ကလေးငယ်တွေကို ပွေ့ဖက်ခြင်းက သူတို့ရဲ့ဦးနှောက်ကို ပိုမိုဖွံ့ဖြိုးစေနိုင်

နွေးထွေးတဲ့ ပွေ့ဖက်ခြင်းလောက် ခံစားမှုကို ကောင်းမွန်စေတဲ့အရာ မရှိပါဘူး။ စကားလုံးတွေမလိုအပ်ဘဲ နွေးနွေးထွေးထွေး ပွေ့ဖက်ရုံနဲ့တင် ခွန်အားတွေ ပြည့်ဝသွားစေတတ်ပါတယ်။ ပွေ့ဖက်ခြင်းကနေ ရရှိနိုင်တဲ့ စိတ်ပိုင်းဆိုင်ရာ အကျိုးကျေးဇူးတွေအများကြီးရှိတာကို သိရှိပြီးဖြစ်မှာပါ။ ဒါ့ပြင် လေ့လာတွေ့ရှိချက်တွေအရ နွေးထွေးတဲ့ ပွေ့ဖက်ခြင်းဟာ ကလေးငယ်တွေရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုကို အထောက်အကူဖြစ်စေပါတယ်။



၂၀၁၁ ခုနှစ်ကတည်းက Weizmann Institute က Dr. Gil Levkowitz ခေါင်းဆောင်တဲ့ သိပ္ပံပညာရှင်အဖွဲ့ တစ်ဖွဲ့ဟာ အချစ်ဟော်မုန်းလို့လူသိများတဲ့ အောက်ဆီတိုဆင်ဆိုတဲ့ ဟော်မုန်းတစ်မျိုးကို လေ့လာခဲ့ကြပါတယ်။ အဲဒီအရာဟာ ဝမ်းဗိုက်ထဲမှာ ရှိနေစဉ်ကတည်း ကလေးတွေရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုအတွက် အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်တဲ့အကြောင်း သိရှိခဲ့ကြပါတယ်။ Levkowitz ရဲ့အဆိုအရ အဲဒီဟော်မုန်းဟာ စိတ်ဖိစီးမှု၊ ကြီးထွားဖွံ့ဖြိုးမှုနဲ့ အသစ်တဖန်ပြန်လည် ဖွံ့ဖြိုးမှုတို့လို စိတ်ပိုင်းဆိုင်ရာနဲ့ ဇီဝကမ္မဖြစ်စဉ်တွေကို ထိန်းချုပ်နိုင်ပါတယ်။



အစ္စရေးနိုင်ငံက Ilan University ရဲ့ စိတ်ပိုင်းဆိုင်ရာသိပ္ပံပညာ လေ့လာချက်တစ်ခုအရ သုတေသနပညာရှင်တွေ တွေ့ရှိခဲ့ရတာကတော့ အောက်ဆီတိုဆင် level ဟာ မိခင်နဲ့ ကလေးကြားက သံယောဇဉ်ကို ပိုမိုခိုင်မာစေ ပါတယ်။ ဒါ့ပြင် အဲဒီလိုဟော်မုန်းဓာတ်မြင့်မားတဲ့ မိခင်တွေဟာ ကလေးမွေးပြီးချိန်မှာ သူတို့ရဲ့မွေးကင်းကလေး ငယ်နဲ့ အချိန်ပိုမိုကုန်ဆုံးလေ့ရှိကြပြီး သံယောဇဉ် ပိုမိုနှောင်တွယ်တတ်ကြပါတယ်။



လေ့လာတွေ့ရှိချက်များစွာအရ အဲဒီဟော်မုန်းဟာ သံယောဇဉ်နှောင်တွယ်ဖို့အတွက် အရေးကြီးတဲ့ အခန်းကဏ္ဍ ကနေ ပါဝင်နေပြီး မမွေးခင် သန္ဓေသားဘဝကတည်းက အောက်ဆီတိုဆင်ဆိုတာ ပါဝင်လာတာ ဖြစ်ပါတယ်။ အချစ်ဟော်မုန်း ဒါမှမဟုတ် သံယောဇဉ်ဟော်မုန်းလို့ ခေါ်ကြတဲ့ အောက်ဆီတိုဆင်ဟာ ရင်းနှီးနွေးထွေးတဲ့ ဆက်နွယ်မှုအားလုံးမှာ စိတ်ချမ်းမြေ့စရာကောင်းတဲ့ ခံစားမှုတွေဖြစ်လာအောင် နှိုးဆွပေးပါတယ်။



ဒါ့ပြင် အဲဒီဟော်မုန်းဟာ စိတ်ဖိစီးမှုတွေ ကင်းဝေးအောင်လည်း ထောက်ကူပေးပါတယ်။ အောက်ဆီတိုဆင် ထွက်ရှိလာအောင် နှိုးဆွပေးနိုင်တဲ့ အကောင်းဆုံးနဲ့ အလွယ်ကူဆုံးနည်းလမ်းကတော့ နွေးထွေးပြီး ကျန်းမာရေး နဲ့ ညီညွတ်တဲ့ အထိအတွေ့ပါပဲ။ ဥပမာ ပွေ့ဖက်ခြင်း ဒါမှမဟုတ် နွေးထွေးစွာ ထိတွေ့ခြင်းတို့ကိုလ ဆိုလိုတာပါ။ နွေးနွေးထွေးထွေးပွေ့ဖက်ခြင်းကနေ အောက်ဆီတိုဆင်တွေ ထွက်ရှိလာအောင် နှိုးဆွပေးနိုင်ပါတယ်။



အောက်ဆီတိုဆင်ဟာ သင့်ကလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေတာကြောင့် သင့် အနေနဲ့ ကလေးကို ကစားစရာအရုပ်တွေ ဝယ်ပေးမယ့်အစား၊ နေ့တိုင်း နွေးနွေးထွေးထွေး ပွေ့ဖက်ပေးဖို့ ပိုမို လိုအပ်ပါတယ်။ အဲဒီအပြုအမူ သင်နဲ့ သင့်ကလေးငယ်ကြားမှာ ရင်းနှီးမှုပိုရစေပြီး အချစ်တွေလည်း တိုးလာစေမှာပါ။


by Cherry Mon

Photo Credit: Pinterest


we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။