လူကြားထဲ ခေါင်းကုတ်ပြီး အရှက်ရစေမယ့် ဗောက်တွေကို အပြတ်ရှင်းနည်း

ဗောက်ပြသာနာဟာ အသက်အရွယ်မရွေး၊ ကျား/မ မရွေး ကြုံတွေ့နေရတဲ့ ပြသာနာဖြစ်ပြီး ကိုယ်တိုင်ကြုံတွေ့တဲ့အခါ မကြာခဏဦးရေပြား ယားပြီး အရှက်ရစေတာမို့ ဗေက်ပြသာနာက တကယ်ဆိုးပါတယ်။ အဆိုးဆုံးကတော့ အပြင်သွားလို့ လူကြားထဲ (သို့) ကားပေါ်ရောက်မှ ချွေးတွေ ထွက်လာပြီး ခေါင်းကို ခဏခဏ ကုတ်နေရတာကလည်း အရမ်း ရှက်စရာကောင်းပါတယ်။ ဗောက်ယားလို့ ကုတ်ရင်လဲ ရှက်ဖို့ကောင်းတယ် မကုတ်ရင်လဲ ခံရတဲ့သူမှာ နေမထိမထိုင်သာနဲ့ အတော်လေး ခံရခက်ပါတယ်။


ဗောက်တွေကြောင့် ဦးရေပြားက ယားယံခြင်းအပြင် ကိုယ့်ကိုကိုယ်လဲ ယုံကြည်မှုမရှိခြင်းတွေ ဖြစ်လာနိုင်ပါတယ်။ ဗောက်ဖြစ်ရတဲ့ အကြောင်းအရင်းတွေကတော့ ဦးရေပြားခြောက်သွေ့ မှိုစွဲခြင်း၊ အဆီထွက်ခြင်းနဲ့ ဘတ်တီးရီးယားတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ခေါင်းလျှော်ရည်တွေကြောင့်လည်း ဗောက်တွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။ တချို့ ခေါင်းလျှော်ရည်တွေက ဗောက်ပျောက်တယ် ဆိုပေမယ့်လည်း ဒါက လုံးဝအမြစ်ပြတ် ပျောက်ကင်းသွားတာ မဟုတ်ပါဘူး။ ဒါဆို ဗောက်ပြဿနာကို ဘယ်လိုဖြေရှင်းမလဲ။


(၁) ရှားစောင်းလက်ပတ်


ရှားစောင်းလက်ပတ်ဆိုရင် လူတော်တော်များများသိကြပါတယ်။ လူ့ခန္ဓာကိုယ်ရဲ့ ကိုယ်အတွင်း ကိုယ်အပြင် (၂)ခုလုံးကို များစွာ ကောင်းကျိုးပေးပြီး နတ်သကြားပေးတဲ့ ဆေးပင်လို့တောင် အိန္ဒိယနိုင်ငံက ရှေးလူကြီးတွေက တင်စားခေါ်ဝေါ်ကြပါတယ်။ ရှားစောင်းလက်ပတ်က အရေးပြားပေါ်ရှိ ဆဲလ်များ တည်ဆောက်မှုကို အများကြီးကောင်းကျိုးပြုပါတယ်။ ခေါင်းမလျှော်ခင် (၁၅)မိနစ်လောက် ရှားစောင်းအနှစ်များနဲ့ ဦးရေပြားအနှံ့ပွတ်လိမ်းပေးပြီး ပုံမှန်လျှော်နေကျ ခေါင်းလျှော်ရည်ဖြင့် လျှော်ချပေးရုံပါဘဲ။ နောက်တစ်နည်းက ရှားစောင်းလက်ပတ်ကို စက်နဲ့ အရည်ပျော်အောင် ဖျော်ပြီး ဦးရေပြားကိုလိမ်းပေးရမှာ ဖြစ်ပါတယ်။ လိမ်းပြီး (၁၀)မိနစ်လောက်ကြာရင်တော့ ကိုယ်သုံးနေကျ ခေါင်းလျှော်ရည်နဲ့ လျှော်ချပေးရုံပါဘဲ။

(၂) ရှာလကာရည်


ရှာလကာရည်က ဦးရေပြားပေါ်ရှိ ဆဲလ်အသေတွေကို ဖယ်ရှားပေးပြီး ယားယံခြင်းကို သက်သာစေပါတယ်။ ဒီတော့ အရင်ဆုံး ဦးရေပြားပေါ်က ဗောက်ဖတ်တွေကို စင်အောင်ဘီးနဲ့ ဖြီးချပါ။ ပြီးရင် ရှာလကာရည်နဲ့ ရေသန့်ကို ဆတူရောပြီး ဦးရေပြားအနှံ့ နှိပ်နယ် လိမ်းပေးပါ။ မိနစ်(၂၀)ကြာရင် ရေဖြင့် ပြန်ဆေးလိုက်ပြီး ပုံမှန်သုံးနေကျ ခေါင်းလျှော်ရည်ဖြင့် လျှော်ချပေးရုံပါဘဲ။

(၃) ကြက်ဥ


ကြက်ဥဟာလည်း လူတွေအတွက် စားသောက်ကုန်အဖြစ် အသုံးဝင်သလို ကျန်းမာရေးရှု့ထောင့်အနေနဲ့ ကြည့်မယ်ဆိုရင်လည်း များစွာ အကျိုးပြုပါတယ်။ ဒါကြောင့် ဦးခေါင်းအရေပြားများ ဗီတာမင်ဓာတ် နည်းပါးနေတာကို တိုက်ရိုက်ဖြည့်တင်းတဲ့နည်းကတော့ ကြက်ဥက အကောင်းဆုံးပါဘဲ။ ပြည်ပနိုင်ငံတချို့မှာတော့ ကြက်ဥရဲ့ အကာရည်နဲ့သာ ဦးရေပြားကို သီးသန့် ကုသကြပါတယ်။ ဒါပေမယ့် အနှစ်ပဲဖြစ်ဖြစ် အကာပဲဖြစ်ဖြစ် ဦးခေါင်းအရေအပြားအတွက် (၂)ခုလုံး အကျိုးရှိပါတယ်။ 

(၄) အိမ်သုံးဆား


ဒီတစ်နည်းကလည်း အရမ်းလွယ်သလို ကိုယ့်အိမ်ရဲ့ မီးဖိုချောင် လွယ်လွယ်ကူကူရရှိနိုင်တဲ့ ပစ္စည်းဆိုတော့ သိပ်မရှာရဘူးပေါ့။ အိမ်သုံးဆားတွေဟာ အရေပြားပေါ်ရှိ ပိုလျှံသောအဆီများနဲ့ ဗောက်ကဲ့သို့ သေနေတဲ့ အရေပြားအဖတ်လွှာတွေကို သဘာဝနည်းကျကျ သန့်စင်ပေးနိုင်စွမ်းရှိပါတယ်။ ဒါကြောင့် စားပွဲတင်ဇွန်း (၃)ဇွန်းစာ ပမာဏရှိတဲ့ ဆားကို ရေအနည်းစွတ်ပြီး ဦးရေပြားအနှံ့ ဖြည်းဖြည်း ပွတ်တိုက်ပေးပါ။ နောက် (၁၀)မိနစ်အကြာရင် ရေသန့်ဖြင့်လောင်းချပြီး ပုံမှန်လျှော်နေကျ ခေါင်းလျှော်ရည်နဲ့ ပြန်လျှော်ပေးပါ။

(၅) သံပုယိုရည်


သံပုယိုသီးရော သံပရာသီးမှာပါ အက်စစ်ဓာတ်အပျော့ပါဝင်တာမို့ အရည်များများထွက်တဲ့ သံပုယိုသီးကို ပိုသုံးစေချင်ပါတယ်။ ဒီတော့ သံပုယိုသီးရည်ကို လက်ဖက်ရည်ဇွန်း (၂)ဇွန်းထည့်ပြီး ရေအနည်းငယ်ရောကာ ပွတ်လိမ်းပေးပါ။ အဲ့နောက် ဦးခေါင်းပေါ်မှာ (၅)မိနစ်ခန့်ကြာအောင် ထားပြီး ခေါင်းလျှော်လိုက်ပါ။ နောက်မှ သုံးနေကျ ခေါင်းလျှော်ရည်နဲ့ ပြန်သန့်စင်လိုက်ပါ။ ဒီနည်းလမ်းကလည်း ဗောက်တွေကို သက်သာပျောက်ကင်းစေပါတယ်။


အပေါ်ကပြောခဲ့တဲ့ နည်းလမ်းတွေဟာ ဗောက်တွေ ထပြီး အမြဲစိတ်ညစ်နေရတဲ့ ပရိသတ်ကြီးအတွက် နည်းလမ်းကောင်းလေးတွေပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဗောက်တွေ ယားယံခြင်းကြောင့် လူကြားထဲ အရှက်မကွဲရအောင် ကိုယ်တိုင်လက်တွေ့ကျကျ စမ်းသပ်ပြီး ဗောက်ပြသာနကို ဖြေရှင်းလိုက်ပါ။

By Mozex


we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။