Iron Cross Band ကို လူကြီးလူငယ်မရွေး ဘာကြောင့် ကြိုက်ကြတာလဲ

နှစ်တွေ ဘယ်လောက်ပြောင်းပြောင်း ပရိသတ်များစွာရဲ့ ရင်ဘက်ထဲမှာ နေရာယူထားပြီး အောင်မြင်မှုအသီးအပွင့်တွေကို ပိုင်ဆိုင်ထားတဲ့ Iron Cross Band ဟာ ယနေ့အချိန်အထိ လူကြိုက်များ အောင်မြင်နေဆဲပါ။ Iron Cross လို့ ပြောလိုက်ရင် တကယ့်ကို မိုက်တဲ့ Rocker ကြီးတွေကို ပြေးမြင်မိသလို (၁၀)စုနှစ်မက အောင်မြင်နေတဲ့ သူတို့ သီချင်းတွေကိုလည်း အလိုလို သတိရမိစေတာကလည်း သူတို့ရဲ့ အောင်မြင်မှုလို့ ပြောလို့ရပါတယ်။


ပရိသတ် ရင်ထဲမှာ စွဲမြဲပြီး ကြိုက်နှစ်သက်နေတဲ့ Iron Cross အဖွဲ့ကို စတင်တည်ထောင်ခဲ့သူက တေးရေး/တေးဆို ဆရာ စောဘွဲ့မှူးဖြစ်ပြီး Band ထဲမှာ Vocal အဖြစ် တကယ့်အမိုက်စား Rocker အဆိုတော်ကြီး လေးဖြူ၊ အငဲ၊ မျိုးကြီးတို့နဲ့ အလွမ်းအဆွေးပိုင်ရှင် ဝိုင်ဝိုင်းတို့ ပါဝင်ပါတယ်။ ဒါ့အပြင် နိုင်ငံကျော် Iron Cross Band မှာ Lead Guitar ဆရာကြီး ချစ်စမ်းမောင်အပြင် Bass Guitar ကိုခင်မောင်သန့်၊ Keyboards ကိုဗညားနိုင်၊ Drums ကိုခရမ်းတို့လည်း ပါဝင်အားဖြည့်ထားကြပါသေးတယ်။


ကျွန်တော်တို့ (90) Born တွေ ခေတ်တုန်းကဆိုရင်လည်း Iron Cross အဖွဲ့ရဲ့ သီချင်းတွေကို ဂစ်တာလေးနဲ့ သူငယ်ချင်းတွေစုပြီး သီဆိုကြတာတွေ ရှိခဲ့သလို၊ ကောင်မလေး အိမ်ရှေ့ လူပျိုလှည့်ပြီး ဂစ်တာတီးတဲ့အခါမျိုးမှာလည်း Iron Cross ရဲ့ သီချင်းတွေကိုသာ သီဆိုဖြစ်ခဲ့ကြတာကတော့ အမှတ်တရပါ။ ဒါ့အပြင် ယနေ့ခေတ်လို လူ့အသုံးအဆောင်ပစ္စည်းတွေ မပေါများသေးတဲ့ ခေတ်မှာ ကြီးပြင်းလာတာတဲ့ လူငယ်တွေအတွက် MP 3 ၊ MP 4 တွေသာ သီချင်းနားထောင်ဖို့ အားကိုးရပြီး သာမာန်အချိန်မျိုးဆို ဂစ်တာလေး ကိုင်ပြီး သီချင်းလေး ညည်းကြရပါတယ်။ 


အဲ့လို သီချင်းညည်းတဲ့အချိန်ဆိုရင်လည်း ခံစားချက်အပြည့်နဲ့ သီဆိုလို့ရတဲ့ Iron Cross ရဲ့ စာမျက်နှာ (၁၅)၊ အလင်းရောင်၊ နူးညံ့တဲ့အမိန့်တော်တိုင်း၊ ခရီးများ အဆုံးထိလျှောက်၊ မျှော်လင့်ခြင်း ကွင်းပြင်အပြင် အခြားနာမည်ကြီးသီချင်းတွေသာ သီဆိုဖြစ်ခဲ့ကြပါတယ်။


ဘာဖြစ်လို့လဲဆိုတော့ Iron Cross ရဲ့ သီချင်းတွေဟာ ကြိုက်နှစ်သက်သူရဲ့ အကြိုက်အလိုက်ကို ချိန်ညှိလို့ရအောင် Rock အကြမ်းပုံစံမျိုးတွေရှိသလို ခပ်အေးအေး ပျော့ပျော့လေးနဲ့ ဆွေးလို့ ကောင်းတဲ့ Slow rock သီချင်းပုံစံလေးတွေလည်း ရှိလို့ပါ။ အဲ့လို သမိုင်းကြောင်းအခိုင်အမာ၊ ပရိသတ်အခိုင်အမာနဲ့ ရပ်တည်နေတဲ့ Iron Cross Band အဖွဲ့သားတွေဟာ နှစ်အတော်လေးကြာမှ ပရိသတ်နဲ့ ထိတွေ့လေ့ရှိပြီး ဒီနှစ် (၂၀၁၉)ခုနှစ် အောက်တိုဘာလမှတော့ Iron Cross Band ဟာ ပရိသတ်နဲ့ ပြန်လည်ထိတွေ့ဖို့ အခမ်းနားဆုံးနဲ့ အပြင်းစားဖျော်ဖြေဦးမှာ ဖြစ်ပါတယ်။ ဒီတော့ ... Iron Cross Band က အဆိုတော်ကြီးတွေကို ယနေ့အချိန်ထိ ကြိုက်နှစ်သက် အားပေးနေတဲ့ ပရိသတ်ကြီးတွေအနေနဲ့ ဘယ်သီချင်းတွေ ပြန်နားထောင်ချင်လဲဆိုတာ မ ျှဝေပေးခဲ့ပါဦး…။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။