အမြန်ဆုံးဝိတ်ကျဖို့ ကူညီပေးမယ့် ဆေးဘက်ဝင်ဟင်းခတ်ပင် (၅) မျိုး

ဝိတ်လည်းကျချင်တယ်၊ သဘာဝနည်းကိုလည်း သုံးချင်တယ်ဆိုရင်တော့ ပျိုမေတို့အတွက် နည်းလမ်းကောင်း တွေ ရှိပါတယ်။ နေ့စဉ်တွေ့မြင်နေကျ ဟင်းချက်စရာပစ္စည်းတွေက အမယ်တချို့ကို အသုံးပြုရုံပါပဲ။ အဲဒါက တော့ ဆေးဖက်ဝင်တဲ့ သဘာဝဟင်းခတ်အမွှေးအကြိုင်ပင်တချို့ကို ဝိတ်ကျဖို့ အသုံးပြုတာပါပဲ။ သဘာဝပစ္စည်း တွေဖြစ်တဲ့ အဲဒီအပင်တွေဟာ ဟိုမုန်းညီမျှစေခြင်း၊ အစာကြေစေခြင်းနဲ့အတူ ခန္ဓာကိုယ်ရဲ့ ဝိတ်ကိုလည်း ကျစေပါတယ်။


၁။ ပူစီနံပင်


လီမွန်ရည်ထဲကိုဖြစ်ဖြစ် လက်ဖက်ရည်ပူပူမှာပဲဖြစ်ဖြစ် ပူစီနံခတ်ပေးခြင်းက အရသာကို ပိုတိုးစေပြီး အနံ့လည်း ပိုကောင်းစေပါတယ်။ သွားရည်စာနဲ့ အစားအသောက်အမျိုးမျိုးမှာ ထည့်သွင်းအသုံးပြုတဲ့ ပူစီနံဟာ ဆာလောင်မှုသက်သာစေပြီး ဝိတ်ကျစေပါတယ်။ ပူစီနံဟာ အစာခြေဖျက်မှုအတွက် အထောက်အကူဖြစ်စေပြီး အစာကြေခြင်းဟာ ဝိတ်ကျဖို့အတွက် အရေးကြီးတဲ့ အချက်တစ်ခုပါပဲ။ ဒါ့ပြင် ပူစီနံဟာ အူမကြီးဆိုင်ရာ ရောဂါ တွေ ကုသရေးအတွက် အထိရောက်တဲ့ အမျိုးအမယ်တစ်ခု ဖြစ်ပါတယ်။


၂။ တောရှုံးပင် (Oregano)


ပီဇာနဲ့ sandwich တို့လို မုန့်တွေမှာ Oregano မှုန့်လေးတွေ ဖြူးထားတာကို တွေ့ဖူးကြမှာပါ။ အဲဒီ ဟင်းခတ်ပင်ဟာ polyphenols နဲ့ flavonoids တို့လို bioactive ဒြပ်ပေါင်းတွေ ကြွယ်ဝစွာပါဝင်နေပါတယ်။ အဲဒီအင်ဇိုင်းနှစ်မျိုးလုံးဟာ အင်ဆူလင် function အတွက် အရေးကြီးတဲ့အရာတွေ ဖြစ်ပြီး ဆီးချိုရောဂါ ကုသရေးအတွက် အထောက်အကူ ဖြစ်စေပါတယ်။ ဒါ့ပြင် Oregano ဟာ ဝမ်းချုပ်ခြင်းကို လျော့ပါးသက်သာ စေပြီး အစာအိမ်နဲ့ အစာခြေစနစ်ကိုလည်း ပိုကောင်းစေပါတယ်။


၃။ ရို့စ်မေရီ (Rosemary)


ရို့စ်မေရီလို့ခေါ်တဲ့ ဆေးဖက်ဝင်ဟင်းခတ်ပင်ဟာ နီရဲရောင်ရမ်းခြင်းကို သက်သာလျော့ပါးစေတဲ့ antioxidant တွေ အပြည့်ပါဝင်ပါတယ်။ အဲဒါဟာ free radical ပျက်စီးမှုကို ကာကွယ်ပေးပြီး သွေးတွင်းသကြားဓာတ် ကိုလည်း လျော့နည်းစေပါတယ်။ ခန္ဓာကိုယ်တွင်းက ဇီဝကမ္မဖြစ်စဉ်တွေ ကစဉ့်ကလျားဖြစ်ခြင်းကိုလည်း ကာကွယ်ပေးတဲ့ ရို့စ်မေရီဟာ ဝိတ်ကျအောင် ထောက်ကူပေးမယ့် အကောင်းဆုံး ဆေးဖက်ဝင်ဟင်းခတ်ပင် တစ်မျိုးလည်း ဖြစ်ပါတယ်။ ဒါ့ပြင် ရို့စ်မေရီမှာ အဝလွန်ခြင်းကို ကာကွယ်ပေးမယ့် carnosic acid ပါဝင်ပါတယ်။


၄။ နံနံပင်


နာမည်ကျော် ဟင်းခတ်အပင်တစ်မျိုးဖြစ်တဲ့ နံနံပင်ဟာ သဘာဝဆီးရွှင်ဆေးတစ်မျိုး ဖြစ်ပါတယ်။ နံနံပင်မှာ အမျှင်ဓာတ်မြင့်မားစွာပါဝင်ပြီး ဝိတ်ကျစေပါတယ်။ နံနံပင်မှာ တွေ့ရတဲ့ အဆီတစ်မျိုးဖြစ် တဲ့ Eugenol ဟာ သွေးတွင်းသကြားဓာတ်ကို လျော့ကျစေတာကြောင့် သွေးတွင်းသကြားဓာတ်လွန်ကဲမှုကို ကုသဖို့အတွက်လည်း အထောက်အကူဖြစ်စေပါတယ်။ အဲဒါကြောင့် နံနံပင် ဝိတ်ချဖို့အတွက် အကောင်းဆုံးအရာတစ်ခုဖြစ်ပြီး အထူးသဖြင့် ဆီးချိုသမားတွေအတွက် ပိုကောင်းပါတယ်။


၅။ ပူဒီနံပင် (Spearmint)


သင့်အနေနဲ့ ဟိုမုန်းမညီမျှမှုကို ဖြစ်စေတဲ့ ခန္ဓာကိုယ်အလေးချိန်တက်တဲ့ ပြဿနာကို ခံစားနေရတယ်ဆိုရင် တော့ ပူဒီနံဆိုတဲ့ သဘာဝဆေးဘက်ဝင် ဟင်းခတ်အမွှေးအကြိုင်ပင်လေးက ကူညီပေးနိုင်ပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေအတွက်ပါ။ ပူဒီနံဟာ estrogen လို့ခေါ်တဲ့ အမဟိုမုန်းဓာတ်ကို တိုးစေဖို့ အထောက်အကူပေးပါတယ်။ အမဟိုမုန်းဓာတ်နည်းပါးခြင်းဟာ အမျိုးသမီးတွေ သွေးဆုံးကိုင်ချိန် ဝိတ်တက်ခြင်းနဲ့ ဆက်စပ်နေပါတယ်။ အဲဒီပြဿနာကို ပူဒီနံက ဖြေရှင်းပေးနိုင်ပြီး ဝိတ်ကျဖို့အတွက် အထောက်အကူပေးမှာပါ။


by Cherry Mon
Photo Credit: Pinterest




we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။