ကိုယ်ဂရုမစိုက်တာကြာလာရင် တခြားမိန်းမရဲ့ ယောကျ်ားဖြစ်သွားနိုင်တယ်ဆိုတဲ့ မိုးမိုးနဲ့ မြတ်ပီတိမိုး

သီချင်း အေးအေးလေးတွေ သီဆိုပြီး ပရိသတ်တွေကို ဖမ်းစားထားတဲ့ အဆိုတော် မိုးမိုးဟာ ယနေ့အချိန်ထိ လူငယ်ပရိသတ်များကြားမှာ အောင်မြင်နေဆဲဖြစ်တဲ့အပြင် သူ့ရဲ့ သီချင်းလေးတွေကိုလည်း ပရိသတ်တွေက ကြိုက်နှစ်သက် အားပေးနေဆဲဖြစ်ပါတယ်။ မိုးမိုးဟာ သီချင်းသီဆိုမှုအပိုင်းမှာ ကျွမ်းကျင်သလို သရုပ်ဆောင်မှုအပိုင်းမှာလည်း ဝါရင့်သရုပ်ဆောင်တစ်ဦးလို ထူးချွန်စွာ သရုပ်ဆောင်နိုင်တာကြောင့် ပရိသတ်အားပေးမှုကို ပိုမိုရရှိလာခဲ့ပါတယ်။ 


လက်ရှိမှာတော့ မိုးမိုးဟာ “ရူးအောင်ချစ်မယ့်လူ” ဇာတ်ကားကြီးရဲ့ ဇာတ်ဝင်တေးကို ဖန်တီးပေးထားပြီး အဆိုပါ ဇာတ်ဝင်တေးနဲ့ ပတ်သက်ပြီး We Celeb Interview မှာ အခုလိုပြောပါတယ်။ “ ရှေ့က ဇာတ်ကားတွေမှာ ကိုယ်တီးလိုက်ရင် မကြိုက်ကြတာမျိုးတို့ တခြားလူတစ်ယောက်နဲ့ ပေါင်းတီးခိုင်းတာမျိုးတို့ ဒါမျိုးတွေ ကြုံရတယ်။ ဒီကားကတော့ မပြင်ထားဘူးလို့ ပြောတယ် .. အဲ့တော့ ပိုပြီး ရင်ခုန်တယ်။ အမှတ်တရအနေနဲ့ ပြောမယ်ဆိုရင် စကြည့်လိုက်တဲ့အချိန်မှာ အစအဆုံး ထိုင်ကြည့်လိုက်တယ်။ ပြီးသွားတဲ့အချိန်မှာ ဟာ .. ဘယ်လိုကြီးပြီးသွားတာလဲဆိုပြီး ရင်ဘက်ထဲ ဟာတာတကြီး ကျန်ခဲ့တယ်။ တစ်ခေါက်ကြည့်တယ် နှစ်ခေါက်ကြည့်တယ် သုံးခေါက်လောက်မှ အရသာရှိလာတာ။ အရသာရှိတော့ တီးတောင် မတီးချင်တော့ဘူး။ ကိုယ်တီးလိုက်ရင် ပျက်သွားစိုးလို့ ” လို့ ပြောပါတယ်။


လက်ရှိ အိမ်ထောင်ရေး ကံကောင်းလားဆိုတာနဲ့ ပတ်သက်ပြီးတော့လည်း မိုးမိုးက “ ကံကောင်းတာပေါ့။ ကျနော် သက်သာတယ်လေ။ ဘာလို့လဲဆိုတော့ ကလေးထိန်းတဲ့နေရာတို့ ဘာတို့ .. သူကအရမ်း Details လုပ်တယ်။ ကလေးထိန်းတာဆိုရင်လည်း စာတွေ ဖတ်တယ်။ ဘယ်နှစ်လမှာ ဘယ်လို ကလေးဒါဖြစ်ရင် ဘာဖြစ်မယ်။ ဥပမာ ကလေးလက်သီးဆုပ်တာကအစ ဒါဆို ကလေးနို့ဆာလို့ .. အော်တဲ့ အသံက အစ ဘယ်လိုဆိုရင် ဘယ်လိုဖြစ်လို့ အဲ့တာက အစပေါ့နော်။ ကျနော်ကလည်း သူ့ကို ပံ့ပိုးပါတယ်။ နို့ကို တစ်နေ့ဘယ်လောက် သောက်တာကအစပေါ့နော်။ အဲ့လိုပေါ့ ကျနော် ကံကောင်းပါတယ်။ နောက်တစ်ခုအနေနဲ့ကျတော့ ပြသာနာရှိထားတဲ့ လူတစ်ယောက်အနေနဲ့ ပိုတောင် ကံကောင်းတယ်လို့ ပြောလို့ရပါတယ် ” ဆိုပြီး သူ့ရဲ့ ဇနီးအကြောင်းကို ပြောပြပါတယ်။


မိုးမိုးရဲ့ ဇနီး မြတ်ပီတိမိုးကလည်း “ သမီးဝါသနာပါခဲ့တာက မော်ဒယ်အလုပ် .. မင်းသမီးတစ်ယောက်ဖြစ်တဲ့အထိ ဖြစ်ချင်တဲ့ မျှော်လင့်ချက် အိမ်မက်ရှိတယ်။ ဒါပေမဲ့ သူနဲ့ အိမ်ထောင်စပြုလိုက်တဲ့အချိန်မှာ အဲ့တာတွေ အကုန်လုံးကို သမီးဖြတ်တောက်ပစ်လိုက်ရတယ်။ အဲ့တာ ဘာလို့လဲဆိုတော့ ဘယ်လိုပြောမလဲ .. ပတ်ဝန်းကျင်ရဲ့ စကားလုံးတွေကို အဲ့အထဲက မိန်းမမဟုတ်ဘူးဆိုတာ ပြချင်တဲ့အတွက် တစ်ခုကို လက်လွှတ်လိုက်ရတယ်။ လက်လွှတ်ပြီးတော့ အိမ်ထောင်ရေးဘက်ကို ပြန်တည်ဆောက်ထားတယ်ပေါ့နော်။ တည်ဆောက်ပြီးတော့မှ ငါလုပ်လို့ရပြီ လုပ်ခွင့်ရှိသေးလို့ အရွယ်လေးလည်း ကျန်မယ်ဆိုရင်တော့ လုပ်မယ်လို့ ရည်ရွယ်ထားတယ် ” လို့ပြောပါတယ်။


ဒါ့အပြင် မိုးမိုးက “ သားသမီးနဲ့ ယောကျ်ား ဘယ်သူ့ကို Care ပိုလုပ်မလဲဆိုရင် သူက ယောကျ်ားကို Care လုပ်မယ်တဲ့။ ဘာဖြစ်လို့လဲဆိုတော့ သားသမီးက ကိုယ်မွေးထားတာတဲ့ သားသမီးဘဲတဲ့ ဘယ်အချိန်နေနေ ဒါကိုယ့်သားသမီးပဲဖြစ်မှာ .. ယောကျ်ားက ကျတော့ ကိုယ်ဂရုမစိုက်တာ ကြာလာရင် တခြားမိန်းမရဲ့ ယောကျ်ားဖြစ်သွားနိုင်တယ်တဲ့။ အဲ့တော့ သူက ယောကျ်ားကို အဲ့လို ဂရုစိုက်မယ်ပေါ့နော်။ သူ့ရဲ့ အိုင်ဒီယာလေး မဆိုးဘူးပေါ့နော် ” လို့ ပြောပြပါတယ်။


အဆိုပါ စကားကို မြတ်ပီတိမိုးက အခုလို ပြန်ပြောပါတယ်။ “ သူက ပြိုကွဲထားပြီးထားလေ။ ကိုယ့်လက်ထဲရောက်မှ ထပ်ပြိုကွဲသွားရင် ကိုယ်က မှန်နေရင်တောင်မှ ဘယ်လိုပြောမလဲ မဟုတ်တာပြောတတ်တဲ့ လူတွေရဲ့ စကားလုံးထဲမှာ ဖြစ်သွားမှာ။ ပြောရမယ်ဆိုရင် အဖြစ်မခံနိုင်ဘူး။ မခံနိုင်တဲ့အတွက်ကြောင့် ဘယ်လိုပြောမလဲ သားသမီးက အိမ်ပေါ်ကဆင်းသွားရင် အိမ်ပေါ်က တစ်ရက်ထွက်သွားတယ် ဆိုပေမယ့် ပြန်လာရင် ငါ့သားသမီးဘဲ။ ကိုယ့်ယောကျ်ားကျတော့ ထွက်သွားပြီဆိုတည်းက ဘာတွေဖြစ်တော့မလဲဆိုတာ ကိုယ်တွေးရတော့မယ်။ မမြင်ရတဲ့ဟာတွေ ဒီမိသားစု ပြိုကွဲသွားမှာ .. အဲ့တော့ ကိုယ်ကတော့ သူပြောတဲ့ စကားကို ပြန်ပြင်ပြီး ပြောပေးတာပါ ” လို့ ဆိုပါတယ်။


အဆိုတော် မိုးမိုးဟာ (၂၀၁၆)ခုနှစ်၊ သြဂုတ်လတုန်းက ယခင်ဇနီးသည်နဲ့ နားလည်မှုတွေ လွဲမှားခဲ့ခြင်းနဲ့ ပတ်သက်ပြီး တရားရုံးမှတဆင့် တရားဝင် အိမ်ထောင်ရေး ပြတ်ဆဲခွင့် ရရှိခဲ့ပြီး  အခုချိန်မှာတော့ ပျော်ရွှင်ကြည်နူးစရာ အိမ်ထောင်တစ်ခုကို ထပ်မံပိုင်ဆိုင်ထားသူလည်း ဖြစ်ပါတယ်။ အနုပညာလမ်းကြောင်းပေါ်မှာ ပရိသတ်အခိုင်အမာနဲ့ ရပ်တည်နေတဲ့ အဆိုတော် မိုးမိုးဟာ လက်ရှိအချိန်မှာတော့ ပရိသတ်တွေနဲ့ ထပ်မံထိတွေ့နိုင်မယ့် သီချင်းအသစ်တွေကို ဆက်လက်လုပ်ကိုင်နေတယ်လို့လည်း သိရပါတယ်။ ဒီတော့ ပရိသတ်အချစ်တော် မိုးမိုးရဲ့ Interview လေးကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်နော်။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။