ခြေထောက်နဲ့ကန်သွားတဲ့သူရဲ့ကားကို ပြန်ဖျက်စီးခဲ့တဲ့ခွေး

တိရိစ္ဆာန်အများစုဟာ ဉာဏ်ရည်မြင့်တဲ့ လူတွေရဲ့ အနိုင်ကျင့်နှိပ်စက်ခြင်းကို ခံကြရတယ်ဆိုရင် ငြင်းမလား။ ဉာဏ်ရည်မြင့်တဲ့လူတွေဟာ နည်းလမ်းမျိုးစုံနဲ့ တိရိစ္ဆာန်တွေကို လိုသလို အသုံးချနေပြီး တိရိစ္ဆာန်တွေဘက်က ဘာမှပြန်မခုခံနိုင်ကြတာများပါတယ်။ တိရိစ္ဆာန်တွေဆိုးရင်သာ ဆိုးတယ်ဆိုပြီး ပြောကြတာ။ သူတို့ဆိုးတာ လူတွေရဲ့ပရောဂ မကင်းဘူးဆိုတာကျတော့ မပြောကြဘူး။ တကယ်တော့ တိရိစ္ဆာန်တွေဟာ သူတို့အပေါ် ကောင်းတဲ့သူကို အန္တရာယ် မပြုကြပါဘူး။ လူတွေနဲ့အနေနီးတဲ့ အိမ်မွေးတိရိစ္ဆာန်တွေဆိုရင် လူတွေကို ခင်တွယ်ပါတယ်။ ဒါပေမဲ့ ဘယ်သက်ရှိမဆို ကိုယ့်အပေါ်မကောင်းတဲ့သူကို ရန်ပြုမှာပဲလေ။


“အိပ်နေတဲ့ ကျားကို သွားမနှိုးနဲ့” ဆိုတဲ့ စကားက အလကားမဟုတ်ပါဘူး။ သွားနှိုးပြီး ထကိုက်တော့မှ ကျားမကောင်းဘူးဆိုပြီး စွပ်စွဲလို့ မရပါဘူး။ မကြာသေးခင်ကလည်း တရုတ်နိုင်ငံ၊ Chongqing မှာ အလားတူ အဖြစ်အပျက်လေး ဖြစ်ပျက်ခဲ့ပါတယ်။ လူတစ်ယောက်ဟာ ကားရပ်ဖို့အတွက် နေရာလိုက်ရှာရင်း သဘောကျတဲ့ နေရာကို ရှာတွေ့သွားပါတယ်။ ဒါပေမဲ့ အဲဒီနေရာမှာ ခွေးတစ်ကောင်အိပ်နေခဲ့ပါတယ်။ ဒါနဲ့ သူ့ကားရပ်လို့ရအောင်ဆိုပြီး ခွေးကိုကန်ထုတ်ခဲ့ပါတယ်။ ရိုးရိုးတန်းတန်း မောင်းလိုက်လည်း ရရဲ့သားနဲ့။ ခွေးကတော့ ဘာမှပြန်ရန်မပြုခဲ့ပါဘူး။


ကားရပ်ပြီးတော့ သိပ်မကြာခင်အချိန်မှာပဲ ခွေးဟာ သူ့ရဲ့အပေါင်းအပါတွေကိုပါ ကားဆီ ခေါ်လာခဲ့ပါတယ်။ နောက်တော့ ခွေးတွေဟာ ကားကို ဖက်ကိုက်ပါတော့တယ်။ ဘီးလုံးအကာတွေ၊ ကားအင်ဂျင်ဖုံးတွေကို ကုတ်ခြစ်ကိုက်ဖဲ့ပစ်ကြပါတယ်။ ကားကတော့ တော်တော်လေး ထိသွားပါတယ်။ အဲလို ကိုက်ဖဲ့ပစ်ခဲ့တာကို ကားပိုင်ရှင်က CCTV ကနေ နောက်မှ ပြန်တွေ့ခဲ့တာပါ။ သူလည်း အံ့သြရုံကလွဲပြီး ဘာမှ မတတ်နိုင်ခဲ့ပါဘူး။


ဒီခွေးက တော်တော်ဉာဏ်ရှိပြီး သူ့သူငယ်ချင်းတွေကလည်း စည်းလုံးတယ်လို့ ဆိုရပါတယ်။ လူကိုပြန်ကိုက်ရင်တောင် အလကားနေရင်း ဆိုးသွမ်းတဲ့ လမ်းဘေးခွေးအဖြစ် သတ်မှတ်ခံနေရအုံးမယ်။ အခုလိုနည်းနဲ့ လက်တုံ့ပြန်လိုက်တော့ ဘယ်သူမှ ဘာမှမပြောနိုင်တော့ဘူး။ တိရိစ္ဆာန်တွေမှာလည်း သူ့အစွမ်းအစနဲ့သူရှိပါတယ်။ ဉာဏ်ရည်နိမ့်တယ်ဆိုပြီးတော့ လျှော့တွက်လို့မရပါဘူး။


By Paulina