အိမ်ထောင်ရေးမှာပါ အချစ်စိတ်တွေတိုးစေမယ့် ကြက်သွန်နီရဲ့ အာနိသင်

ကိုယ့်အိမ်ရဲ့ မီးဖိုချောင်ထဲဝင်လိုက်တာနဲ့ လွယ်လွယ်လေးတွေ့ရပြီး လိုအပ်တဲ့အခါလည်း လွယ်လွယ်ကူကူဝယ်လို့ရတဲ့ ကြက်သွန်နီဟာ ကျန်းမာရေးရှု့ထောင့်မှ ကြည့်လည်း ဆေးဖက်ဝင်သလို လူတို့ရဲ့ ဟင်းချက်စရာအဖြစ်လည်း အသုံးဝင်ပါတယ်။ ဒါပေမဲ့ ကြက်သွန်နီကို ဟင်းချက်စားစရာအဖြစ်သာ လူတွေက အသုံးပြုကြပြီး တခြားဆေးဖက်ဝင်တဲ့ အာနိသင်တွေ အစွမ်းပကားတွေကိုတော့ လူသိနည်းပါတယ်။


တကယ်တော့ ကြက်သွန်နီဟာ အင်တီအောက်ဆီးဒင့်၊ ကယ်လ်စီယမ်၊ မဂ္ဂနီဆီယမ်၊ ဆိုဒီယမ်နဲ့ ပိုတက်စီယမ်တို့ ပါဝင်တဲ့အတွက် ကျန်းမာရေးကို အထောက်အကူပြုတဲ့ အကျိုးကျေးဇူးတွေ ပေးစွမ်းနိုင်ပါတယ်။ နောက်ပြီး ကျနော်တို့တွေ ကြက်သွန်နီကို အခွံနွှာတာ (သို့) လှီးဖြတ်တာတွေ လုပ်ရင် မျက်ရည်ကျရတာကလည်း ကြက်သွန်နီမှာ ပါဝင်တဲ့ Sulphides နဲ့ Thiosulfinates တို့ကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် မျက်စိထဲ အမှုန်ဝင်ပြီး ခုလုခုလုဖြစ်တဲ့အခါ ကြက်သွန်နီကို ရှူခြင်း (သို့) လှီးဖြတ်ခြင်းတို့ကို ပြုလုပ်ပြီး မျက်ရည် အလွယ်တကူ ထွက်လာတဲ့အခါ မျက်စိထဲက အမှုန်ကို ဖယ်ထုတ်လို့ရပါတယ်။


နောက်ထပ် အာနိသင် တစ်မျိုးက ခံတွင်းအနံ့ဆိုးခြင်းကို ဖြစ်ပေါ်စေတဲ့ ဘတ်တီးရီးယားတွေကို သေစေပါတယ်။ ဘာလို့လဲဆိုတော့ ကြက်သွန်နီ အစိမ်းစားလိုက်ရင် ခံတွင်းနံ့ကို နံစေတဲ့ဆိုးကျိုး ရှိတယ်ဆိုပေမယ့် ကြက်သွန်နီ အစိမ်းလိုက် စားပေးခြင်းကြောင့် သွားတွေကို သန်စွမ်းစေပြီး သွားပိုးစားစေတဲ့ ဘက်တီးရီးယားပိုးများကိုလည်း သေစေနိုင်ပါတယ်။


နောက်ပြီး သွေးလွှတ်ကြောတွေထဲမှာ သွေးခဲတာနဲ့ ပိတ်ဆို့တာတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်တာကြောင့် နှလုံးရောဂါ ဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။ ဒါ့အပြင် ကြက်သွန်နီက နှာခေါင်းပိတ်တာနဲ့ နှာခေါင်းမြှေး ရောင်ရမ်းနာတို့ကို သက်သာစေဖို့အတွက်လည်း အသုံးဝင်ပါသေးတယ်။ ဘာကြောင့်လဲဆိုတော့ ကြက်သွန်နီ စားရင် အသက်ရှူလမ်းကြောင်းမှာရှိတဲ့ အချွဲမြှေးတွေကို ပျော်ဝင်စေတာကြောင့် အသက်ဝဝ ရှူနိုင်စေပါတယ်။


အပေါ်ကပြောခဲ့တာတွေက ကြက်သွန်နီရဲ့ ကောင်းမွန်တဲ့ အာနိသင်အချက်လေးတွေပေ့ါဗျာ။ အခုတော့ Caption မှာ ပြောထားတဲ့အတိုင်း ချစ်စိတ်ကို တိုးစေမယ့် နည်းလေးတွေပြောပြပါမယ်။ ကြက်သွန်နီက ချစ်စိတ်ကို တိုးစေပြီး မျိုးဆက်ပွားအင်္ဂါကိုလည်း သန်စွမ်းစေပါတယ်။ ကြက်သွန်နီကို ပါးပါးလှီးပြီး ပျားရည် (ထမင်းစားဇွန်း တစ်ဇွန်း)ထဲမှာစိမ်ကာ ပုံမှန်သောက်ပေးရင် အိမ်ထောင်သည်တွေအတွက် ချစ်စိတ်ကိုတိုးပွားစေပြီး အိမ်ထောင်လေးသုခကိုလဲ ပြည့်ဝစွာရရှိစေမှာပါ။ 


ဒါ့အပြင် အစိမ်းလိုက်သုတ်စားခြင်း၊ ဖျော်ရည်လုပ်သောက်ခြင်းဖြင့် ကာမစွမ်းအားတွေ နာရီပိုင်းအတွင်း တိုးပွားလာတာကြောင့် အစွမ်းထက်တယ်လို့ ဆေးပညာတွေမှာ ရေးသားဖော်ပြထားပါတယ်။ ကာမကိစ္စပြီးလို့ ဆီးအောင့်တာ ဆီးကျဉ်တာတွေ ဖြစ်တတ်တဲ့ အမျိုးသားတွေအတွက် ကြက်သွန်နီဟာ အထောက်အကူများစွာပြုပါတယ်။ ဘာလို့လဲဆိုတော့ ကြက်သွန်နီက ဆီးလမ်းကြောင်းစနစ်ဆိုင်ရာ ဝေဒနာတွေကို ကုသရာမှာ အလွန်အသုံးဝင်လို့ပါ။ ဆီးသွားစဉ် ပူစပ်ပူလောင်ဖြစ်တဲ့ ဝေဒနာနဲ့ ဝမ်းကိုက်တဲ့ ဝေဒနာတို့အတွက် ကြက်သွန်နီကို အစိမ်းလိုက်စားပေးရင်လည်း သက်သာစေပါတယ်။


ဟင်းတစ်ခွက်ရဲ့ အရသာရှိမှုကို ပုံဖော်ပေးနိုင်ရုံသာမက သာယာတဲ့ အိမ်ထောင်ရေးသုခကိုလည်း Support လုပ်ပေးနိုင်တဲ့ ကြက်သွန်နီရဲ့ ကောင်းကျိုးတွေကို ပရိသတ်ကြီး သိလောက်ပြီပေါ့နော် .. ။ အဲ့တော့ ကြက်သွန်နီကိုသာ ဆောင်ထား အားလုံး အိုကေမှာ စိုပြေသွားမှာပါ။

By Mozex

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။