သင့်ရည်းစားဟောင်းနဲ့ပြန်ဆက်ချင်တယ်ဆိုရင် ဒီအချက် (၇)ချက်ကို အရင်လုပ်ကြည့်ပါ

ပြတ်ပြီးသား ရည်းစားဟောင်းနဲ့ ပြန်မဆက်ဖို့ အများစုက အကြံပေးကြပါတယ်။ ဒါပေမဲ့ ဘယ်လိုလုပ်မလဲ။ သင်ကလည်း အဲဒီရည်းစားဟောင်းကိုဘဲ ပြန်တမ်းတနေတယ်။ တကယ်တော့ ကိုယ့်ရည်းစားနဲ့ ကိုယ်နဲ့ကြားက အခြေအနေကို ကိုယ်သာ အသိဆုံးလေ။ သစ္စာဖောက်သွားတဲ့ ရည်းစားမျိုးကိုတော့ ပြန်မဆက်နဲ့ပေါ့လေ။ သင့်ရည်းစားက ပြန်ဆက်ထိုက်တဲ့သူမျိုးဆိုရင်တော့ ပြန်ဆက်ဖို့ စဉ်းစားကြည့်တာကောင်းပါတယ်။ အဲလိုပြန်ဆက်ဖို့မကြိုးစားခင် ဒီအချက်လေးတွေ အရင်လုပ်ကြည့်ပါ။ 


၁) အချိန်ပေးလိုက်ပါ

Egg with drawn sad face near happy ones on roadway Premium Photo

သူ့ကို စဉ်းစားဖို့အချိန်၊ ပြန်သုံးသပ်ဖို့အချိန်ပေးလိုက်ပါ။ အတင်းကြီးလိုက်ကပ်နေတာထက်စာရင် သူသေချာ ပြန်စဉ်းစားဖို့ ခဏလောက် ခပ်ကင်းကင်း နေပေးလိုက်ပါ။ အနည်းဆုံးတစ်လလောက် ဘာအဆက်အသွယ်မှ မလုပ်ပါနဲ့။ ဖုန်းမခေါ်နဲ့။ စာမပို့နဲ့။ ဘယ် Social Media ကမှ မဆက်သွယ်နဲ့။ ဖြစ်နိုင်ရင် အကုန် Block ထားပါ။ သူ့Facebook ထဲလည်း ဝင်ပြီး မစူးစမ်းပါနဲ့။ သူ့ကိုတွေ့ရမလားဆိုပြီး သူရှိတတ်တဲ့နေရာမျိုးတွေသွားတာ၊ သူနဲ့ခင်တဲ့သူငယ်ချင်းတွေနဲ့တွေ့တာမျိုး လုံးဝမလုပ်ပါနဲ့။ သူမရှိခဲ့တဲ့အချိန်ကလို ပျော်ရွှင်လွတ်လပ်တဲ့လူတစ်ယောက်အဖြစ် ပြန်နေကြည့်ပါ။


၂) နှုတ်စောင့်ပါ

Supporting frustrated female Free Photo

ရည်းစားနဲ့ပြတ်သွားတယ်၊ ခံစားရတယ်။ သူငယ်ချင်းတွေဆီ ရင်ဖွင့်တယ်။ ကြေကွဲလို့ ရင်ဖွင့်တာက ဖြစ်နေကျပါပဲ။ မကောင်းကြောင်းတော့ မပြောသင့်ပါဘူး။ သင်ဆိုရင်ရော သင်သိပ်ချစ်ခဲ့ရပါတယ်ဆိုတဲ့ ရည်းစားက သင်နဲ့ပြတ်သွားတဲ့အခါ သူ့သူငယ်ချင်းတွေကို သင့်မကောင်းကြောင်းတွေ၊ နှစ်ကိုယ်ကြား လျှို့ဝှက်ချက်တွေ ပြန်ပြောပြမယ်ဆိုရင် သင်ကြိုက်ပါ့မလား။ ဘယ်လိုအကြောင်းကြောင့်ပဲ ပြတ်ပြတ် ရည်းစားဟောင်းမကောင်းကြောင်း ပြန်ပြောတာ ကောင်းတဲ့အရာတစ်ခု မဟုတ်ပါဘူး။ တကယ်လို့များ ရည်းစားဟောင်းနဲ့ ပြန်တွဲဖြစ်ခဲ့ရင် ကိုယ့်ရည်းစားနဲ့ကိုယ့်သူငယ်ချင်းတွေကြားက ဆက်ဆံရေးက ကောင်းနိုင်ပါဦးမလား။


၃) မတောင်းပန်နဲ့


သင်နဲ့ပြတ်ပြီးနောက် သူကနောက်တစ်ယောက်နဲ့တွဲသွားတယ်။ သင်ဘယ်လိုမှ မခံစားနိုင်ဘဲ သူ့ကို တောင်းပန်တဲ့စာတွေ မပို့ပါနဲ့။ သူမရှိရင် မနေနိုင်ပါဘူးဆိုပြီး ပြန်မခယပါနဲ့။ တကယ်လို့ တစ်ဖက်က ဖုန်းမကိုင်ရင်လည်း social media ကနေ သွားပြောတာမျိုးတွေ မလုပ်ပါနဲ့။ အရေးကြီးဆုံးကတော့ သူလက်ရှိတွဲနေတဲ့ ရည်းစားအသစ်ကို သွားမပတ်သက်ပါနဲ့။ တောင်းပန်ခြင်းက နေရာတိုင်းမှာ အသုံးမဝင်ပါဘူး။ ဒီလို အချိန်မှာ သင်သွားတောင်းပန်လိုက်လို့လည်း သင့်သိက္ခာ ကျသွားရုံအပြင် ဘာမှ ထူးလာမှာ မဟုတ်ပါဘူး။ သင့်စိတ်ထဲမှာ တစ်ခုသိထားရမှာက နောက်တစ်ယောက်နဲ့ သူဘယ်လောက်ပဲ တွဲတွဲ၊ သင့်ကိုတော့ ချက်ချင်းမေ့ပစ်လို့မရပါဘူး။ ဆိုတော့ အသာလေး လွှတ်ထားလိုက်ပါ။


၄) ပြောင်းလဲပါ

Female exercise walking on the beach in the morning. Premium Photo

Relationship တစ်ခု ပြိုကွဲသွားပြီဆိုရင် နှစ်ဦးနှစ်ဖက်လုံးက အချိန်ယူရပါတယ်။ နှစ်ယောက်လုံး အတိုင်းအတာတစ်ခုထိတော့ ခံစားရတာချည်းပါပဲ။ ဘယ်သူမှ လမ်းခွဲပြီးပြီးချင်း ပျော်ရွှင်မြူးတူး မနေနိုင်ပါဘူး။ ဒါကြောင့် သူ့ကိုလည်း စဉ်းစားဖို့အချိန်ပေးရမှာဖြစ်သလို သင့်အတွက်သင်လည်း အချိန်ပေးပါ။ ဒီရည်းစားကို ဘဝအတွက် တကယ်ပဲ မရှိမဖြစ်လိုအပ်နေတာလား၊ ဒါမှမဟုတ် တွဲတာကြာလာလို့ အကျင့်ပါနေတာလား ဆိုတာ စဉ်းစားပါ။ လိုချင်တာနဲ့လိုအပ်တာက မတူပါဘူး။ 

ဒါကြောင့် ဒီအချိန်အတောအတွင်းလေးမှာ တစ်ယောက်တည်းနေကြည့်ပါ၊ စိတ်ဝင်စားတဲ့အရာတွေကို လုပ်ကြည့်ပါ၊ သင်ပျော်မယ်ထင်တဲ့အရာတွေကို စမ်းသပ်ကြည့်ပါ။ အမြဲနှစ်ယောက်အတူတူကနေ တစ်ယောက်ထဲဖြစ်သွားတဲ့ ခံစားချက်က ဖျောက်ဖို့ မလွယ်ဘူးဆိုတာတော့ သိပါတယ်။ ဒါပေမဲ့ သင်တစ်ယောက်တည်း ဖြတ်သန်းကြည့်တဲ့အခါ သင်သတိမထားမိတဲ့ သင့်ရဲ့ပုံစံသစ်တစ်ခုကို သင်မြင်ရပါလိမ့်မယ်။ ငိုချင်တဲ့အခါ ငိုပစ်လိုက်ပြီး ပျော်စရာတွေကိုလည်း ပျော်ဖို့မမေ့ပါနဲ့။

တရားထိုင်ပါ။ ကိုယ့်ကိုယ်ကိုယ် လှပသပ်ရပ်အောင်နေပါ။ ကိုယ့်အချိန်ကိုယ် တန်ဖိုးထားပါ။ ကိုယ့်ကိုယ်ကိုယ် လက်ခံပါ၊ ယုံကြည်မှု ရှိပါ။ သင့်ရည်းစားဟောင်းနဲ့ ပြတ်နေစဉ်အတွင်း အခြားသော Date အသေးစားလေးတွေ လုပ်ကြည့်ပါ။ တစ်ယောက်တည်း အထီးကျန်မှာ ကြောက်တဲ့ ခံစားချက်ကို ကျော်လွန်နိုင်ပြီဆိုရင်တော့ သင့်ရည်းစားဟောင်းနဲ့ပြန်ဆက်ဖို့အကြောင်း စဉ်းစားကြည့်ပါ။


၅) သင်တို့ ပြဿနာက ပြုပြင်လို့ရနိုင်လား စဉ်းစားပါ


သင့်ရည်းစားဟောင်းကို သတိရတယ်၊ ပြန်တွဲချင်တယ်၊ အချိန်တွေနောက်ပြန်ဆုတ်ချင်တယ်။ ဒါက သတိရတဲ့သူတိုင်း ဖြစ်တတ်တာပါပဲ။ ဒါပေမဲ့ သင်သေချာ စဉ်းစားဖူးလား။ သင့်ရည်းစားဟောင်းကို ဘာအတွက် ပြန်တွဲချင်တာလဲဆိုတာ သင်လေးလေးနက်နက် စဉ်းစားဖူးလား။ သေချာတာတစ်ခုက သူ့မှာ ဘယ်လောက်ပဲ သူမတူတဲ့ ထူးခြားချက်တွေ ရှိနေပါစေ၊ အားနည်းချက်တွေကလည်း ရှိနေအုံးမှာပါပဲ။ အဲဒီအားနည်းချက်တွေကိုလည်း သင်ရေရှည်လက်ခံနိုင်လား၊ ပြုပြင်လို့ရနိုင်လား သေချာစဉ်းစားကြည့်ပါ။ ဥပမာ-ဘာသာရေးကိစ္စ၊ မိသားစုကိစ္စ၊ အိမ်ထောင်ပြုပြီး ကလေးယူမယူကိစ္စ လိုမျိုးတွေပေါ့။


၆) ဆက်သွယ်ပါ

Image result for couple at cafe

တစ်လ နှစ်လလောက် အဆက်အသွယ်ဖြတ်ပြီး နေပြီးသွားပြီ။ သင့်စိတ်လည်း အတိုင်းအတာတစ်ခုထိ တည်ငြိမ်သွားပြီ။ သင့်ရည်းစားနဲ့ပြန်ဆက်သင့်တယ်လို့ သင်ခံစားရတယ်ဆိုရင်တော့ စတင်ဆက်သွယ်လိုက်ပါ။ တစ်လ နှစ်လလောက် အဆက်အသွယ် မလုပ်ဘဲ နေခဲ့တာဆိုတော့ တစ်ဖက်ကလည်း အတွေ့မခံဘဲတော့ မနေပါဘူး။ တွဲလာတာကြာပြီဆိုရင်တော့ “ငါနင့်ကိုသတိရတယ်” ဆိုတဲ့ စကားမျိုးနဲ့ အစပြုပါ။ တွဲတာ သိပ်မကြာသေးဘူး ဆိုရင်တော့ ကော်ဖီသောက်ဖို့ပဲဖြစ်ဖြစ် ချိန်းပါ။ အရင်က သင်မှားခဲ့တာတွေ ရှိရင်လည်း တောင်းပန်လိုက်ပါ။ ပြီးရင်တော့ ပြတ်စဲခဲ့တဲ့အကြောင်းနဲ့ ပတ်သက်ပြီး ပြန်ဆွေးနွေးကြည့်ပါ။ ငြင်းခုံတာမျိုးမဟုတ်ဘဲ အနာဂတ်မှာ အဆင်ပြေဖို့အတွက် ညှိနှိုင်းကြည့်ပါ။ 


၇) ဂရုစိုက်ပါ


နှစ်ဦးသား ပြန်တွဲကြပြီဆိုရင်တော့ အစပိုင်းတော့ သေချာဂရုစိုက်ရပါမယ်။ ယုံကြည်မှုဆိုတာလည်း ဗြုန်းစားကြီး ပြန်ရှိလာမှာ မဟုတ်ဘူးလေ။ ဒါကြောင့် အရင်ထက်ပို လေးနက်မှုရှိရပါမယ်။ ကြိုက်တာ၊ မကြိုက်တာတွေကိုလည်း သေချာညှိနှိုင်းထားရပါမယ်။ ပြန်တွဲကြတဲ့အခါ ပျော်ရွှင်ကြည်နူးစရာကောင်းတယ် ဆိုပေမယ့် စည်းလွတ်ဝါးလွတ်မဖြစ်အောင်တော့ ထိန်းသိမ်းရပါမယ်။ နောက်ပိုင်း အသားကျသွားပြီဆိုမှ စိတ်လွတ်ကိုယ်လွတ်ပျော်ပါ။ 


ပြန်ဆက်ဖို့ နည်းလမ်းတော့ ပြောပြီးသွားပါပြီ။ ကိုယ့်သဘောနဲ့ကိုယ် ပြန်ဆက်ပြီးရင်တော့ နောက်ဆက်တွဲ ကိစ္စတွေကို ကိုယ်တိုင်ဖြေရှင်းရမှာနော်။ ပြန်ဆက်ပြီးမှ နောင်တရတာမျိုးတော့ မဖြစ်စေနဲ့ပေါ့။ တစ်ခါ နှစ်ခါ ထက်မက ပြတ်ပြီးသွားရင်တော့ ပြန်ဆက်ဖို့မစဉ်းစားသင့်တော့ပါဘူး။ ဒါက ဘယ်လိုနည်းနဲ့မှလည်း အဆင်ပြေတဲ့ Relationship တစ်ခု ဖြစ်လာမှာ မဟုတ်ဘူးဆိုတာ ယုံပါ။


Photo Credit; freepik.com


we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။