ဝိတ်တော့ ကျချင်တယ် အစားသောက်ကျတော့မရှောင်တဲ့ ငပျင်းလေးတွေအတွက် ဝိတ်ချနည်း

ဝတဲ့မိန်းကလေးတိုင်း ဝိတ်ကျပြီး ခန္ဓာကိုယ်သွယ်လှနေတာပဲဖြစ်ဖြစ် ကျစ်လစ်နေတာပဲဖြစ်ဖြစ် လိုချင်ကြပါတယ်။ အဲ့တော့ တခြားမိန်းကလေးတွေကို ကြည့်ပြီး သူ့လို ပိန်ချင်လိုက်တာ၊ သူ့လို ခန္ဓာကိုယ်အချိုးအစားလေး လှချင်လိုက်တာဆိုပြီး အမြဲတမ်းလည်း အားကျနေမှာ အမှန်ပါ။ အဲ့လိုအားကျတော့ Gym ခန်းမတွေဆီသွား (၂)လနဲ့ ဝိတ်ကျမယ်ဆိုပြီး Challenge လုပ် .. စဆော့တုန်းကတော့ (၁)ပတ် (၂)ပတ် သင်တန်းကို မပျက်မကွက်သွားပြီး နောက်တော့ မအားတာနဲ့ ပျင်းတာနဲ့ပဲ (၁)ပတ်မှ (၃)ခေါက်လောက်ပဲ သွားဖြစ်တော့တယ်။ နောက်ဆုံး သင်တန်းကြေးသာ ဆုံးသွားတယ် ခန္ဓာကိုယ်က ဒီအတိုင်းက ဒီအတိုင်းဘဲ အဲ့တော့ ငါ ဒီတစ်သက် ဝိတ်မကျနိုင်တော့ဘူးဆိုပြီး Stress များ နောက်တော့ Depression တွေဝင်ပြီး အားငယ်နေကြတာ များပါတယ်။


ဝိတ်သာကျချင်တယ် အစားအသောက်ကျတော့ ဘာမြင်မြင် အကုန်စားချင်နေပြီး မိနစ်(၃၀)ကြာ တစ်ခါဗိုက်ဆာနေမယ်ဆိုရင်တော့ ဘယ်တော့မှ ဝူခုန်းလိုဖြစ်လာမှာမဟုတ်ဘဲ ပါကျဲလို ဝက်ပုတ်ကြီးပဲ ဖြစ်နေမှာပါ။ တကယ့် ဝိတ်ချနည်းအမှန်က အစားအသောက် လျော့/ရှောင်ရမယ်၊ နေ့တိုင်း ပုံမှန် လေ့ကျင့်ခန်းလုပ်ရမယ်၊ ညစာကို ကယ်လိုရီတက်စေမယ့် အစားအသောက်တွေအစား သစ်သီးလေးတွေ၊ ဖျော်ရည်လေးတွေ သောက်ရမယ် ဒါဆိုရင်တော့ သေချာပေါက် ဝိတ်ကျမှာအမှန်ပါ။


လူတစ်ယောက်နဲ့ တစ်ယောက်က ခန္ဓာကိုယ်ဖွဲ့စည်းပုံ အချိုးအစားခြင်း မတူတဲ့အတွက် တချို့ ဝတဲ့မိန်းကလေးတွေဆို အစားအသောက်မပြောနဲ့  ရေသောက်လဲ ဝိတ်တက်၊ အသက်ရှုလည်း ဝိတ်တက် နောက်ဆုံး အိပ်ရေးပျက်ရင်တောင် ဝိတ်တက်နေတာကြောင့် အမြဲတမ်းျ စိတ်ပင်ပန်းလူပင်ပန်းရပါတယ်။ ဒီတော့ ဝိတ်သာကျချင်တယ် ဘာမှမလုပ်ချင်တဲ့ ငပျင်းလေးတွေအတွက် ငပျင်းဝိတ်ချနည်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။


၁။ တစ်ရက်ကို ရေ(၁၀)ခွက်သောက်ပါ


ဝိတ်ကျချင်သူတွေအနေနဲ့ တစ်ရက်ကို ရေ(၁၀)ခွက်သောက်ပေးရမှာပဲ ဖြစ်ပါတယ်။ ဘယ်လိုသောက်ရမလဲဆိုတော့ မနက်အိပ်ယာနိုးတာနဲ့ (၂)ခွက်၊ မနက်(၁၀)မှာ (၂)ခွက်၊ နေ့လည်(၁၂)နာရီမှာ (၂)ခွက်၊ ညနေ(၃)နာရီမှာ (၂)ခွက်နဲ့ ညပိုင်း ထမင်းမစားခင် (၂)ခွက်တို့ သောက်ရမှာပဲ ဖြစ်ပါတယ်။ ဘာဖြစ်လို့ ရေတွေ အများကြီးသောက်ခိုင်းလဲဆိုတော့ ဒီနည်းလမ်းက ခန္ဓာကိုယ်အတွင်း ရေဓာတ်ဖြည့်တင်း ပေးနိုင်တဲ့အပြင် ဗိုက်ထဲ ရေတွေပြည့်သွားခြင်းကြောင့် အစားကိုလည်း သိပ်မစားနိုင်တော့ဘဲ အလိုလို လျော့ပြီးသား ဖြစ်လို့ပါ။

၂။ အစားအသောက် ဆင်ခြင်ပါ


ဝိတ်ချချင်သူတွေအနေနဲ့ အစားအသောက်တွေကို တွေ့တိုင်း မြင်တိုင်း ဝယ်စားလို့မရပါဘူး။ ကိုယ်စားလိုက်တဲ့ ဝိတ်တက်အစားအစာ တစ်ခုကြောင့် ကိုယ်ကြိုးစားသမျှတွေ အကုန် ဆုံးရှုံးကုန်မှာ စိုးလို့ပါ။ ဒီတော့ စားသောက်မှု စနစ်ကို ဖြည်းဖြည်းချင်း ပြောင်းကြည့်ဖို့ ကြိုးစားပါ။ ဥပမာ နေ့လည်နေ့ခင်း ဗိုက်ဆာလာရင် ဘယ်အစားအသောက်မှ မစားဘဲ ကော်ဖီခါးခါးလေး သောက်လိုက်တာမျိုးပေါ့။

၃။ စိတ်မညစ်အောင် နေပါ


လူတစ်ယောက်က စိတ်ညစ်ရင် အလိုလိုနေရင်း ဝမ်းနည်းမှုတွေဖြစ်လာပြီး မလုပ်သင့်တာတွေရော လုပ်သင့်တာတွေရော လျှောက်လုပ်တတ်ပါတယ်။ လေ့လာသူတွေရဲ့ တွက်ဆိုချက်အရ အချိန်အကြာကြီး စိတ်ညစ်စရာတွေ၊ စိတ်ဖိစီးမှုတွေကို ခံစားနေရမယ်ဆိုရင် သင့်ရဲ့ ကိုယ်အလေးချိန်ဟာ တဖြည်းဖြည်း တိုးလာစေနိုင်တဲ့ အဓိက အကြောင်းအရင်းဖြစ်လာတယ်လို့ ဆိုပါတယ်။ ဒါကြောင့်မို့ စိတ်ညစ်စရာတွေ၊ ဝမ်းနည်းစရာတွေ ကြုံလာတိုင်း ခဏပဲ ခံစားပြီး ပျော်စရာနည်းလမ်းလေးတွေရှာကာ ပျော်ရွှင်အောင် နေထိုင်ပါ။

၄။ (၁၀)မိနစ်လောက် လေ့ကျင့်ခန်းလုပ်ပါ


တနေ့လုံး (၁၅)နာရီလောက် အပျင်းထူနေပြီးတော့မှ (၁၀)မိနစ်စာလေးလောက်တော့ အချိန်ပေးပြီး လေ့ကျင့်ခန်းလုပ်နိုင်မယ်ထင်ပါတယ်။ လူတစ်ယောက်က တနေ့ကို နဖူးမှာ ချွေးလေးစို့အောင် လှုပ်ရှားမှုရှိမှ ခန္ဓာကိုယ်ကြွက်သားတွေ နိုးကြွပြီး လူကို လန်းဆန်းစေမှာဖြစ်ပါတယ်။ ဒါကြောင့် Gym သွားဖို့ကို ပျင်းနေတယ်ဆိုရင်တော့ ခန္ဓာကိုယ်မှာရှိနေတဲ့ ကယ်လိုရီတွေကို လောင်ကျွမ်းစေဖို့ လေ့ကျင့်ခန်းလေးတော့ ပုံမှန်လုပ်ပေးဖို့ လိုပါတယ်။ ဥပမာ ရေမချိုးခင် သွေးပူလေ့ကျင့်ခန်းအဖြစ် မနက်ပိုင်း လမ်းထ လျှောက်တာ၊ ကြိုးခုန်တဲ့ လေ့ကျင့်ခန်း၊ ထိုင်ထ လေ့ကျင့်ခန်းနဲ့ လှေကားတက်တာမျိုး စတဲ့ လေ့ကျင့်ခန်းတွေကိုတော့ ပုံမှန် လုပ်ပေးဖို့လိုပါတယ်။

၅။ ပွပွဖောင်းဖောင်းရှိတဲ့ အဝတ်အစားတွေကို ရှောင်ပါ


ဝတဲ့သူတွေက အဝတ်အစားဝတ်ရင် သူတို့ဝတာ လူသိမှာစိုးရိမ်တဲ့အတွက် ပွပွယွယွရှိတဲ့ အဝတ်အစားတွေကို ဝတ်ဆင်ကြပါတယ်။ အဲ့လို ဝတ်ဆင်ခြင်းကြောင့် သူတို့ရဲ့ ဗိုက်ခေါက်ထွက်တာ၊ လက်မောင်းတွေ တုတ်ခဲနေတာကို ကာကွယ်ပြီးသား ဖြစ်သွားပါတယ်။ တစ်နည်းအားဖြင်တော့ တကယ့်ကိုကောင်းမွန်တဲ့ ဖက်ရှင်တစ်မျိုးလို့ဆိုလို့ရပေမယ့် အဆိုးဘက်ကြည့်ရင် သိပ်တော့မကောင်းပါဘူး။ ဘာလို့လဲဆိုတော့ အဝတ်အစား ဝတ်တဲ့အခါ ပွပွယွယွကြီးတွေ ဝတ်တာမျိုးကို ရှောင်ပြီးတော့ ကိုယ့်ခန္ဓာကိုယ်နဲ့ ကွက်တိ ဖြစ်နေတဲ့ အဝတ်အစားမျိုးတွေကို ဝတ်ကြည့်ဖို့လည်း လိုပါတယ်။ ဒါမှလည်း ကိုယ်ဘယ်လောက်အထိ ဝနေလဲဆိုတာကို သိပြီး ဝိတ်လျော့ဖို့ Motivation ဖြစ်လာမှာဘဲ ဖြစ်ပါတယ်။ 


ကဲ .. ဒီတော့ ဝတုတ်လေးတွေအတွက် လွယ်ကူရိုးရှင်းပြီး သိသိသာသာ ဝိတ်ကျစေမယ့် နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပြီနော်။ ကိုယ်တိုင် လုပ်ကြည့်ဖို့ပဲ လိုတော့တယ်။ နံပတ် (၄)အချက်ကတော့ နည်းနည်း လှုပ်ရှားတာပါပေမယ့် လူတစ်ယောက်က မလှုပ်မရှားရင် ကယ်လိုရီတွေ ပိုတတ်တဲ့အပြင် ကြွက်သားတွေလည်း ကိုက်ခဲစေလို့ ထည့်သွင်း ရေးသားပေးလိုက်ခြင်းဖြစ်ပါတယ်။ 

By - Mozex

Photo – Pinterest / pixabay

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။