မနက်စာကို ရှင်ဘုရင်လို စားပါ

မနက်စာကို ရှင်ဘုရင်လိုစားပါ၊ နေ့လည်စာကို သူဌေးလိုစားပါ၊ ညစာကိုတော့ သူဖုန်းစားလို စားပါဆိုတဲ့အတိုင်း တကယ့်တကယ်ကျန်းမာရေးနဲ့ ညီညွတ်အောင် မနက်စာကို အများဆုံးစားသင့်ပါတယ်။ ဒီနိုင်ငံမှာတော့ ပြောင်းပြန်ဖြစ်နေကြတာများပါတယ်။ မနက်စာကို အဆာပြေသဘောမျိုးစားတတ်ကြပြီး၊ နေ့လည်စာနဲ့ ညစာကို အလွန်အကြူးစားလေ့ရှိကြပါတယ်။ဒါဟာတကယ်တော့ ကျန်းမာရေးနဲ့ လုံးဝမညီညွတ်ပါဘူး၊ အခုပြောပြမဲ့အကြောင်းအရာကတော့ မနက်စာကို အလုပ်ရှုပ်လို့ပဲဖြစ်ဖြစ် တမင်ပဲဖြစ်ဖြစ် လုံးဝမစားတဲ့သူတွေ ကြုံလာရမဲ့ ဆိုးကျိုးတွေပဲဖြစ်ပါတယ်။


သုတေသနပြုချက်တွေအရ မနက်စာမစားတဲ့ အမျိုးသားတွေက မနက်စာ စားတဲ့သူတွေထက် နှလုံးရောဂါဖြစ်နိုင်ခြေအများကြီးပိုပါတယ်။ ဒါ့အပြင် မနက်စာ မစားတဲ့သူတွေက နာတာရှည် နှလုံးသွေးကြောရောဂါတွေဖြစ်တဲ့ သွေးတိုး၊ လေဖြတ်ခြင်း စတာတွေ ဖြစ်နိုင်ခြေ ပိုများပါတယ်။


မနက်စာ စားကျင့်မရှိတဲ့ အမျိုးသမီးတွေက နေ့စဉ် မနက်စာ စားတဲ့သူတွေနဲ့ယှဉ်ရင် ဆီးချိုရောဂါ ဖြစ်နိုင်ခြေ ပိုများပါတယ်။ ပိုဆိုးတာက မနက်စာ မစားဘဲ အလုပ်လုပ်နေတဲ့ အမျိုးသမီးတွေမှာ ဆီးချိုရောဂါ ဖြစ်နိုင်ခြေဟာ ထက်ဝက်လောက်ကို ပိုများပါတယ်။

မနက်စာ မစားတာရဲ့ နောက်ထပ်ဆိုးကျိုးတစ်မျိုးကတော့ ကိုယ်မှန်းထားသလောက် ကိုယ်အလေးချိန်မကျဘဲ ပိုတက်လာစေပါတယ်။

စိတ်ခံစားမှုနဲ့ အားအင်တွေအပေါ် မကောင်းတဲ့ အကျိုးသက်ရောက်စေပါတယ်။

မနက်စာ မစားတာက အားအင်ကို လျော့ကျစေပြီး မှတ်နိုင်စွမ်းအားကိုလည်း နည်းစေပါတယ်။


ကြောက်စရာအကောင်းဆုံးကတော့ မနက်စာမစားသူတွေဟာ ကင်ဆာဖြစ်နိုင်ခြေ များပါတယ်။

မနက်စာ မစားတဲ့အတွက် နေ့ဘက်တွေမှာ အစာပိုစားမိလာကာ အဝလွန်လာပါတယ်။ အဝလွန်တဲ့သူတွေက ကင်ဆာဖြစ်နိုင်ခြေများပါတယ်။

သင်ဆံပင်တွေတအားကျွတ်နေပြီဆိုရင်လည်း မနက်စာမစားတာကြောင့် ဖြစ်နိုင်ပါတယ်။

မနက်စာဆိုတာ နေ့တစ်နေ့အတွက် မရှိမဖြစ် အရေးကြီးပြီး ဆံပင်မွေးညင်းပေါက်တွေ ကြီးထွားဖို့အတွက် အားပေးပါတယ်။ ဒါကြောင့် ဆံပင်မကျွတ်ဘဲ တောက်ပြောင်တဲ့ဆံသားတွေကို ပိုင်ဆိုင်ချင်တယ်ဆိုရင် အသားဓာတ်ကြွယ်ဝတဲ့ မနက်စာကို နေ့စဉ် စားသုံးပါ။


ကားတွေက လောင်စာဆီမရှိရင် အလုပ်မလုပ်သလိုဘဲ လူတွေမှာလည်း ဇီဝကမ္မဖြစ်စဉ် လည်ပတ်ဖို့အတွက် မနက်စာစားဖို့ လိုပါတယ်။ အိပ်ယာနိုးချိန်မှာ မနက်စာကို မစားဘဲနေလိုက်တာမျိုးဟာ လောင်စာမရှိဘဲ အင်ဂျင်မောင်းလိုက်သလိုပဲ တကယ်ကို ခန္ဓာကိုယ်ရဲ့ဇီဝကမ္မဖြစ်စဉ်တွေကို ထိခိုက်စေနိုင်တယ်ဆိုတာလေး သတိထားစေချင်လွန်းလို့ ဖော်ပြလိုက်ရပါတယ်. . .။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။