အသားညိုတဲ့ အမျိုးသားတွေနဲ့ လိုက်ဖက်မယ့် အဝတ်အစားအရောင်အသွေး (၅) မျိုး

အဝတ်အစားဆိုတာ trend နောက်လိုက်ပြီး ဝတ်တိုင်းလည်း ကိုယ်နဲ့ လိုက်ဖက်နေတာ မဟုတ်ပါဘူး။ အရပ် အမောင်း၊ အသားအရောင်နဲ့ မိမိရဲ့ ကိုယ်ဟန်အနေအထားအပေါ်မူတည်ပြီး လိုက်ဖက်စွာ ဝတ်စားဆင်ယင် တတ်ဖို့ လိုပါတယ်။ အသားဖြူသူမှာရော အသားညိုတဲ့သူမှာရော လိုက်ဖက်တဲ့ပုံစံ၊ အရောင်နဲ့ မလိုက်ဖက်တဲ့ ပုံစံအရောင်ဆိုတာ ရှိပါတယ်။ ဘယ်လောက်ခေတ်မှီတဲ့ အဝတ်အစားဝတ်ဝတ်၊ မိမိနဲ့မလိုက်ရင် ဂွမ်းသွားနိုင်ပါ တယ်။ အဲဒီလိုမဖြစ်ရအောင် အသားညိုတဲ့အမျိုးသားတွေနဲ့ လိုက်ဖက်တဲ့ Style Tip လေးတွေကို ဝေမျှပေးလိုက်ပါတယ်။



၁။ အရောင်နုနုလွင်လွင်လေးတွေ ရွေးချယ်ဝတ်ဆင်ပါ


သင့်အသားအရေက ညိုတယ်ဆိုပြီး အရောင်နုနုလွင်လွင်တွေကို မရှောင်သင့်ပါဘူး။ အဝါဖျော့ဖျော့၊ အပြာနုနဲ့ မက်မွန်ရောင်နုနုလို အရောင်တွေဟာ သင့်ကို သဘာဝအတိုင်း ပိုမိုပေါ်လွင်စတိုင်ကျစေမှာပါ။ သင့်ရဲ့နေ့စဉ် ဝတ်စားဆင်ယင်မှုမှာ အဲဒီလို အရောင်လွင်လွင်ဖျော့ဖျော့တွေကို တွဲဖက်ဝတ်ဆင်သင့်ပါတယ်။


၂။ အရောင်တောက်တောက်နဲ့ အရောင်မှိုင်းမှိုင်းတွေကို ရှောင်ရှားပါ


အသားညိုတဲ့သူတွေအတွက် သတိထားရမှာ တစ်ခုကတော့ အဖြူရောင်ဗြောင် ဒါမှမဟုတ် အရောင် တောက်တောက် အဝတ်အစားတွေပါပဲ။ အဲဒီလိုအရောင်တွေက သင့်အသားအရောင်နဲ့ လုံးဝမလိုက်ဖက်တတ် ပါဘူး။ ဒါ့ပြင် အနက်ရောင်ဗြောင် ဝတ်ဆင်ခြင်းကိုလည်း ရှောင်သင့်ပါတယ်။ သင့်ကို မပေါ်လွင်စေဘဲ ခပ်မှိုင်းမှိုင်းပိုဖြစ်စေပါတယ်။


၃။ ခပ်မှိန်မှိန်အဆင်တွေကို ဝတ်ဆင်ပါ


အဝတ်အစားပေါ်မှာ အရုပ်တွေ အဆင်တွေ ရေးဆွဲထားတဲ့ printed ဒီဇိုင်းတွေဆိုရင် ခပ်တောက်တောက် ခပ်ကျားကျားအဆင်ထက် ခပ်မှိန်မှိန်အဆင်ကိုပဲ ရွေးချယ်ပါ။ ဒါ့ပြင် အဲဒီလို printed ဒီဇိုင်းမျိုး ဝတ်ဆင်မယ် ဆိုရင် အပေါ်ကနေ လိုက်ဖက်မယ့် အရောင်ဗြောင်အင်္ကျီတစ်ထည်ကို ထပ်ဝတ်သွားသင့်ပါတယ်။


၄။ အပေါ်ထပ်အင်္ကျီတွေ ဝတ်ဆင်တဲ့အခါ...


အပေါ်ထပ် ရှပ်အင်္ကျီပဲဖြစ်ဖြစ်၊ အပေါ်ထပ်အင်္ကျီတစ်မျိုးမျိုး ဝတ်ဆင်တဲ့အခါမှာလည်း အရမ်းမတောက်လွန်း၊ အရမ်းမဖျော့လွန်းတဲ့ အရောင်တွေကိုရွေးချယ်ပါ။ အရောင်လွင်လွင်ဖျော့ဖျော့လေးတွေကိုပဲ ရွေးချယ် ဝတ်ဆင်ပါ။ နှစ်ထပ်ဝတ်ဆင်တဲ့အခါမှာ အင်္ကျီအရောင်နှစ်ရောင်ဟာ လိုက်ဖက်ညီနေဖို့ လိုအပ်ပါတယ်။


၅။ လိုက်ဖက်ညီတဲ့ အရောင်ကို တွဲဖက်ဝတ်ဆင်ပါ


Warm colour လို အရောင်လင်းလင်းတွေနဲ့ Cool colour လို အရောင်ငြိမ်ငြိမ်လေးတွေကို တွဲဖက်ဝတ်ဆင် တာဟာ ရိုးရိုးလေးနဲ့ဆန်းစေပြီး သင့်အသားအရေနဲ့လည်း လိုက်ဖက်ညီပါတယ်။ ဒါ့ပြင် သင့်ကိုလည်း စမတ် ကျကျ ပေါ်လွင်နေစေမှာပါ။ ခပ်ညိုညိုအရောင်တွေကို အဖြူနဲ့ တွဲဖက်ဝတ်ဆင်တာ ဒါမှမဟုတ် အနက်နဲ့ အဖြူကို တွဲဖက်ဝတ်ဆင်တာဟာလည်း လိုက်ဖက်ညီပါတယ်။ အဖြူရောင်ဟာ အရောင်တိုင်းလိုလိုနဲ့ တွဲဖက် ဝတ်ဆင်နိုင်တာကြောင့် အဖြူရောင်အင်္ကျီတွေ မဖြစ်မနေဆောင်ထားသင့်ပါတယ်။ အရောင်တောက်တောက် တွေချည်းပဲ တွဲဖက်တာတို့ အရောင်ချင်းဆန့်ကျင်ဘက်ဖြစ်နေတာကို တွဲဝတ်တာတို့ဟာ အသားညိုတဲ့သူတွေ နဲ့ သိပ်မလိုက်ဖက်တာကိုတော့ သတိထားပါ။


by Cherry Mon
Photo Credit: Pinterest


we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။