ကော်ဖီရဲ့ သမိုင်းကြောင်းနဲ့ ကော်ဖီသောက်ခြင်းမှ ရရှိတဲ့ ကောင်းကျိုး

ကမ္ဘာပေါ်ရှိ လူဦးရေ (၈၅)ရာခိုင်နှုန်းဟာ ကော်ဖီသောက်သုံးခြင်းကို ကြိုက်နှစ်သက်ကြပြီး တချို့ဆို ကော်ဖီကို စွဲစွဲမြဲမြဲသောက်သုံး တတ်ကြပါတယ်။ အနောက်နိုင်ငံများမှာဆိုရင် လွန်ခဲ့တဲ့ (၁၇)ရာစုတည်းက ကော်ဖီသောက်ခြင်းကို စတင်လာခဲ့ကြပြီး ယနေ့အချိန်ထိ ကော်ဖီရဲ့ သမိုင်းကြောင်းဟာ အခိုင်အမာရှိနေပါတယ်။ နောက်ပိုင်းမှာတော့ ကော်ဖီသောက်သုံးခြင်းမှ ရရှိတဲ့ ခါးသက်သက် အရသာလေးကို ပိုမိုအရသာရှိစေဖို့ သကြား၊ နို့၊ Caramel တို့နဲ့ ကိုယ်ကြိုက်တဲ့ ပုံစံရောစပ်ပြီး သောက်သုံးလာကြပါတယ်။


ကော်ဖီသမိုင်းနဲ့ ပတ်သက်ပြီး ဘယ်အချိန် ဘယ်ဒေသက စတင်ခဲ့တယ်ဆိုတာ တိတိကျကျမသိရပေမယ့် ကော်ဖီရဲ့ သမိုင်းဇာတ်လမ်းတွေကတော့ အများကြီးပါပဲ။ လူပြောအများဆုံးနဲ့ လူတွေ လက်ခံထားတဲ့ သမိုင်းတစ်ခုကိုလည်း ပရိသတ်ကြီး သိအောင် ပြောပြပါတယ်။ 


လွန်ခဲ့တဲ့ (၃)ရာစုနှစ်တွေတုန်းက အာရေဗျနိုင်ငံမှာ ခရစ်ယာန် ဘုန်းတော်ကြီးတွေကို မှူးမတ်များက တွေ့တဲ့နေရာ နှိပ်စက်ရိုက်နှက်ကြပြီး ဖမ်းဆီးလေ့ရှိခဲ့ပါတယ်။ အဲ့လို ရိုက်နှက်ဖမ်းဆီးတဲ့အတွက် ဘုန်းတော်ကြီးတွေဟာ တောတောင်ထူထပ်တဲ့ နေရာဒေသတွေကို ထွက်ပြေးခဲ့ကြပြီး သူတို့အတူ သိုးတွေ၊ ဆိတ်တွေကိုလည်း ရိက္ခာအဖြစ် ခေါ်ဆောင်သွားကြပါတယ်။ အဲ့လိုနဲ့ လမ်းမှာ ညဘက်နားတော့ ဘုန်းတော်ကြီးတွေနဲ့ပါလာတဲ့ သိုးတွေ၊ ဆိတ်တွေဟာ လုံးဝမအိပ်စက်ဘဲ ခုန်ပေါက်မြူးတူးပျော်ပါးနေတာကို အံ့သြထိတ်လန့်စွာ တွေ့လိုက်ရပါတယ်။ တချို့ သိုးတွေ၊ ဆိတ်တွေကလည်း အနီးအနားအပင်တစ်မျိုးမှ အရွက်တွေနဲ့ အောက်မှာကျနေတဲ့ အစေ့တွေကို စားသောက်နေတာကို တွေ့လိုက်ကြပါတယ်။ အဲ့တော့ ဘုန်းတော်ကြီးတွေလည်း သိုး၊ ဆိတ်တွေ ဘာအပင်ကိုစားလို့ အခုလိုဖြစ်နေတာလဲဆိုတာ လိုက်လံ စစ်ဆေးတဲ့အခါ အပင်တစ်မျိုးရဲ့ အရွက်တွေ အသီးတွေကြောင့် ဖြစ်တယ်ဆိုတာ သိလိုက်ရပါတယ်။ အဲ့နောက်မှာ ဘုန်းတော်ကြီးတွေလည်း သူတို့ကိုယ်တိုင် ကော်ဖီအပင်ရဲ့ အရွက်တွေနဲ့ အသီးတွေကို ရေနဲ့ပြုတ်ပြီး စားကြည့်သောက်ကြည့်တဲ့အခါ သူတို့လည်း စိတ်ရွှင်မြူးတူးပြီး တစ်ညလုံး အိပ်မရဖြစ်ခဲ့ပါတယ်။ အဲ့လိုနဲ့ တဖြည်းဖြည်း ကော်ဖီအပင်ဟာ နာမည်ကြီးလာတယ်လို့ ဆိုကြပါတယ်။


ဟုတ်ပြီ .. ရာစုနှစ်မက နာမည်ကြီးလာတဲ့ ကော်ဖီရဲ့ သမိုင်းကိုတော့ ပရိသတ်ကြီး သိပြီဆိုတော့ နောက်ထပ် ကော်ဖီသောက်သုံးခြင်းရဲ့ ကောင်းကျိုးတွေကို ဆက်ပြောပြပါတယ်။ 

၁။ စိတ်ကြည်လင် လန်းဆန်းခြင်း

ကော်ဖီသောက်ခြင်းကြောင့် အာရုံစူးစိုက်မှုကို ပိုကောင်းစေပြီး စိတ်ကြည်လင် ပေါ့ပါးစေပါတယ်။ နောက်ပြီး မနက်တိုင်း ကော်ဖီသောက်သုံးခြင်းကြောင့်လည်း စိတ်ပိုင်းဆိုင်ရာ တက်ကြွလန်းဆန်းစေပြီး အတွေးအသစ်တွေကို ရရှိစေနိုင်ပါတယ်။ ဒါ့အပြင် ညပိုင်း အိပ်ယာဝင်တာ နောက်ကျလို့ မနက်ခင်း စိတ်မရွှင်လန်းတာကိုလည်း ကော်ဖီသောက်ခြင်းက စိတ်ကို လန်းဆန်းစေဖို့ ကူညီပေးနိုင်ပါတယ်။


၂။ ဝိတ်ကျခြင်း

ကော်ဖီသောက်ရင် ဝိတ်ကျတယ်ဆိုတော့ နည်းနည်းတော့ စဉ်းစားစရာပေါ့နော်။ ဒါပေမဲ့ ကော်ဖီထဲမှာ မဂ္ဂနီစီယမ်နဲ့ ပိုတက်စီယမ်ဓာတ်တွေ ပါဝင်တာကြောင့် အင်ဆူလင်ဓာတ်ကို ဖြစ်ပေါ်စေပြီး သွေးတွင်း စီးဆင်းနေတဲ့ သကြားဓာတ်ပမာဏကို မြင့်တက်စေပါတယ်။ ဒါကြောင့် စိတ်ထဲမှာ ဖြစ်ပေါ်နေတဲ့ အစားအသောက်တွေ စားချင်စိတ်ကို လျော့နည်းစေပါလိမ့်မယ်။ အဲ့လို ကော်ဖီသောက်ပြီး မစားခြင်းကြောင့် ခန္ဓာကိုယ်အတွင်း အဆီလောင်ကျွမ်းမှုကို ဖြစ်ပေါ်စေပြီး အဆီကျစေပါတယ်။ နောက်ပြီးတော့ ကော်ဖီထဲမှာပါတဲ့ ကဖင်းဓာတ်ကလည်း အဆီတွေ ချေဖျက်ပေးနိုင်စွမ်းရှိတာမို့ အဆီချလိုသူတွေအတွက် အကောင်းဆုံးပါဘဲ။


၃။ သေကြောင်းကြံချင်စိတ်ကို လျော့နည်းစေခြင်း

စိတ်ဓာတ်ကျနေတဲ့သူတွေဟာ ကော်ဖီသောက်သုံးသင့်တယ်လို့ ပညာရှင်တွေရဲ့ စမ်းသပ်ချက်တွေအရ သိရပါတယ်။ ကော်ဖီမှာပါဝင်တဲ့ ကဖင်းဓာတ်က အာရုံကြောစံနစ်ကို လှုံ့ဆော်မှုပေးနိုင်ပြီး စိတ်ခွန်အားကို တက်ကြွစေနိုင်ပါတယ်။ ဒါကြောင့် စိတ်ဓာတ်တွေ အရမ်းကျနေတဲ့လူတွေကို နေ့စဉ် ကော်ဖီ (၂)ခွက် ပုံမှန်သောက်သုံးခြင်းက သင့်ကိုယ် သင် သေကြောင်းကြံချင်စိတ်ကို (၅၀)ရာခိုင်နှုန်းထိ လျှော့ချပေးနိုင်တယ်လို့လဲ ပညာရှင်တွေက ဆိုကြခြင်းဖြစ်ပါတယ်။ 


နောက်ပြီး ကော်ဖီသောက်သုံးခြင်းကြောင့် ခန္ဓာကိုယ်လှုပ်ရှားမှုကို မြှင့်တင့်ပေးနိုင်ခြင်း၊ ကင်ဆာရောဂါဖြစ်ပွားခြင်းကို လျော့ချနိုင်ခြင်းနဲ့ လေဖြတ်နိုင်ချေ နည်းပါးစေခြင်းတို့ကိုလည်း များစွာအထောက်အကူပြုပေးနိုင်ပါတယ်။ 


အခုပြောတဲ့ ကော်ဖီဆိုတဲ့ အရာဟာ အသင့်ဖျော်ကော်ဖီမျိုးကို ဆိုလိုခြင်းမဟုတ်ဘဲ ကော်ဖီစစ်စစ်ကိုသာ ရည်ညွှန်းခြင်းဖြစ်တယ်ဆိုတာ သိဖို့လည်း လိုအပ်ပါတယ်။ သင်ဟာ ကော်ဖီအရမ်းကြိုက်တဲ့သူဆိုရင်လည်း တန်ဆေးလွန်ဘေးဆိုတဲ့ စကားအတိုင်း ကော်ဖီကို အလွန်အကျွံ အများကြီးသောက်မိရင် ကျန်းမာရေးထိခိုက်နိုင်ပါတယ်။ ဘာလို့ဆိုတော့ ကော်ဖီမှာပါဝင်တဲ့ ကဖိန်းဓာတ်တွေ သွေးထဲ အရမ်းများသွားရင် စိုးရိမ်စိတ်လွန်ကဲတာ၊ အိပ်မပျော်တာစတဲ့ ဝေဒနာတွေအပြင် နှလုံးနဲ့ ဆိုင်တဲ့ရောဂါတွေတောင် ဖြစ်ပွားနိုင်တာမို့ သတိထားပါ။

By Mozex 

Photo Crd; Pixabay

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။