၃၈ နှစ်မြောက်မွေးနေ့မှာ ပရိသတ်တွေနဲ့အတူ ကိုလူချောအဖွဲ့ကို ဆန်၊ ဆီ၊ အဝတ်အစားတွေ လှူဒါန်းခဲ့တဲ့ နေတိုး

ယနေ့ စက်တင်ဘာလ (၉)ရက်နေ့ကတော့ မြန်မာနိုင်ငံရဲ့ ထိပ်တန်းရုပ်ရှင်သရုပ်ဆောင် ထပ်ဆင့်အကယ်ဒမီ နေတိုးရဲ့ အသက် (၃၈)နှစ်ပြည့် မွေးနေ့လေးပဲဖြစ်ပါတယ်။ အသက် (၃၈)နှစ်သာပြည့်သွားပေမယ့် ယနေ့အချိန်ထိ အောင်မြင်နေဆဲ အောင်မြင်နေမယ့် နေတိုးဟာ ပျိုပျိုအိုအို နှစ်သက်သဘောကျနေကြတဲ့ နှင်းဆီခိုင်ကြီးလည်း ဖြစ်ပါတယ်။ အနေအထိုင်အေးဆေးပြီး ဖြူစင်ရိုးသားတဲ့ နေတိုးဟာ ဘယ်သူ့အပေါ်မဆို ကောင်းမွန်တဲ့စိတ်ထားရှိသူမို့ အနုပညာရှင် အသိုင်းအဝိုင်းမှာသာမက သူငယ်ချင်းများကြားမှာလည်း မျက်နှာပန်းလှတဲ့ အနုပညာရှင် တစ်ဦးပါ။


ဒါ့အပြင် သရုပ်ဆောင်မှုအပိုင်းမှာလည်း သူများတွေနဲ့မတူ တမူထူးခြားတဲ့ Talent တွေရှိတာကြောင့် ယနေ့အချိန်ထိ ပရိသတ် ချစ်ခင်အားပေးခြင်းကို အပြည့်အဝရရှိနေတဲ့အပြင် သီချင်း သီဆိုမှုအဆိုပိုင်းမှာလည်း တော်လွန်းတာကြောင့် ပရိသတ်တွေ အားလုံးက နေတိုးကို အပြတ်အသတ် ဝန်းရံအားပေးနေကြတာလည်း ဖြစ်ပါတယ်။


ယနေ့ကျရောက်တဲ့ (၃၈)နှစ်ပြည့် မွေးနေ့မှာလည်း နေတိုးဟာ မွေးနေ့အမှတ်တရအဖြစ် ကိုလူချောအဖွဲ့ကို ဆန်၊ ဆီ၊ ဆားနဲ့ အဝတ်အစားတွေ အပြင် အလှူငွေကျပ်သိန်း (၂၀)တိတိကို မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးနဲ့အတူ We Love Nay Toe ပရိသတ်များက သွားရောက်လှူဒါန်းခဲ့ပါတယ်။


ဒါ့အပြင် ယမန်နေ့ စက်တင်ဘာလ (၈)ရက်နေ့ကလည်း “ ရူးအောင် ချစ်မယ့်သူ ” Red Carpet Show ကို သမ္မတရုပ်ရှင်ရုံမှာ ကျင်းပခဲ့ပြီး ယနေ့ကျရောက်မယ့် မွေးနေ့အတွက် အကြို Pre Birthday Surprise ကို We Love Nay Toe အဖွဲ့သားတွေက ပြုလုပ်ပေးခဲ့ကြပါသေးတယ်။


အလုပ်တွေကိုသာ ကြိုးစားလုပ်ကိုင်ပြီး ပရိသတ်အတွက် အမြဲကြိုးစားနေတဲ့ မင်းသားချော နေတိုးဟာ အနုပညာသက်တမ်းတလျှောက် သမီးရည်းစားကိစ္စနဲ့ ပတ်သက်ပြီး သတင်းထွက်လာခြင်းတွေမရှိခဲ့သလို ပရိသတ်တွေကလည်း ကိုနေတိုးတစ်ယောက် ဘယ်တော့များမှ အိမ်ထောင်ပြုမလဲဆိုတာ သိချင်နေကြပါတယ်။ ဒါ့အပြင် ယနေ့ကျရောက်တဲ့ နေတိုးရဲ့ မွေးနေ့ကို ပရိသတ်များစွာနဲ့ အနုပညာရှင်များစွာက ဆုတောင်းစကားတွေ ပြောခဲ့ကြပြီး မိန်းမမြန်မြန်ယူဖို့လည်း စနောက်ဆုတောင်းပေးခဲ့ကြပါတယ်။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။