အတိတ်က Relationship အပေါ် မကောင်းခဲ့ကြောင်း ဝန်ခံပြီး ရင်ဖွင့်လိုက်တဲ့ ဂျက်စတင်ဘီဘာ

ဂျက်စတင်ဟာ သူ့ရဲ့အသက်ငယ်ငယ်နဲ့ကျော်ကြားခဲ့တဲ့ ဘဝရဲ့အခက်အခဲတွေ၊ သူ့ Relationship အပေါ် ဆိုးခဲ့တာတွေ၊ အခုသူ့ရဲ့အိမ်ထောင်သည်ဘဝအကြောင်းကို IG မှာ ရင်ဖွင့် ရေးသားခဲ့ပါတယ်။ စာတွေအရှည်ကြီး ရေးထားတယ်ဆိုပေမယ့် သေချာဖတ်ကြည့်မယ်ဆိုရင်တော့ လူငယ်တွေအတွက် တကယ်ကို ခွန်အားရစရာပါပဲ။ ဒီစာကိုဖတ်ပြီးတော့ ဂျက်စတင်ကို အမြင်မကြည်တဲ့သူတွေတောင် အမြင်ကြည်သွားနိုင်ပါတယ်။ 


“သင့်ရဲ့အတိတ်ဘဝ၊ အလုပ်အကိုင်၊ တာဝန်ဝတ္တရားတွေ၊ စိတ်ခံစားချက်တွေ၊ သင့်မိသားစု၊ ငွေရေးကြေးရေး၊ အချစ်ရေး၊ စတာတွေက လွှမ်းမိုးနေတဲ့အခါ မနက်ခင်းမှာ တက်တက်ကြွကြွနဲ့ နိုးထဖို့ခက်ခဲပါတယ်။ ပြဿနာတွေကလည်း တစ်ခုပြီးတစ်ခု၊ အရှုပ်ထုပ်တစ်ခု ဖြေရှင်းလို့မှ မပြီးသေးဘူး နောက်ထပ်ဆိုးရွားတဲ့နေ့က ထပ်ရောက်လာပြီး သံသရာလည်နေရော။ တစ်ခါတလေမှာ အသက်တောင် ဆက်မရှင်ချင်လောက်အောင် ဖြစ်လိမ့်မယ်။ ဒီပြဿနာတွေက ဘယ်တော့မှ မပြီးဆုံးနိုင်တော့ဘူးလို့ သင်ထင်လာလိမ့်မယ်။ ဒါတွေကို ကျွန်တော်စာနာ နားလည်လို့ရပါတယ်။ ကျွန်တော့်ဘဝမှာတော့ ကျွန်တော့်ကို အရှုံးမပေးဖို့ ခွန်အားပေးတဲ့သူတွေရှိနေတော့ ကျွန်တော် ကံကောင်းခဲ့ပါတယ်။” လို့ ဂျက်စတင်က အစပျိုးပြီး ရေးသားထားပါတယ်။


အဲဒီနောက်တော့ ကမ္ဘာကျော် ကလေးအဆိုတော်တစ်ယောက်အနေနဲ့ ကြုံခဲ့ရတဲ့ခံစားချက်တွေကို ဆက်ပြီး ရေးသားထားပါတယ်။ “ကျွန်တော့်မှာ သန်းချီတဲ့ ပိုက်ဆံတွေ၊ ဇိမ်ခံကားတွေ၊ ချီးကျူးသြဘာတွေ၊ အောင်မြင်မှုဆုတံဆိပ်တွေ ရှိခဲ့ပေမယ့် ပြည့်စုံတယ်လို့ မခံစားခဲ့ရပါဘူး။ ဦးနှောက်အသိဉာဏ်ရော၊ စိတ်ခံစားချက်ပါ မရင့်ကျက် မဖွံ့ဖြိုးသေးတဲ့ ကလေးတစ်ယောက်အပေါ် ရောက်လာတဲ့ ဖိအားနဲ့ တာဝန်တွေဟာ ရူးလောက်ပါတယ်။ ဆင်ခြင်တုံတရားမရှိသေးတဲ့အရွယ်၊ အာခံတဲ့အရွယ်၊ ပုန်ကန်ထကြွတဲ့အရွယ်တွေကို ကျွန်တော်တို့အားလုံး ဖြတ်ကျော်ခဲ့ကြရတာပဲ။ အဲဒီ့အရွယ်မှာ အောင်မြင်မှုဆိုတဲ့ ကြီးလေးတဲ့ တာဝန်တွေ ထပ်ပြီး ပုံကျလာတဲ့အခါ အခက်အခဲတွေက ပြောမပြတတ်လောက်အောင်ပါပဲ။”

Image result for justin bieber 13

အားလုံးသိကြတဲ့အတိုင်း ဂျက်စတင်ရဲ့မိဘတွေဟာ အသက် ၁၈ လောက်နဲ့ ဂျက်စတင်ကို မွေးဖွားခဲ့တာပါ။ အသက် ၁၈ ဆိုတော့ ဆယ်ကျော်သက် ပုန်ကန်ထကြွတဲ့အရွယ်၊ ပိုက်ဆံကလည်း မရှိ၊ အိမ်အတည်တကျလည်းမရှိနဲ့နေခဲ့ရတာပါ။ ဒါပေမဲ့ ဂျက်စတင်ဟာ ငယ်စဉ်ကတည်းက ဂီတပါရမီပါတာကြောင့် ကြိုးစားရင်းနဲ့ပဲ သူအသက် ၁၃ နှစ်မှာ လူစသိခဲ့ပါတယ်။ လူသိများပြီး ၂ နှစ်အတွင်းမှာ ဂျက်စတင်ဟာ မယုံနိုင်စရာ ကောင်းလောက်အောင် အောင်မြင်လာခဲ့ပါတယ်။

Related image

“ကျွန်တော့ဘဝက ခေါင်းနဲ့ပန်းလှန်လိုက်သလိုပါပဲ။ တစ်ခါက မြို့သေးသေးလေးက ကောင်လေးတစ်ယောက်ဟာ နောက်တော့ တစ်ကမ္ဘာလုံးက ချစ်ခင်အားပေးတဲ့ အဆိုတော် တစ်ယောက် ဖြစ်လာခဲ့ပါတယ်။ အောင်မြင်လာတဲ့အခါ အရာရာတိုင်းကို အစအဆုံးလိုက်လုပ်ပေးမယ့်သူတွေ ရှိနေတော့ တာဝန်ဝတ္တရားရဲ့ အခြေခံအုတ်မြစ်ကို ကျွန်တော် မသင်ယူခဲ့ရပါဘူး။ ဒါကြောင့် ကျွန်တော်ဟာ အသက် ၁၈နှစ်နဲ့ ချမ်းသာကြွယ်ဝပြီး လိုတိုင်းတ ရနေပေမယ့် ဘာအရည်အချင်းမှတော့ ရှိမနေခဲ့ပါဘူး။ အသက် ၂၀ ရောက်တဲ့အခါ ကျွန်တော်ဟာ ဆိုးရွားတဲ့ ဆုံးဖြတ်ချက်များစွာကို ချခဲ့ပါတယ်။ အဲဒီမှာ တစ်ကမ္ဘာလုံးက ချစ်ခင်အားကျခဲ့ရတဲ့ လူတစ်ယောက်အဖြစ်ကနေ တစ်ကမ္ဘာလုံးက အပြစ်တင်ရှုံ့ချ မုန်းတီးတဲ့သူတစ်ယောက် ဖြစ်သွားခဲ့ပါတယ်။”

Image result for justin bieber on stage

ဒါ့အပြင် ကမ္ဘာလှည့် ဖျော်ဖြေရတာလည်း ပင်ပန်းခက်ခဲကြောင်း ရေးထားပါတယ်။ ကမ္ဘာလှည့်စတိတ်ရှိုး ဖျော်ဖြေသူအများစုဟာ ဆေးသုံးပြီး ပျက်စီးခဲ့ကြတာ များပါတယ်။ ပရိသတ် ထောင်သောင်းမကကို နာရီများစွာ၊ မိုင်ထောင်ပေါင်းများစွာ ခရီးနှင်ပြီး ဖျော်ဖြေရတယ်ဆိုတာ လွယ်တဲ့အလုပ်တော့ မဟုတ်ပါဘူး။ ဒါကြောင့်လည်း အနုပညာရှင်တော်တော်များများဟာ မူးယစ်ဆေးသုံးစွဲသူတွေ ဖြစ်လာကြတာပါ။ ဂျက်စတင်လို အသက်ငယ်တဲ့ ကမ္ဘာကျော်တစ်ယောက်အတွက် ဒီဖိအားတွေက မရှိဘဲ မနေပါဘူး။ သူလည်း မူးသစ်ဆေးသုံးစွဲပြီး ဆိုးရွားတဲ့ နေ့ရက်တွေ ရှိခဲ့ပါတယ်။

Image result for girls justin bieber dated

“ကျွန်တော် အသက် ၁၉ နှစ်မှာ တော်တော်လေးဆေးသုံးခဲ့တယ်။ ကျွန်တော့်ရဲ့အချစ်ရေးတွေကိုလည်း ထိခိုက်စေခဲ့တယ်။ ကျွန်တော်ဟာ မိန်းကလေးတွေကို သိက္ခာကျစေခဲ့တယ်၊ မလေးစားခဲ့ဘူး၊ စိတ်တိုဒေါသထွက်ခဲ့တယ်။ ကျွန်တော့်ကို ချစ်တဲ့သူတွေနဲ့ တဖြည်းဖြည်း ဝေးလာတယ်။ ဘယ်လိုမှ အဖက်ဆယ်မရတော့ဘူးလို့ ခံစားခဲ့ရတယ်။ ကျိုးပဲ့နေတဲ့ အချစ်ရေးတွေ၊ အချစ်ရေးအပေါ်ပြုမူပုံတွေ၊ ဆိုးရွားတဲ့ ဆုံးဖြတ်ချက်တွေဆီက ရုန်းထွက်ဖို့ နှစ်တွေတော်တော်ကြာခဲ့ပါတယ်။”

Image result for justin bieber crying

“ကံကောင်းစွာပဲ ဘုရားရဲ့ကျေးဇူးကြောင့် ကျွန်တော့်ကို ကျွန်တော်ဆိုတဲ့သူအနေနဲ့ပဲ ချစ်ခင်ပေးတဲ့သူတွေနဲ့ တွေ့ဆုံစေခဲ့တယ်။ အခုတော့ ကျွန်တော့်ရဲ့ အိမ်ထောင်သည်ဘဝမှာ အဆင်ပြေနေပါပြီ။ ဒါဟာ အရမ်းကို ကောင်းမွန်တဲ့ တာဝန်ဝတ္တရားတစ်ခုပါပဲ။ ဒီကနေ သည်းခံမှု၊ ယုံကြည်မှု၊ ကတိကဝတ်၊ ကြင်နာမှု၊ လူသားဆန်မှုနဲ့ ယောက်ျားကောင်းတစ်ယောက်ဖြစ်လာဖို့ သိသင့်တဲ့အရာတွေ အားလုံးကို သင်ယူခဲ့ရတယ်။” လို့ သူရဲ့လက်ရှိ အိမ်ထောင်သည်ဘဝကိုလည်း စိတ်ချမ်းမြေ့ဖွယ် ရေးသားထားပါတယ်။ နောက်ဆုံးမှာတော့ လူသားအချင်းချင်း ချစ်ခင်ကြင်နာဖို့ ရေးသားထားခဲ့ပါတယ်။ 

Image result for justin and hailey

ဂျက်စတင် စိတ်လေနေခဲ့တဲ့တစ်လျှောက်လုံး ဟေလီဟာ ဂျက်စတင်ရဲ့အနားမှာ အမြဲရှိနေပေးခဲ့တာပါ။ ဂျက်စတင်ကို အရမ်းနားလည်ပေးပြီး ဂျက်စတင်အတွက်ဆို အမြဲတမ်း ၁၀၀% အဆင်သင့်ဖြစ်နေခဲ့သူပါ။ ဒါကြောင့်လည်း ဂျက်စတင်ဟာ ဇနီးသည် ဟေလီကို တော်တော်လေးချစ်ခင်တွယ်တာပြီး ဟေလီကို ရခဲ့တဲ့အတွက် အရမ်းကံကောင်းတယ်လို့ ပြောလေ့ရှိပါတယ်။ နောက်လထဲမှာလည်း ဘီဘာမောင်နှံဟာ သူငယ်ချင်းနဲ့ မိသားစုတွေရှေ့မှာ ဘာသာရေး ဓလေ့ထုံးစံနဲ့ လက်ထပ်ကြဖို့ စီစဉ်ထားကြပါတယ်။ 


Source from Justin Bieber Instagram

By Paulina


we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။