သင့်ဘဝကို ဖျက်ဆီးမယ့် ဆန့်ကျင်ဘက်အတွေး ၇ ခု

အောင်မြင်တဲ့ဘဝကို ရဖို့အတွက် ကံ၊ ဉာဏ်၊ ဝီရိယ လိုအပ်ပေမယ့် အဓိကအကျဆုံးကတော့ စိတ်နေစိတ်ထား ဖြစ်ပါတယ်။ စိတ်ထားတတ်ဖို့ လိုပါတယ်။ ကိုယ့်ရဲ့အတွေးတွေက ကိုယ့်ဘဝကို ဖျက်ဆီးနိုင်သလို အတွေးမှန် ရင်လည်း အောင်မြင်မှုလမ်းကြောင်းပေါ် အလိုလိုရောက်ရှိနိုင် ပါတယ်။ မအောင်မြင်ရင်တောင် မိမိဘဝကို မဖျက်ဆီးမိစေဖို့ မကောင်းတဲ့ဆန့်ကျင်ဘက်အတွေးတွေ မတွေးမိဖို့ လိုပါတယ်။ အဲဒါကြောင့် မိမိဘဝကို ပျက်စီးစေနိုင်တဲ့ ဆန့်ကျင်ဘက်အတွေး (၇) ခုကို ဖော်ပြပေးလိုက်ပါတယ်။



၁။ ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိခြင်း


မိမိကိုယ်ကို ယုံကြည်မှုရှိနေခြင်းဟာ တစ်ဝက်အောင်မြင်ခြင်းပါ။ ကိစ္စတစ်ခုလုပ်ဆောင်ရာမှာ မိမိကိုယ်ကို ယုံကြည်မှုနည်းပါးနေမယ်ဆိုရင် အောင်မြင်ဖို့မလွယ်ကူပါဘူး။ အဲဒါကြောင့် ကိုယ်ပိုင်နိုင်တဲ့အလုပ်ကို ရွေးချယ် ပါ။ လုပ်ပြီဆိုရင်လည်း ယုံကြည်မှုရှိရှိနဲ့ ရှေ့ဆက်တိုးပါ။


၂။ တစ်ခါကျရှုံးဖူးရုံနဲ့ အားလျှော့လိုက်ခြင်း


ဘယ်သူမဆို ကိစ္စတိုင်းမှာ အောင်မြင်နေတဲ့သူမရှိပါဘူး။ တစ်ခါကျရှုံးရင် ရုန်းထပြီး ပြန်ကြိုးစားကြတဲ့သူတွေ သာ အောင်မြင်မှုကို ရရှိကြတာပါ။ တစ်ခါကျရှုံးဖူးရုံနဲ့ နောက်တစ်ခါ ထပ်မကြိုးစားကြည့်ဘဲ အားလျှော့တတ်တဲ့ သူဟာ ဘယ်တော့မှ ကိုယ်လိုချင်တဲ့ ပန်းတိုင်ကို မရောက်နိုင်ပါဘူး။


၃။ မိမိကိုယ်ကို လူမှုဆက်ဆံရေးမကောင်းသူလို့ ယူဆထားခြင်း



လူမှုအသိုင်းအဝိုင်းမှာ နေထိုင်လှုပ်ရှားနေရသမျှကတော့ လူအမျိုးမျိုးနဲ့ ပေါင်းသင်ဆက်ဆံရမှာပါပဲ။ ပေါင်းသင်း ဆက်ဆံရေးကောင်းသူတွေဟာ အောင်မြင်မှုပန်းတိုင်ကို မြန်မြန်ရောက်နိုင်ပါတယ်။ ဒါပေမဲ့ ကိုယ့်ကိုယ်ကို လူမှု ဆက်ဆံရေးမကောင်းဘူးလို့ ယူဆနေသမျှ တကယ်လည်း ကောင်းနိုင်မှာ မဟုတ်ပါဘူး။ အဲဒါကြောင့် မိမိရဲ့ ပေါင်းသင်းဆက်ဆံရေးမကောင်းမှုကို မေ့ထားပြီး လူတွေနဲ့ ပြောဆိုဆက်ဆံကြည့်ပါ။ သင်ရဲ့ ပေါင်းသင်း ဆက်ဆံရေးအခြေအနေ အဲဒီလောက်မကောင်းဘူးဆိုတာ သိလာပါလိမ့်မယ်။


၄။ မိမိရုပ်ရည်သွင်ပြင်ကို အဆိုးမြင်ခြင်း


လူတိုင်းမှာ အလှကိုယ်စီရှိပါတယ်။ မိမိကျမှ ဝလို့၊ ပိန်လို့၊ ဖြူလို့၊ မဲလို့ဆိုပြီး တစ်ယောက်တည်း ကွက်ထင်မနေ ပါနဲ့။ သင့်ရုပ်ရည်ထက် သင့်အစွမ်းအစ၊ သင့်ကိုယ်သင်ယုံကြည်မှုနဲ့ ပေါင်းသင်းဆက်ဆံရေးက ပိုအရေးကြီးပါ တယ်။ ရုပ်ချောတိုင်း လူချစ်လူခင်များတာ မဟုတ်ပါဘူး။ လူတိုင်းနဲ့ လိုက်လျောညီထွေရှိဖို့ပဲ လိုပါတယ်။ အဲဒါ ကြောင့် သင့်ကိုယ်ကိုသင် ထင်ထားထက် သင်က ပိုကြည့်ကောင်းတယ်ဆိုတာ သတိပြုပါ။


၅။ မိမိရဲ့အားနည်းချက်ကို အရှိအတိုင်းထက် ပိုမြင်ခြင်း



လူတိုင်းမှာ အားနည်းချက်၊ အားသာချက်ဆိုတာ ရှိပါတယ်။ ကိုယ့်အားနည်းချက်ကို ကိုယ်သိထားတာကောင်းပေမဲ့ ကိုယ်တကယ်အားနည်းတာထက် ပိုပြီး ကိုယ့်ကိုယ်ကို နှိမ်ချထင်မြင်နေရင်တော့ ဘယ်တော့မှ အောင်မြင် မှု ရနိုင်မှာ မဟုတ်ပါဘူး။ အဲဒါကြောင့် အားနည်းချက်ရှိနေရင် အားနည်းချက်ကိုတွေးပြီး စိတ်ဓာတ်ကျ ကြောက်ရွံ့မနေဘဲ ပြင်နိုင်အောင် ကြိုးစားပါ။ ရာနှုန်းပြည့်မပြောင်းလဲနိုင်ရင်တောင် ပြင်နိုင်သလောက်လေး ပြင်ပါ။


၆။ ကိုယ့်ကိုယ်ကို နှိမ့်ချလွန်းခြင်း


အောက်ခြေမလွတ်ဘဲ ကိုယ့်အကြောင်းကိုယ် သိတာဟာ ကောင်းသလို တချို့နေရာတွေမှာလည်း ကိုယ့်ကိုယ် ကို နှိမ်ချသင့်တာတွေ ရှိတတ်ပါတယ်။ ဒါပေမဲ့ ကိုယ့်ကိုယ်ကို တရားလွန်နှိမ့်ချမပစ်ပါနဲ့။ သင့်ဘဝရဲ့အရှင်သခင် က သင်ကိုယ်တိုင်ပါ။ နှိမ့်ချလွန်းရင် တချို့လူတွေက ခေါင်းပေါ်တက်ပြီး ကြောသွားတတ်ပါတယ်။ အဲဒါကြောင့် ကိုယ့်ကိုယ်ကို လိုသလောက်ပဲ နှိမ့်ချပြီး ကိုယ့်ကိုယ်ကို role တစ်ခုရအောင် တင်တတ်ဖို့လည်း လိုပါတယ်။


၇။ ကိုယ့်ကိုယ်ကို အထင်ကြီးလွန်းခြင်း



ကိုယ့်ကိုယ်ကို အထင်ကြီးလွန်းတာဟာ စိတ်ရောဂါတစ်မျိုးပါ။ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတာနဲ့ အထင်ကြီးတာ၊ ဘဝင်မြင့်တာဟာ လုံးဝမတူတဲ့ အရာနှစ်ခုပါ။ ကိုယ့်ကိုယ်ကို အထင်ကြီးလွန်တဲ့အခါ မလိုလားအပ်တဲ့ ပြဿနာ တွေ ဖြစ်တတ်ပြီး တစ်ခါတရံဆိုရင် တကယ်သိတဲ့လူတွေကြားမှာ အရှက်တကွဲဖြစ်ရတတ်ပါတယ်။ ကိုယ့်ကို အထင်ကြီးအောင် အတင်းလုပ်ယူတာဟာလည်း တစ်ခါတလေမှာ သူများအထင်သေးစရာ ဖြစ်တတ် ပါတယ်။ အဲဒါကြောင့် ကိုယ့်ကိုယ်ကို အရှိတိုင်းမြင်ပြီး ကိုယ်နဲ့တကယ်တန်တဲ့ role ကိုပဲ တင်နိုင်အောင် ကြိုးစားပါ။


by Cherry Mon
Photo Credit: Pinterest


we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။