မိတ်ကပ်လိမ်းစရာမလိုဘဲ လှနေစေမယ့် နည်းလမ်းများ

မိတ်ကပ်လိမ်းပြီး မျက်နှာပေါ်က အနာအဆာတွေကို ဖုံးကွယ်နိုင်တာကတော့ မှန်ပါတယ်။ မိတ်ကပ်လိမ်းရင် လူတိုင်းလိုလို လှနေကြတာလည်း များပါတယ်။ ဒါပေမဲ့ ဘယ်လောက်အရည်အသွေးကောင်းကောင်း၊ ဘယ်လို ဈေးကြီးတဲ့ မိတ်ကပ်ပဲဖြစ်ဖြစ် သုံးစွဲတာကြာလာရင် မျက်နှာအသားအရေကို အနည်းနဲ့အများ ထိခိုက်စေတာ ပါပဲ။ အရည်အသွေးမကောင်းတဲ့ မိတ်ကပ်တွေဆိုရင် ပိုဆိုးပါတယ်၊ မျက်နှာပေါ်မှာ ဝက်ခြံတွေပေါက်တာ၊ မှဲ့ ခြောက်တွေထွက်တာနဲ့ တခြား အရေပြားပြဿနာတွေဖြစ်နိုင်ပါတယ်။



အဲဒါကြောင့် ဖြစ်နိုင်ရင် မိတ်ကပ်ကို အမြဲတမ်းမလိမ်းဘဲ နဂိုအသားအရေလှပနေဖို့ လိုအပ်ပါတယ်။ တစ်ခါတရံ မှ မိတ်ကပ်လိမ်းတာက ကိစ္စမရှိပါဘူး။ ဒါပေမဲ့ အပြင်ထွက်တဲ့အခါ skincare, sun block နဲ့ ပေါင်ဒါလေး လောက်ပဲ လိမ်းပြီး ထွက်နိုင်ရင် အကောင်းဆုံးပါပဲ။  အဲဒါကြောင့် မိတ်ကပ်လိမ်းစရာမလိုဘဲ နဂိုအသားအရေနဲ့ ယုံကြည်မှုရှိရှိ လှပနေနိုင်ဖို့ ဆောင်ရန်/ရှောင်ရန် နည်းလမ်းတချို့ ဖော်ပြပေးလိုက်ပါတယ်။


ရေဓာတ်ဖြည့်ခြင်းနဲ့ အိပ်စက်ခြင်း



ရေဓာတ်ခမ်းခြောက်ခြင်းနဲ့ ပင်ပန်းနွမ်းနယ်ခြင်းဟာ ကျန်းမာရေးကိုတင်မက အသားအရေကိုလည်း ထိခိုက် ပျက်စီးစေပါတယ်။ အဲဒါကြောင့် တစ်ညကို အိပ်ချိန် ၆ နာရီနဲ့ ၈ နာရီကြား ရရှိစေဖို့ မမေ့ပါနဲ့။ ညတိုင်း လုံလုံ လောက်လောက် အိပ်စက်မယ်ဆိုရင် သင့်မျက်နှာကို ပိုမိုနုပျိုလန်းဆန်းမှုရစေပါတယ်။


ဒါ့ပြင် သင့်ခန္ဓာကိုယ်အတွက် ရေဓာတ်ဖြည့်ပေးဖို့ မဖြစ်မနေလိုအပ်ပါတယ်။  အဲဒါကြောင့် ရေများများသောက် ပေးပါ။ အချိုဓာတ် မပါတဲ့ လက်ဖက်ရည်နဲ့ သဘာဝအသီးဖျော်ရည်တွေကိုလည်း သောက်သုံးပေးနိုင်ပါတယ်။ ရေဓာတ်ပြည့်ဝပြီး အိပ်ရေးဝနေရင် သင့်အသားအရေစိုပြေလှပနေမှာ ဖြစ်တာကြောင့် မိတ်ကပ်တွေအများကြီး လိမ်းစရာမလိုတော့ပါဘူး။   


အသားအရေကို အာဟာရဖြည့်ပါ



သင်စားလိုက်တဲ့ စားစရာတွေဟာ သင့်အသားအရေ ဝင်းပစိုပြေဖို့နဲ့ နုပျိုလန်းဆန်းဖို့အတွက် အကျိုး သက်ရောက်မှုရှိစေပါတယ်။ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးတွေ အများအပြားစားသုံးခြင်းက သင့်မျက်နှာ အသားအရေကို ဝင်းပစိုပြေစေပါတယ်။


မျက်နှာကို သေချာသန့်စင်ပါ



အသားအရေလှပဖို့အတွက် အရေးကြီးဆုံးက မျက်နှာအရေပြားသန့်ရှင်းရေးဖြစ်တာကြောင့် သေချာမျက်နှာ သစ်ဖို့ လိုပါတယ်။ မိတ်ကပ်လိမ်းရင် မိတ်ကပ်ဖျက်ဆေးပါသုံးသင့်ပြီး မလိမ်းရင်လည်း အိပ်ခါနီး မျက်နှာသစ်ဖို့ လုံးဝမမေ့ပါနဲ့။ အကြောင်းက မျက်နှာနဲ့ထိတွေ့နေတဲ့ အပြင်လေထုမှာ မသန့်စင်တဲ့အရာများစွာပါဝင်တာ ကြောင့် ပါပဲ။ မျက်နှာသစ်ပြီးတဲ့အခါကျရင်လည်း သဘာဝဆီတစ်မျိုးမျိုး ဒါမှမဟုတ် ညလိမ်းကရင်မ်တစ်ခု လိမ်းပေးပါ။


သေသပ်တဲ့ မျက်ခုံးမွှေးတစ်စုံကို ဖန်တီးပါ



မျက်နှာမှာ full makeup မလိမ်းဘူးဆိုရင်တောင် မျက်ခုံးမွှေးကိုတော့ သေသေသပ်သပ် ဖန်တီးထားပါ။ သင့် မျက်နှာပုံစံ ပေါ်လွင်ဖို့အတွက် မျက်ခုံးမွှေးက အရေးကြီးပါတယ်။ မျက်ခုံးမွှေးမဆွဲဘူးဆိုရင်တောင် ပုံကျအောင် ရိတ်ထားတာမျိုး၊ ကိုယ်တိုင် ဇာဂနာနဲ့နှုတ်ပြိး ပုံဖော်တာမျိုးနဲ့ အရှည်အတိုကို ကပ်ကြေးနဲ့ညှိတာလိုမျိုး ပြုလုပ် ပေးပါ။ အရမ်းပါးတယ်ဆိုရင်တော့ မျက်ခုံးမွှေးဆွဲတံနဲ့ ခပ်ပါးပါးလေး ဆွဲပေးပါ။ သင့်ရဲ့မျက်နှာကို သေချာ ပြင်ဆင်မထားရင်တောင် သေသေသပ်သပ်လေးနဲ့ ပေါ်လွင်လှပစေပါလိမ့်မယ်။


မျက်နှာလိမ်း Cream



မျက်နှာအသားအရေ နူးညံ့စိုပြေဖို့အတွက် face cream တစ်မျိုးမျိုး လိမ်းပေးဖို့ မဖြစ်မနေလိုအပ်ပါတယ်။ အဲဒီ cream တွေက သင့်မျက်နှာကို ရေဓာတ်ဖြည့်ပြီး တခြားမလိုလားအပ်တဲ့ အရေပြားပြဿနာတွေမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ မနက်ပိုင်းမှာ အဲဒီလိုအကာကွယ်ဖြစ်စေမယ့် cream မျိုးကို သုံးပြီး ညဘက်မှာတော့ moisturizer တစ်မျိုးမျိုး အသုံးပြုပေးပါ။


ဆံပင်



ဆံပင်ဟာ လူတစ်ယောက်အတွက် ဒုတိယမျက်နှာလို့ ဆိုကြပါတယ်။ မျက်နှာကလှနေပြီး ဆံပင်က အဆီတွေ ထွက်ပြီး ကပ်နေရင် ဒါမှမဟုတ် ပုံပန်းလုံုးဝမကျရင်လည်း အလှဟာ မပြည့်စုံနိုင်ပါဘူး။ အဲဒါကြောင့် ဆံပင် ပုံစံက အရေးကြီးပါတယ်။ အထူးသဖြင့် ဆံပင်ပုံစံဟာ သန့်ရှင်းသပ်ရပ်နေဖို့ လိုပါတယ်။  ဒါမှမဟုတ်ရင်လည်း ခေတ်နဲ့အညီ အလန်းစားဖြစ်နေရင်တော့ အကောင်းဆုံးပါပဲ။


နှုတ်ခမ်းနီဆိုးပါ



မျက်နှာမှာ မိတ်ကပ်မလိမ်းရင်တောင် အပြင်ထွက်တဲ့အခါ မိမိနဲ့လိုက်ဖက်တဲ့ နှှုတ်ခမ်းနီတစ်မျိုးမျိုး ဆိုးပေးပါ။ နှုတ်ခမ်းနီအရောင်က သင့်မျက်နှာကို ပိုမိုပြည့်စုံလှပစေပါလိမ့်မယ်။ full makeup မလိမ်းဘဲ မျက်ခုံးမွှေးနဲ့ နှုတ်ခမ်းနီရှိရုံနဲ့ ပြည့်စုံပါတယ်။ ဒါပေမဲ့ နှုတ်ခမ်းနီဆိုးလေ့ရှိရင် အိပ်ရာဝင်ခါနီးမှာ eye makeup remover ဒါမှမဟုတ် ဆီတစ်မျိုးမျိုးနဲ့ ပြန်ဖျက်ပေးဖို့ မမေ့ပါနဲ့။ နှုတ်ခမ်းနီအဆီ ဒါမှမဟုတ် lip balm တစ်ခုခုကိုလည်း ဆောင်ထားပါ။


ပြုံးပါ



အပြုံးဆိုတာ မျက်နှာမှာဆင်ယင်နိုင်တဲ့ အလှပဆုံး အဆင်တန်ဆာတစ်ခုပါ။ ပြုံးလိုက်ရင် မလှတဲ့သူဆိုတာ မရှိ သလောက် ရှားပါတယ်။ သင့်မျက်နှာမှာ အပြုံးတွေဆင်ယင်ပြီး အမြဲတမ်းတောက်ပနေမယ်ဆိုရင် မိတ်ကပ် လိမ်းစရာမလိုပါဘူး။ အပြုံးရောင်နဲ့ သင့်မျက်နှာဟာ လင်းလက်တောက်ပနေမှာပါ။


by Cherry Mon
Photo Credit: Pinterest


we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။