ဒီအချက်တွေထဲက ၃ ချက်နဲ့ ကိုက်ညီနေရင် သင်တို့ရဲ့အချစ်ရေး သာယာနေပါပြီ

တစ်စုံတစ်ယောက်နဲ့အတူ ဘဝကိုဖြတ်သန်းဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အတူတူနေ လာကြတဲ့အခါ တချို့စုံတွဲတွေဟာ လမ်းခွဲခြင်းနဲ့အဆုံးသတ်ကြပြီး တချို့တော့ မပျော်ရွှင်တဲ့ဘဝမှာ နေထိုင်နေ ကြရပါတယ်။ အဲဒါကြောင့် ချစ်သူတွေ လက်ထပ်တော့မယ်ဆိုရင် တော်ရုံချစ်တာမျိုးလောက်နဲ့ မရပါဘူး။ ပျော်ရွှင်ကျန်းမာတဲ့ဘ၀ ရရှိစေဖို့ နက်ရှိုင်းတဲ့အချစ်မေတ္တာတွေ လိုအပ်ပါတယ်။


အဲဒါကြောင့် အချစ်ရေးမှာ ဘယ်လိုအချက်တွေက အောင်မြင်တဲ့အချစ်ရေးဖြစ်စေတယ်ဆိုတာကို ဝေမျှပေး လိုက်ပါတယ်။ အောက်မှာ ဖော်ပြထားတဲ့ အချက်တွေထဲက ၃ ချက်လောက်နဲ့ ကိုက်ညီနေပြီဆိုရင်တော့ သင်တို့ အချစ်ရေးသာယာဖြောင့်ဖြူးနေတာ သေချာပါတယ်။


၁။ အနည်းဆုံး ဝါသနာတစ်ခုတော့ တူညီတယ်



လူတိုင်းမှာ ဝါသနာနဲ့ စိတ်ဝင်စားမှုကိုယ်စီ ရှိကြပါတယ်။ စုံတွဲတွေမှာလည်း ဝါသနာတိုင်းမတူရင်တောင် အနည်းဆုံးဝါသနာတူတာ တစ်ခုလောက်တော့ ရှိဖို့လိုအပ်ပါတယ်။ အားကစားတစ်ခုကို အတူတူလုပ်တာပဲ ဖြစ်ဖြစ် ဒါမှမဟုတ် ရုပ်ရှင်အတူတူကြည့်တာပဲ ဖြစ်ဖြစ်၊ ရပါတယ်။ နှစ်ယောက်အတူတူ စိတ်ပါဝင်စားပြီး ပျော်ရွှင်စေမယ့် အရာတစ်ခုကို အတူလုပ်ရင်း အချိန်ကုန်ဆုံးသင့်ပါတယ်။ အဲဒီအရာဟာလည်း သင်တို့ရဲ့ နေ့စဉ် လုပ်နေကြအရာတွေထဲမှာ ပါဝင်နေဖို့ လိုပါတယ်။


၂။ တစ်ယောက်ရဲ့ကိုယ်ရေးကိုယ်တာကို တစ်ယောက်က လေးစားတယ်



ပျော်ရွှင်သာယာနေတဲ့ စုံတွဲအတော်များများဟာ လျှို့ဝှက်ချက်မထားဘဲ တစ်ယောက်အကြောင်းတစ်ယောက် အူမချေးခါးမကျန် သိကြသလို ဘောင်မကျော်ဖို့ကိုလည်း သိကြပါတယ်။ ဘောင်ကျော်တယ်ဆိုတာ လင်မယား ဖြစ်နေပါစေ၊ လူတိုင်းမှာ ကိုယ်ရေးကိုယ်တာဆိုတာ ရှိပါတယ်။ အဲဒါကြောင့် တစ်ယောက်ရဲ့ ကိုယ်ရေးကိုယ်တာ နဲ့ ခံစားချက်တွေကို တစ်ယောက်က အလေးထားလေးစားပြီး သူတို့အတွက် အချိန်ပေးတယ်ဆိုတာ သာယာ ပျော်ရွှင်တဲ့ စုံတွဲတွေရဲ့ လက္ခဏာတစ်ခု ဖြစ်ပါတယ်။ အချစ်ရေးမှာ မွန်းကြပ်တဲ့ခံစားချက်ရှိနေမယ် ဒါမှဟုတ် ပိတ်မိနေမယ်ဆိုရင် နှစ်ယောက်လုံးအတွက် မကောင်းပါဘူး။


၃။ အတူအတူအလည်ပတ်ထွက်ပါ၊ အတူခရီးသွားပါ



ဒီအချက်ဟာ ပေါ်ပင်မဟုတ်ပါဘူး။ စုံတွဲတွေအနေနဲ့လည်း နေ့စဉ်ကျင်လည်နေရတဲ့ ဘဝထဲကနေ ခဏထွက် ပြီး ပတ်ဝန်းကျင်သစ်တစ်ခုကို အတူအလည်ထွက်တာမျိုးဟာ သူတို့ရဲ့စိတ်ကိုတင်မက နှစ်ဦးသားဆက်ဆံရေး ကိုလည်း ပိုမိုလတ်ဆက်သစ်လွင်စေပါတယ်။


၄။ တစ်နေ့မှာ အနည်းဆုံးတစ်ကြိမ်တော့ “ချစ်တယ်” ဆိုတဲ့စကား ပြောပေးပါ



နေ့တိုင်း ချစ်တယ်လို့ ပြောရမယ်ဆိုတဲ့ အချက်ဟာ အပိုတွေလို့ ထင်နိုင်စရာရှိပါတယ်။ ဒါပေမဲ့ သင်တို့ရဲ့ သမီး ရည်းစားဆက်ဆံရေးမှာ တစ်ယောက်အပေါ်တစ်ယောက် ဘယ်လော်အလေးအနက်ထားကြောင်း အချင်းချင်း သိရှိနေဖို့ လိုသလို အမြဲလည်း သတိပေးနေဖို့ လိုပါတယ်။ အဲဒါကြောင့် အဲဒီလို တစ်နေ့တစ်ကြိမ် ချစ်တယ်လို့ ပြောပေးခြင်းက သင်တို့နှစ်ဦးကို ပိုမိုနီးစပ်မှုရစေပါတယ်။


၅။ တစ်ယောက်နဲ့တစ်ယောက် သိပ်မချုပ်ခြယ်ပါနဲ့



တစ်ယေက်နဲ့တစ်ယောက် တူညီတဲ့ဝါသနာတွေကို မျှဝေခံစားဖို့ လိုသလို တစ်ယောက်နဲ့တစ်ယောက် မချုပ်ခြယ်ဘဲ လွတ်လွတ်လပ်လပ် နေထိုင်ဖို့လည်း အရေးကြီးပါတယ်။ သင့်ရဲ့ချစ်သူ၊ သင့်လက်တွဲဖော်ဟာ သူတို့စိတ် သူတို့ကိုယ်နဲ့ ရပ်တည်နေတဲ့ လွတ်လပ်သူတစ်ယောက်ဆိုတာ သတိထားပါ။ အဲဒီအချက်က သာယာပျော်ရွှင်တဲ့ အချစ်ရေးဖြစ်ဖို့အတွက် အရေးပါပါတယ်။ ဘောင်ကျော်ပြီး တရားလွန်မချုပ်ခြယ်မိပါစေနဲ့။


၆။ ထမင်းလက်ဆုံစားပါ



တစ်ယောက်နဲ့တစ်ယောက် နေ့စဉ်လည်ပတ်ပုံ မတူရင်တောင်မှ အစားစားချိန်မှာတော့ အတူတူစားသင့်ပါ တယ်။ အနည်းဆုံးတစ်နေ့မှာ တစ်နပ်စာလောက်တော့ အတူစားနိုင်အောင် ကြိုးစားပါ။ စားသောက်နေချိန်မှာ လည်း တစ်ယောက်နဲ့တစ်ယောက် အာရုံစိုက်ပါ။ တစ်ယောက်အကြောင်းကို တစ်ယောက်က စိတ်ဝင်တစားနဲ့ အပြန်အလှန် မေးမြန်းပါ။


၇။ တစ်ယောက်ရဲ့ အိပ်မက်ကို တစ်ယောက်က ဖြည့်စွမ်းပေးပါ



သင့်ချစ်သူ၊ လက်တွဲဖော်ရဲ့ မျှော်လင့်ချက်တွေ၊ အိပ်မက်တွေကို ကူညီဖြည့်ဆည်းပေးတာဟာ သူ့ကို ချစ်ကြောင်း ဂရုစိုက်ကြောင်း ပြတာပါပဲ။ သာယာပျော်ရွှင်တဲ့ စုံတွဲတွေဟာ တစ်ယောက်ရဲ့ဆန္ဒတွေကို တစ်ယောက်က နားထောင်ပေးကြပြီး အချင်းချင်းလည်း အားပေးချီးကျူးကြပါတယ်။ အတူတူမျှေ၀ ပျော်ရွှင်ကြ ပါတယ်။ ဝမ်းနည်းမှုကိုလည်း အတူတူခံစားကြပါတယ်။


၈။ ယုံကြည်မှုတွေ ဖြည့်စွက်ပြီး သဝန်တိုတာတွေ လျှော့ပါ



ယုံကြည်မရှိတဲ့ အချစ်ရေးဟာ မြန်မြန်အဆုံးသတ်ရတတ်ပါတယ်။ ယုံကြည်မှုမထားဘဲ အမြဲသဝန်တာနေတာ ဟာ သင်ကိုယ်တိုင်ရော သင့်ချစ်သူ လက်တွဲဖော်ကိုပါ စိတ်ဒုက္ဒရောက်စေပါတယ်။ သင့်ချစ်သူက ဖြစ်ကြောင်း ကုန်စင်ကို အကျိုးသင့်အကြောင်းသင့် ရှင်းပြလာမယ်ဆိုရင် လက်ခံပြီး ခွင့်လွှတ်နားလည်ပေးလိုက်ပါ။


၉။ ဒေါသတွေနဲ့ အိပ်ရာမဝင်ပါနဲ့



သဘောကတော့ လင်မယားပဲဖြစ်ဖြစ်၊ ချစ်သူစုံတွဲတွေပဲဖြစ်ဖြစ် ပြဿနာဖြစ်လာတဲ့အခါ ဒါမှမဟုတ် စိတ်တို စကားများကြတဲ့အခါ ပြဿနာတွေကို မဖြေရှင်းဘဲ တန်းလန်းမထားသင့်ပါဘူး။ အဲဒီပြဿနာကို နောက်နေ့ မကူးစေဘဲ နှစ်ဦးသားပြေလည်အောင် ဖြေရှင်းပြီးမှ အေးချမ်းပျော်ရွှင်စွာ အိပ်စက်သင့်ပါတယ်။ အဲဒီအချက်က သင်တို့နှစ်ဦးလုံးရဲ့ အချစ်ရေးအတွက်တင်မက၊ စိတ်နဲ့ကိုယ် ကျန်းမာရေးအတွက်လည်း အရေးကြီးပါတယ်။


၁၀။ အိမ်အလုပ်တွေ ကူလုပ်ပါ



ဒီအချက်ကတော့ ချစ်သူစုံတွဲတွေထက်၊ လက်ထပ်ပြီးသား စုံတွဲတွေအတွက်ပါ။ အိမ်အလုပ်တွေကို မိန်းမနဲ့ အတူ ကူညီလုပ်ကိုင်ပေးတာက သင်တို့ရဲ့အိမ်ထောင်ရေးကို ပိုမိုသာယာပျော်ရွှင်စေပြီး ညီမျှတဲ့ အိမ်ထောင်ရေး မျိုး ရရှိစေပါတယ်။ အိမ်အလုပ်ကို တစ်ယောက်တည်းပဲ အမြဲတမ်း အကုန်လုပ်ကိုင်နေရတာတဲ့အခါ တစ်ခါ တရံ မမျှတသလို ခံစားကြရပါတယ်။ အဲဒါကြောင့် အိမ်အလုပ်တွေကို နှစ်ယောက်အတူလုပ်ရင်း ပျော်ရွှင်ပြီး ညီမျှတဲ့ အိမ်ထောင်ရေးကို ဖန်တီးပါ။


၁၁။ ပစ္စည်းသေးသေးမွှားမွားလေးတွေ ပေးပါ



လက်ဆောင်ပေးတာမျိုးက သက်သက်၊ ပစ္စည်းသေးသေးမွှားမွှား တောက်တိုမယ်ရလေးတွေ ပေးတာမျိုးက သက်သက်ပါ။ အဲဒီလို သူ့အတွက်လည်း အသုံးဝင်မယ့် တောက်တိုမယ်ရ ပစ္စည်းလေးတွေပေးခြင်းက သင်တို့ နှစ်ယောက်ကြား ပျော်ရွှင်ကြည်နူးမှု သေးသေးလေးတွေကို ဖန်တီးပေးနိုင် ပါတယ်။ ပျော်ရွှင်မှုအသေးစားလေး တွေ တဖြည်းဖြည်းစုပေါင်းလာတဲ့အခါ သာယာပျော်ရွင်တဲ့ အချစ်ရေးခရီးလမ်းပေါ် ဖြည်းဖြည်းချင်းရောက်ရှိ လာမှာပါ။


အဲဒီအချက်တွေထဲက အနည်းဆုံး ၃ ချက်လောက် ကိုက်ညီနေတယ်ဆိုရင်တော့ သင်တို့အချစ်ရေး အဆင်ပြေ နေတယ်လို့ ဆိုရမှာပါ။ တစ်ချက်မှ မကိုက်ရင်လည်း အဲဒီအချက်တွေထဲက ၃ ချက်လောက် ကိုက်ညီအောင် တော့ ချစ်သူနဲ့ ညှိယူကြည့်ပါ။


by Cherry Mon

Photo Credit: Pinterest




we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။