“The Eternals” ရဲ့ သရုပ်ဆောင်တွေအတွက် စူပါဟီးရိုးဝတ်စုံတွေကို Marvel ပွဲထုတ်ကြေညာ

၂၀၁၉ ခုနှစ်က Avengers: Endgame ဇာတ်လမ်းပြသပြီးနောက်မှာ MCU ရဲ့ Phase 3 အဆုံးသတ်သွားခဲ့ပြီ ဖြစ်ပါတယ်။ လာမယ့်နှစ်တွေမှာ Phase 4 အတွက် ဇာတ်လမ်းသစ်တွေကို ကြည့်ရှုကြရတော့မှာပါ။ MCU Phase 4 မှာ ပါဝင်လာမယ့် ဇာတ်လမ်းတွေက နာမည်ကြီးနေတဲ့ရုပ်ရှင်တစ်ခုကတော့ The Eternal ပါပဲ။ အခု ဆိုရင် The Eternals စတင်ရိုက်ကူးရမယ့်အချိန်လည်း ကျရောက်လာပြီဖြစ်တာကြောင့် ဇာတ်လမ်းမှာပါဝင်မယ့် သရုပ်ဆောင်တွေကိုလည်း အတိအကျသိရှိရပါပြီ။




ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက 2019 D23 Expo မှာ Eternals ဇာတ်လမ်းမှာပါဝင်မယ့် စူပါဟီးရိုးဇာတ်ကောင်တွေ အတွက် ဝတ်စုံတွေကိုလည်း တရားဝင်ချပြလိုက်ပြီ ဖြစ်ပါတယ်။ ဒါ့ပြင် ဘယ်သရုပ်ဆောင်က ဘယ်ဟီးရိုးနေရာ က ပါဝင်မယ်ဆိုတာကိုလည်း ကြေညာခဲ့ပြီးပါပြီ။ The Eternals ဇာတ်လမ်းကို စတင်ရိုက်ကူးတော့မှာ ဖြစ်ပြီး လာမယ့် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာမှာ ရုံတင်ပြသွားဖို့ စီစဉ်ထားပါတယ်။




The Eternals ဟာ Marvel Comics ကို အခြေခံထားတဲ့ အမေရိကန်စူပါဟီရိုး ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ Eternals ဇာတ်လမ်းဟာ စကြဝဠာရဲ့ အစကို အခြေတည်ထားပြီး ထာဝရအသက်ရှည်တဲ့ ဂြိုလ်သားမျိုးနွယ်စု တစ်ခုဖြစ်တဲ့ Eternals တွေဟာ သူတို့ရဲ့သူတွေဖြစ်တဲ့ Deviants တွေရဲ့ ရန်ကနေ လူသားတွေကို ကာကွယ် ပေးဖို့အတွက် ကမ္ဘာမြေပေါ်ရောက်ရှိလာပုံကို ရိုက်ကူးပုံဖော်ထားတာ ဖြစ်ပါတယ်။



အမေရိကန်-တရုတ်ကပြား အမျိုးသမီးရုပ်ရှင်ဒါရိုက်တာတစ်ယောက်ဖြစ်တဲ့ Chloe Zhao စီစဉ်ရိုက်ကူးမယ့် The Eternals မှာ နာမည်ကျော် ဟောလိဝုဒ်မင်းသမီးကြီး အင်ဂျလီနာဂျိုလီနဲ့ တောင်ကိုရီးယားရုပ်ရှင်မင်းသား မာဒုံဆော့ ခေါ် Don Lee တို့ ပါဝင်မယ်ဆိုတာ အစောကြီးကတည်းက သိရှိပြီးလောက်ကြပါပြီ။ သူတို့နဲ့အတူ Crazy Rich Asians ဇာတ်လမ်းမှာ ပါဝင်ခဲ့တဲ့ တရုတ်လူမျိုး အင်္ဂလိပ်မင်းသမီးချော Gemma Chan လည်း ပါဝင်မှာ ဖြစ်ပါတယ်။




ဒါ့ပြင် Richard Madden, Kumail Nanjiani, Lauren Ridloff, Brian Tyree Henry နဲ့ တခြားသရုပ်ဆောင် များစွာ ပါဝင်ပါတယ်။ ဂျိုလီက Eternals အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Thena အဖြစ် သရုပ်ဆောင်မှာ ဖြစ်ပြီး မင်းသား ရစ်ချက်မက်ဒန်က Ikaris အဖြစ်၊ မာဒုံဆော့က Eternals အဖွဲ့ဝင် Gilgamesh နဲ့ မင်းသမီးချော ဂမ်မာချန်က Eternals အဖွဲ့ဝင် Sersi အဖြစ် အသီးသီး ပါဝင်သရုပ်ဆောင်ကြမှာပါ။




by Cherry Mon


we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။