ခွေးလေးတွေကို အရေးပေါ် အသက်ကယ်ဆယ်နည်း

သင်တို့ရဲ့အိမ်မွေး ခွေးလေးတွေဟာ အသက်အရွယ်မရွေး၊ အချိန်မရွေး မမျှော်လင့်တဲ့ ကျန်းမာရေးပြဿနာ တွေ ကြုံလာတတ်ပါတယ်။ ဥပမာ ရုတ်တရက်နှလုံးခုန်ရပ်သွားတာမျိုး ဒါမှမဟုတ် အသက်ရှူရခက်ခဲနေတာ မျိုး တွေပါ။ အဲဒီအခါမှာ သူတို့ကို အသက်အန္တရာယ်မကျရောက်စေဖို့ ဘယ်လိုပြုစုကုသပေးရမယ်ဆိုတာ သိပါ သလား? အဲဒါကြောင့် ခွေးလေးတွေကို အရေးပေါ်အသက်ကယ်ဆယ်ဖို့အတွက် ခွေးပိုင်ရှင်တွေ သိထားသင့်တဲ့ အဆင့် ၆ ဆင့်ကို ဝေမျှပေးလိုက်ပါတယ်။


- ခွေးရဲ့အသက်ရှူသံကို စစ်ဆေးစမ်းသပ်ပါ။ ခွေးလေးရဲ့ နှာခေါင်းရှေ့လက်ကိုထားပြီး သူတို့နှာခေါင်းက ထွက်တဲ့ လေကို စမ်းသပ်ကြည့်ပါ။ သူတို့ရဲ့ရင်ဘတ် က အသက်ရှူအနိမ့်အမြင့်ကို စစ်ဆေးပါ။ အသက်မရှူ တော့ဘူးဆိုရင် သူတို့ပါးစပ်မှာ ပိတ်ဆို့နေတာရှိမရှိ စစ်ဆေးပြီး သူတို့ရဲ့လျှာကို ရှေ့ကိုဆွဲထုတ်ပေးပါ။


- ခွေးလေးရဲ့ သွေးခုန်နှုန်းကို စမ်းသပ်ပါ။ ခွေးလေးတွေရဲ့ အကြီးဆုံးခြေဖဝါးကို ကိုင်ပြီး သွေးခုန်နှုန်းကို စမ်းသပ်နိုင်ပါတယ်။ ဒါမှမဟုတ်ရင်လည်း ခန္ဓာကိုယ်နဲ့ နောက်ခြေထောက်ဆက်ထားတဲ့နေရာရဲ့ အတွင်းဘက် ကို စမ်းသပ်ပါ။ ခွေးလေးက သွေးခုန်နှုန်းရှိနေသေးတယ်ဆိုရင် သူအသက်ရှူနိုင်အောင် လေမှုတ်ပေးတာလိုပဲ ဖြစ်ဖြစ် အသက်ရှူဖို့ကူညီပေးရမှာပါ။ သွေးမခုန်ဘူးဆိုရင်တော့ ရင်ဘတ်ဖိပြီး အသက်ကယ်ဆယ်တာလိုမျိုး cardiopulmonary resuscitation (CPR) ပြုလုပ်ပေးဖို့ လိုပါတယ်။


သတိပြုရန် - အဲဒီလို CPR ပြုလုပ်တာကို ကျန်းမာရေးကောင်းတဲ့ ခွေးလေးတွေကို လုံးဝမလုပ်ပေးသင့်ပါဘူး။


အဆင့် ၁ - ခွေးကို အနေအထားမှန်အောင် ထားပါ


ပထမဦးစွာ ညီညာတဲ့မျက်နှာပြင်ပေါ်မှာ သူတို့ကို ဘယ်ဘက်စောင်းပြီးလှဲချပေးပါ။ ခွေးရဲ့ခေါင်းနဲ့ လည်ပင်း ဟာ ခန္ဓာကိုယ်နဲ့ တည့်တည့်မတ်မတ် ရှိနေရပါမယ်။ အဲဒီလိုထားခြင်းက သူတို့ကို လေကြောင်းတည့်အောင် ထားပေးတဲ့ သဘောပါ။ ခွေးရဲ့လျှာကို သူတို့သွားတွေရဲ့အနောက်ဘက်လားရာအတိုင်း တည့်မတ်နေအောင် ဆွဲယူပါ။ ပြီးရင် ပါးစပ် ပြန်ပိတ်ပေးထားပါ။ ခွေးရဲ့နောက်ကျောဘက်မှာ နေရာယူလိုက်ပါ။


အဆင့် ၂ - သူတို့နှလုံးတည်ရှိတဲ့နေရာကို ရှာပါ


အရွယ်အစားကြီးတဲ့ခွေးတွေအတွက် သူတို့နှလုံးနဲ့နီးရာ ရင်ခေါင်းရဲ့ အကျယ်ဆုံးအစိတ်အပိုင်းမှာ အသက်ကယ်လုပ်ငန်းစဉ် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ပေါင် ၃၀ အောက်ရှိတဲ့ အရွယ်အစားသေးငယ်တဲ့ ခွေးလေးတွေအတွက်ကတော့ သူတို့ရဲ့ရင်ဘတ်တစ်ဖက် မှာ သင့်ရဲ့လက်ချောင်းတွေကို နေရာယူထားပြီး တခြားတစ်ဖက်မှာတော့ သင့်လက်မကို ထားထားပါ။


အဆင့် ၃ - ရင်ဘတ်ကို ဖိနှိပ်ပြီး အသက်ကယ်ခြင်းလုပ်ငန်းစဉ်


- သင့်လက်ဖဝါးတွေကို သူတိုရဲ့တံတောင်ဆစ်နဲ့ တန်းတန်းမှာ နေရာယူပြီး သူတို့ရဲ့ရင်အုပ်ကို စတင်ဖိပေးပါ။ အဲဒီလိုဖိနှိပ်ပေးတဲ့ အရှိန်ဟာ တည်ငြိမ်ပြီး မြန်ဆန်ရပါမယ်။ တစ်ဖက်ပြီးတစ်ဖက် ပြုလုပ်ပေးပါ။


- သူတို့ရင်ဘတ် အကျယ်ရဲ့ လေးပုံတစ်ပုံကနေ သုံးပုံတစ်ပုံအထိ ဖိနှိပ်ပေးဖို့ လိုအပ်ပါတယ်။ အဲဒီလိုမျိုးနဲ့ တစ်ခါလုပ်ရင် ၁၀ စက္ကန့်နှုန်းနဲ့ ၁၅ ကြိမ် ပြုလုပ်ပေးပါ။


- ခွေးသေးသေးလေးတွေအတွက်ကတော့ လက်တစ်ခုလုံးမသုံးဘဲ သူတို့ရဲ့ရင်ဘတ်တဝိုက်မှာ သင့်ရဲ့ လက်ချောင်း ၂ ချောင်းလောက်နဲ့ပဲ ဖိနှိပ်ပေးနိုင်ပါတယ်။ အဲဒီလိုမျိုး ၁၀ စက္ကန့်စာ ၁၇ ကြိမ်လောက် ပြုလုပ်ပေး ဖို့ လိုပါတယ်။


အဆင့် ၄ - လေမှုတ်သွင်းခြင်း


ရင်ဘတ်ကို ဖိနှိပ်တာ ၁၅ ကြိမ် လုပ်ပေးပြီးတိုင်း လေမှုတ်သွင်းပေးရပါမယ်။ လေမှုတ်မသွင်းခင်မှာ ခွေးရဲ့ပါးစပ်ကို လုံအောင်ပိတ်ထားဖို့ လိုပါတယ်။ သင့်ရဲ့ပါးစပ်ကနေဆင့် ခွေးလေးရဲ့ နှာခေါင်းပေါက်ထဲကို ညင်သာစွာ လေမှုတ်သွင်းပေးပါ။ အဲဒီလိုလုပ်ပေးရင် ခွေးရဲ့ရင်ဘတ်ဟာ မို့မောက် မြင့်တက်လာပါလိမ့်မယ်။ အဲဒီလိုမြင့်တက်မလာရင် လေကို ပိုပြင်းပြင်းမှုတ်ပေးပြီး ခွေးလေးရဲ့ပါးစပ်ပိတ်ထား တာ လုံမလုံလည်း စစ်ဆေးပါ။ အသက်ရှူလာပြီဆိုရင်တော့ ပါးစပ်ကို ပြန်ဖွင့်ပေးဖို့ မမေ့ပါနဲ့။


အဆင့် ၅ - ဝမ်းဗိုက်ကို ညှစ်ပေးခြင်း


အရွယ်အစားကြီးတဲ့ ခွေးတွေဆိုရင် ဝမ်းဗိုက်ကို ဖိညှစ်ပေးခြင်းကလည်း အထောက်အကူဖြစ်စေပါတယ်။ ခွေးရဲ့ဝမ်းဗိုက်ဧရိယာမှာ သင့်လက်ဖဝါးကိုတင်ပြီး ဖိနှိပ်ပေးရုံပါပဲ။ အဲဒီလိုလုပ်ခြင်းက နှလုံးဆီ သွေးစီးဆင်း စေဖို့ အထောက်အကူဖြစ်စေပါလိမ့်မယ်။ ရင်ဘတ်ကို ၁၅ ကြိမ်ဖိ၊ တစ်ကြိမ် လေမှုတ်သွင်းပြီး ဝမ်းဗိုက်ကို တစ်ခါ ဖိနှိပ်ပေးပါ။ အဲဒီအတိုင်း ထပ်ခါထပ်ခါ ပြုလုပ်ပေးပါ။


အဆင့် ၆ - အသက်ကယ်နည်းတွေအတိုင်း ထပ်မံပြုလုပ်ပါ


ခွေးလေးရဲ့ သွေးခုန်နှုန်း ပုံမှန်မဖြစ်မချင်း၊ အသက်ပြန်မရှူမချင်း အပေါ်က အဆင့်တွေအတိုင်း ထပ်ခါတလဲလဲ ပြုလုပ်ပေးပါ။ အဲဒီလိုလုပ်ရတာ မိနစ် ၂၀ ထက် ပိုမကြာပါဘူး။


by Cherry Mon
Ref; Bright Side

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။