီနေရာမှာ သတိထားရမှာက စီလီကာ အစိလေးတွေက အသားအရေနဲ့ထိတွေ့ပါများရင် အသားအရေပျက်စီးတတ်ပါတယ်။ ဒါကြောင့် လက်နဲ့အကြာကြီး မကိုင်ထားပါနဲ့။ ဒါ့အပြင် ကလေးတွေ၊ တိရိစ္ဆာန်တွေ လက်လှမ်းမမှီမယ့်နေရာမှာ ထားပါ။


၈) ဗီဒို၊ သေတ္တာ၊ အံဆွဲတွေကို ခြောက်သွေ့စေမယ်


ဗီဒီု၊ သေတ္တာ၊ အံဆွဲတွေဟာ အစိုဓာတ်နည်းနည်းရှိရုံနဲ့ မှိုနံ့ထွက်လာတတ်ပါတယ်။ မဝတ်ဘဲ အကြာကြီး ပစ်ထားတဲ့ အဝတ်အစားတွေများလာရင်လည်း အနံ့ထွက်တတ်ပါတယ်။ အဝတ်ထည့်တဲ့ ဗီဒိုထဲမှာ (သို့မဟုတ်) အဝတ်လွှာတွေထဲမှာ စီလီကာဂျယ်ထုပ်ကိုထားလိုက်ပါ။ ဒါ့အပြင် အရေးအကြောင်းကျမှ သုံးတဲ့ လျှပ်စစ်ပစ္စည်းတွေ၊ အိုးခွက်ပန်းကန်တွေ၊ ခရီးဆောင်အိတ်တွေ ကိုလည်း တာရှည်ခံချင်ရင် စီလီကာထုပ်လေးတွေ ထည့်ထားနိုင်ပါတယ်။


အဓိကက ကလေးတွေ၊ တိရိစ္ဆာန်တွေနဲ့ ဝေးတဲ့နေရာမှာထားပါ။ အစားအသောက်တွေထဲမထည့်ခင် အိတ်လုံမလုံ သေချာစစ်ဆေးပါ။ ပြီးရင်တော့ မသိသေးတဲ့သူတွေကို ဝေမျှပေးပါ။


By Paulina