ဆွဲငင်အားကို အံတုပြီး ရှင်သန်နေတဲ့ တောင်ဆိတ်များနဲ့ သာဓက ယူစရာ တောင်ဆိတ်ခေါင်းဆောင်

တောင်ဆိတ်ဆိုတာ လူတွေရဲ့ ပတ်ဝန်းကျင်မှာ နေထိုင်တဲ့တိရစ္ဆာန်မျိုးတော့ မဟုတ်ဘဲ မြင့်မားတဲ့ တောင်ထိပ်တွေနဲ့ ချိုင့်ဝှမ်းတွေမှာသာ နေထိုင်ပြီး ရှင်သန်ကျက်စားတဲ့ ရှားပါးတိရစ္ဆာန်မျိုးပါ။ ဒါ့အပြင် တောင်ဆိတ်တွေဟာ အုပ်စုဖွဲ့နေထိုင်တတ်ပြီး အမျိုးချစ်တဲ့ မျိုးနွယ်စု တစ်စုလဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ချင်းတွင်းမြစ်ဝှမ်းနဲ့ တချို့ဒေသတွေမှာလည်း တောင်ဆိတ်တချို့နေထိုင်ကြပြီး အခုချိန်ဆိုရင်တော့ တောလိုက်မုဆိုးတွေ လက်ချက်နဲ့ ရှိမရှိတော့ မသေချာတော့ပါဘူး။ 


ဘာလို့လဲဆိုတော့ တောင်ဆိတ်တွေဆိုတာ မြင့်မားတဲ့ တောင်နံရံတွေမှာ ကပ်နေပြီး ဘယ်လောက် အမြင့်မှ အောက်ကို ပြုတ်ကျပါစေ အနည်းငယ်မျှသာ ပွန်းပဲ့ဒဏ်ရာရရှိရုံမျှလွဲ၍ ကျန်တာ ဘာမှမဖြစ်ပါဘူး။ ဒါကြောင့်လည်း တောင်ဆိတ်ရဲ့ အရိုးကို စိတ်ဝင်စားဖွယ် ဆေးဖက်ဝင်အဖြစ် သတ်မှတ်ထားကြပါတယ်။ ဟိုးယခင်က မြန်မာ့ဆေးဆရာကြီးတွေကလည်း ဆေးဖက်ဝင်တယ်လို့ ယူဆထားတဲ့ တောင်ဆိတ်ရဲ့ ဦးချို၊ လျှာ၊ ခွာနဲ့ အဆီတွေကို တန်ဖိုးကြီး ပေးဝယ်လေ့ရှိပါတယ်။ ဒါကြောင့် တောလိုက်မုဆိုးတွေက တောင်ဆိတ်မြင်တာနဲ့ နေ့မနား ညမနား လိုက်လံ သတ်ဖြတ်ကြပြီး အသားကို စားကာ ကျန်တဲ့အရာတွေကို ရောင်းစားကြပါတယ်။


တစ်ကမ္ဘာလုံးအနေနဲ့ ချုံကြည့်မယ်ဆိုရင်တော့ တောင်ဆိတ်တွေကို ဟိမဝန္တာတောင်၊ အဲ့လပတောင်တန်း၊ ကော်ကေးဆပ်တောင်တန်းနဲ့ ပီးရနီးတောင်တန်းတွေမှာ များစွာ အုပ်စုဖွဲ့ နေထိုင်တတ်ကြတာကို တွေ့ရပါတယ်။ ဒါပေမဲ့ ဆွစ်ဇာလန်နိုင်ငံရှိ အဲ့လပတောင်တန်းမှာတော့ အမဲလိုက်မုဆိုးများရဲ့ လက်ချက်ကြောင့် တောင်ဆိတ်တွေ မျိုးတုံးလုမကဖြစ်နေပြီး အစိုးရက ပစ်ခတ် မသတ်ဖြတ်ရန် ကြီးမားသော ဥပဒေတစ်ခု ထုတ်ပြန်ထားရပါတယ်။ ဒါကလည်း မျိုးတုံးတော့မယ့် တောင်ဆိတ်တွေကို ဘေးမဲ့ပေး ရှင်သန်ခိုင်းတဲ့ ကောင်းမွန်တဲ့ ဥပဒေတစ်ခုပါ။


ကမ္ဘာ့ဆွဲအားကို အန်တုပြီး မတ်စောက်တဲ့ တောင်တွေမှာ တွယ်ကပ်နေတတ်တဲ့ တောင်ဆိတ်တွေရဲ့ နေထိုင်ပုံနဲ့ ရှင်သန် ကျက်စားပုံကလည်း အရမ်း စိတ်ဝင်စားဖို့ကောင်းပါတယ်။ ဒါကြောင်လည့် လေ့လာသူပညာရှင်တွေက နှစ်ပေါင်းများစွာ မှတ်တမ်းတွေ ပြုစုပြီး အခုနောက်ပိုင်းမှာ TV Channel တွေမှ တဆင့် လူတွေသိအောင် ပြသနေကြပါတယ်။


ဒါကြောင့် တောင်ဆိတ်တွေရဲ့ ထူးခြားချက်တွေကို စာဖတ်ပရိသတ်ကြီးအနေနဲ့ ဗဟုသုတရအောင်လည်း ပြောပြချင်ပါသေးတယ်။ တောင်ဆိတ်တွေဟာ မြေပြန့်မှာ နေထိုင်ကျက်စားရတာကို မကြိုက်ပဲ မြင့်မားတဲ့ တောင်စောင်းတွေမှာ ပေါက်တဲ့ အပင်များကိုသာ စားသုံးပြီး ရှင်သန်နေထိုင်တတ်ကြပါတယ်။ တစ်ခါတရံ တောင်ဆိတ်တွေ တောင်ပေါ်က မတော်တဆ ပြုတ်ကျပြီး ဒဏ်ရာ အနာတရများစွာ ရရှိပေမယ့် သူတို့ရဲ့ ထူးခြားချက်က ပြန်လည် သက်သာမြန်ခြင်း ဖြစ်ပါတယ်။ ဒဏ်ရာအနည်းငယ် ရရုံနဲ့ ဒဏ်ရာကို သူတို့လျှာဖြင့် လျက်လိုက်ရင်လည်း ခဏလေးနဲ့ ပျောက်သွားတတ်ပါတယ်။ နောက်ပြီး တောင်ပေါ်က ပြုတ်ကျတဲ့ အရှိန်ကြောင့် အရိုးကျိုးသွားရင်လည်း ရက်ပိုင်းအတွင်း ပြန်သက်သာစေနိုင်ပါတယ်။


ဒါ့အပြင် တောင်ဆိတ်တွေဟာ အုပ်စုဖွဲ့နေထိုင်တတ်ပြီး ခေါင်းဆောင်ရဲ့ ဆုံးဖြတ်ချက်ကိုသာ အားလုံးက လိုက်နာတတ်ကြပါတယ်။ တောင်ဆိတ် ခေါင်းဆောင်က ရှေ့က တစိုက်မတ်မတ် သွားရင် တည့်တည့်ပဲ လိုက်တယ်။ ခေါင်းဆောင် ဒီနေရာမှာ အန္တရာယ် ကင်းတယ် .. အစားရေဆာ ပေါများတယ်လို့ အချက်ပြရင် အားလုံးက ခေါင်းဆောင်ရဲ့ အမိန့်ကို လိုက်နာပြီး စည်းလုံးစွာ နေထိုင်ကြပါတယ်။ 


တစ်ခါတရံ တောလိုက်မုဆိုးတွေ ပစ်ခတ်လိုက်တဲ့ သေနတ်ကြောင့် အုပ်စုထဲက တောင်ဆိတ်တစ်ကောင် တောင်အောက်ကို ပြုတ်ကျသွားပြီဆိုရင် တောင်ဆိတ်ခေါင်းဆောင်မှ ထွက်မပြေးဘဲ ပြုတ်ကျသွားတဲ့ တောင်ဆိတ်ကို သွားကယ်တတ်ပါတယ်။ တချို့ တောင်ဆိတ်ခေါင်းဆောင်တွေကတော့ လန့်ပြီး ထွက်ပြေးတာတွေလည်း ရှိတာပေါ့။ ဒါပေမဲ့ များသောအားဖြင့် မုဆိုးတွေ ပစ်ခတ်နေတဲ့ကြားက တောင်အောက်ကို ဆင်းကယ်ကြတာ များပါတယ်။ အဲ့လိုအခြေအနေမျိုးမှာ တောင်ဆိတ်ခေါင်းဆောင်ရဲ့ လုပ်ဆောင်ချက်တွေကို မုဆိုးတွေမှ အံ့သြမှင်သက်စွာ မြင်တွေ့ရပြီး ဆက်လက်ပစ်ခတ်မျိုးမလုပ်တော့ဘဲ ဘာဆက်ဖြစ်ဦးမလဲဆိုတာ စောင့်ကြည့်ကြရပါတယ်။ အဲ့လိုနဲ့ တောင်ဆိတ်ခေါင်းဆောင် ကယ်လာတဲ့ တောင်ဆိတ်ငယ်ဟာ အပေါ်မရောက်ခင် လမ်းတစ်ဝက်မှာ သေနတ်ဒဏ်ကြောင့် တဖြည်းဖြည်းသေသွားတဲ့ပြီး အပေါ်ပြန်ရောက်တဲ့အခါ တောင်ဆိတ်ခေါင်းဆောင်က ရှေ့ကနေ ဦးဆောင်ကာ စောင့်နေတဲ့ နောက်လိုက်အဖွဲ့တွေကို လမ်းပြခေါ်ဆောင်ပါတယ်။ အဲ့လိုခေါ်ဆောင်ပြီး ထွက်သွားတဲ့အခါကျမှ မုဆိုးတွေဟာ ကျန်ရှိနေတဲ့ တောင်ဆိတ်အသေကို သွားယူကြပြီး ပြန်ရတယ်လို့ မှတ်သားဖူးပါတယ်။ တကယ့်ကို လေးစားစရာ စိတ်ဓာတ်ပါပဲ။


တောင်ဆိတ်တွေဟာ ကမ္ဘာမြေကြီးကို အံတုနိုင်တဲ့ တကယ့်ကို ထူးဆန်းသော တိရစ္ဆာန်တွေဖြစ်တဲ့အပြင် ကိုယ့်နောက်လိုက် အဖွဲ့သားတွေထဲက တစ်စုံတစ်ဦး ဒဏ်ရာရရှိခဲ့ရင်လည်း ကိုယ့်အသက်ကိုတောင် မနှမြောဘဲ အသက်ပေး ကယ်ဆယ်တတ်တဲ့ မျိုးချစ်တိရစ္ဆာန်တွေပဲ ဖြစ်ပါတယ်။ သာဓက တစ်ခုအနေနဲ့ ပြောရင် ကျနော်တို့ ရှင်သန်နေထိုင်ရာ လူအဖွဲ့အစည်း၊ အပေါင်းသင်း မိတ်ဆွေများနဲ့ မိသားစုကြားမှာလည်း တစ်ဦးနဲ့ တစ်ဦး မလိုမုန်းထားစိတ်တွေ၊ ချောက်တွန်းတာတွေ၊ သူတပါး ထိခိုက်နစ်နာအောင် ပြုမူဆောင်ရွက်တာတွေ မကြာခဏဖြစ်လေ့ရှိပါတယ်။ တောင်ဆိတ်တွေလို ခိုင်မာရဲရင့်ပြီး ကိုယ်ကျိုးမကြည့်ဘဲ အသက်ပေးတဲ့ စိတ်ဓာတ်တွေ ပျောက်ဆုံးနေတဲ့အပြင် ငါ ငါ ငါ ဆိုတဲ့ အစွဲတွေနဲ့သာ ရှင်သန်နေထိုင်နေကြတာပါ။ ဒီတော့ တောင်ဆိတ်တွေရဲ့ စည်းလုံးမှု၊ လိုက်နာမှု၊ ကိုယ်ကျိုးစွန့်မှုတွေကို သာဓကထားပြီး သင့်ပတ်ဝန်းကျင်နဲ့ သင့်စိတ်တွေကို အမြန်ဆုံးပြောင်းလဲပြီး ဘဝကို တောင်ဆိတ်ခေါင်းဆောင်တွေလိုမျိုး ကြံစပြီး နေထိုင်ပါလို့ ပြောချင်ပါတယ်။

By - Mozex

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။