အိုမင်းရင့်ရော်ခြင်းကို နှေးကွေးစေမယ့် ဘဝနေထိုင်နည်း ၈ ချက်

ဘယ်သူကမှ ဇရာကို မလွန်ဆန်နိုင်ပါဘူး။ လူတိုင်းဟာ တစ်နေ့ထက်တစ်နေ့ အသက်ပိုကြီးလာပြီး ဇရာရဲ့ လက္ခဏာတွေ ပေါ်လာရစမြဲပါ။ အသက်ကြီးလာတာကို တားဆီးလို့မရနိုင်ပေမဲ့ အိုမင်းရင့်ရော်တဲ့ လက္ခဏာ တွေ နှေးကွေးသွားအောင်တော့ လုပ်လို့ရပါတယ်။


ခွဲစိတ်ပြုပြင်စရာမလို၊ မိတ်ကပ်တွေဖုံးဖိစရာမလိုဘဲ အရေးအကြောင်းဖြစ်ခြင်းလို အိုမင်းရင့်ရော်မှုတွေကို သဘာဝနည်းအတိုင်း တားဆီးချင်သူတွေအတွက် နည်းလမ်းတချို့ကို ဝေမျှပေးချင်ပါတယ်။ အောက်မှာဖော်ပြ မယ့် နည်းလမ်းတွေဟာ တကူးတကလုပ်စရာမလိုဘဲ သင့်ရဲ့နေ့စဉ်လုပ်ဆောင်ချက်တွေထဲ မှာပဲ အလွယ်တကူ လုပ်နိုင်မှာ ဖြစ်ပါတယ်။


၁။ ဘလူးဘယ်ရီကို နေ့စဉ်စားသုံးပါ 

      
လူတိုင်းဟာ အသက်အရွယ်ရလာတာနဲ့အမျှ oxidative DNA ပျက်စီးမှု ဖြစ်စဉ်ကြောင့် အရေပြားတွေဟာ လျော့တိလျော့ရဲ ဖြစ်လာကြပါတယ်။ အဲဒီလိုအရေပြားလျော့ရဲပြီး အရေးအကြောင်းဖြစ်လာတာကို တားဆီး ရပ်တန့်ပစ်ဖို့ မဖြစ်နိုင်ပေမယ့် ဘလူးဘယ်ရီသီးကို နေ့စဉ်စားပေးမယ်ဆိုရင်တော့ အဲဒီလိုဖြစ်တာကို နှေးကွေး သွားစေနိုင်ပါတယ်။ ဘလူးဘယ်ရီ (Blueberry) မှာ antioxidant ကြွယ်ဝစွာပါဝင်တာကြောင့် အရသာရှိသလို အိုမင်းရင့်ရော်မှု လက္ခဏာတွေကို တန်ပြန်တိုက်ခိုက်ရာမှာလည်း အထောက်အကူဖြစ်စေပါတယ်။ အဲဒါကြောင့် ဖြစ်နိုင်မယ်ဆိုရင် ဘလူးဘယ်ရီကို နေ့စဉ်စားသုံးပေးပါ။


၂။ သကြားစားသုံးမှုကို အကန့်အသတ်ထားပါ


သကြားဓာတ်ဟာ လူသားတွေအတွက် လိုအပ်တာမှန်ပေမယ့် သဘာဝမဟုတ်တဲ့ သကြားဓာတ်ကို အလွန်အကျွံ စားသုံးမယ်ဆိုရင်တော့ ကျန်းမာရေးထိခိုက်စေပါတယ်။ ဒါ့ပြင် သကြားဟာ လူ့ခန္ဓာကိုယ်ကို လျင်မြန်စွာအိုမင်းရင့်ရော်မှုဖြစ်စေပြီး မျက်ကွင်းညိုခြင်း၊ ရေဓာတ်ခမ်းခြောက်ခြင်းနဲ့ အရေးအကြောင်းတွေ ဖြစ်စေဖို့လည်း အားပေးပါတယ်။ အဲဒါကြောင့် အိုမင်းရင့်ရော်မှုကို တန်ပြန်တိုက်ခိုက်ဖို့အတွက် သကြားစားသုံးမှု ကို အကန့်အသတ်ထားပြီး အချိုစာနဲ့ အချိုရည်တွေကို တတ်နိုင်သမျှ ရှောင်ရှားသင့်ပါတယ်။ ရေကိုလည်း များများသောက်ပေးသင့်ပါတယ်။


၃။ မှောက်အိပ်တတ်တဲ့ အကျင့်ကိုရှောင်ပါ


သင်ဟာ မှောက်အိပ်တတ်တဲ့ အကျင့်ရှိတယ်ဆိုုရင်တော့ ချက်ချင်းပြင်ဆင်ပြောင်းလဲသင့်ပါတယ်။ သင့်မျက်နှာ အရေပြားနဲ့ ခေါင်းအုံးတို့ ထိတွေ့ပွတ်တိုက်ခြင်းက မျက်နှာမှာ အရေးအကြောင်းတွေ ဖြစ်လာစေပါတယ်။ အကောင်းဆုံးကုသခြင်းကတော့ ကြိုတင်ကာကွယ်ခြင်းပါပဲ။ အဲဒါကြောင့် အရွယ်မတိုင်ခင် လျင်မြန်စွာ အိုမင်းရင့်ရော်မှုကို ရှောင်ရှားချင်ရင် မှောက်အိပ်ခြင်းကို ရှောင်ပါ။


၄။ ကယ်လ်ဆီယမ်ဓာတ် ပြည့်ဝနေပါစေ


ကယ်လ်ဆီယမ် (Calcium) ဓာတ်ဟာ အရိုးကျန်းမာရေးအတွက် ကောင်းတာကို လူတိုင်းလိုလို သိကြမှာပါ။ ဒါ့ပြင် ကယ်လ်ဆီယမ်ဟာ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းကနေ ကာကွယ်ဖို့အတွက် အရေးပါတဲ့ အရာ တစ်ခု ဖြစ်ပါတယ်။ ကယ်လ်ဆီယမ်ဓာတ် သင့်တင့်စွာ ရရှိနေခြင်းက အိုမင်းရင့်ရော်မှုလက္ခဏာရပ်တွေကို နှေးကွေးစေပြီး သန်မာတဲ့ အရိုးအဆစ်တွေနဲ့ ပိုမိုလှပစေပါတယ်။


၅။ လက်ဖက်စိမ်း (Green Tea) ကို အမြဲမှီဝဲပါ


Green Tea ဟာ သင့်ခန္ဓာကိုယ်အတွင်းရော အပြင်အတွက်ပါ အကျိုးရှိတဲ့ အရာတစ်ခုဖြစ်ပါတယ်။ antioxidant ကြွယ်ဝတဲ့ Green Tea ဟာ အရေပြားဆဲလ်တွေကို ပြုပြင်ပေးပြီး နုပျိုငယ်ရွယ်မှု ရရှိစေပါတယ်။ green tea ကို နေ့စဉ်သောက်သုံးခြင်းက သင့်အသားအရေကို တင်းရင်းကျန်းမာစေပါတယ်။ ဒါ့ပြင် မျက်ကွင်း ညိုတာနဲ့ မျက်အိတ်ဖောင်းတာတို့ သက်သာပျောက်ကင်းစေဖို့အတွက်၊ သောက်ပြီးသား green tea အထုပ် လေးတွေကို မျက်လုံးပေါ်မှာ မိနစ်အနည်းငယ်လောက် တင်ထားပေးပါ။


၆။ ရေအကြာကြီးမချိုးပါနဲ့


အိုမင်းရင့်ရော်မှု နှေးကွေးချင်တယ်ဆိုရင် ရေအကြာကြီးချိုးတတ်တဲ့ အကျင့်ကို ပြင်ဖို့လိုပါတယ်။ အချိန်ကြာမြင့်စွာ ရေချိုးခြင်းက သင့်အသားအရေကို ပျက်စီးခြောက်သွေ့စေပါတယ်။ အဲဒါတင်မကဘဲ အရေးအကြောင်းဖြစ်တာနဲ့ အရေပြားလျော့တွဲတာလိုမျိုး မျက်စိနဲ့မြင်နိုင်တဲ့ အိုမင်းရင့်ရော်မှုလက္ခဏာတွေကို လည်း ဖြစ်စေပါတယ်။ အဲဒါကြောင့် ရေချိုးချိန်ကိုလျှော့ပြီး အသားအရေထိန်းသိမ်းမှုအတွက်တော့ အချိန်တိုး လုပ်ပေးပါ။


၇။ နေလောင်ဒဏ်ကနေ ကာကွယ်ပါ


နေလောင်ခြင်းဟာ သင့်အသားအရေကို လျင်မြန်စွာအိုမင်းရင့်ရော်မှု ဖြစ်စေပါတယ်။ နေပူထဲများများသွားရလေ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်နိုင်ချေ ပိုများလေလေပါပဲ။ အဲဒါကြောင့် နေ့တိုင်း နေပူပူ မိုးရွာရွာ၊ sunscreen လိမ်းပေးဖို့ မမေ့ပါနဲ့။ သင့်မျက်နှာကိုရော ခန္ဓာကိုယ်အရေပြားကိုပါ အန္တရာယ်ဖြစ်စေတဲ့ UV ဒဏ်ကနေ ကာကွယ်ပါ။


၈။ တရားထိုင်ပါ၊ စိတ်ဖိစီးမှုနည်းအောင် နေပါ


စိတ်ဖိစီးမှုများခြင်းဟာလည်း အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှုကိုဖြစ်စေတဲ့ အဓိကအကြောင်းအရင်း တစ်ရပ် ပါပဲ။ အတွေးလွန်ကဲခြင်းနဲ့ စိုးရိမ်စိတ်များခြင်းဟာလည်း လျင်မြန်စွာ အိုမင်းရင့်ရော်စေပါတယ်။ အဲဒါကြောင့် အတတ်နိုင်ဆုံး စိတ်ဖိစီးမှုတွေကို လျှော့ချပြီး တရားထိုင်ပါ။ တရားထိုင်ခြင်းက သင့်ရဲ့အာရုံကြောကို သက်သာ မှုရစေပြီး စိတ်ချမ်းမြေ့စရာဟိုမုန်းတွေ ထွက်ရှိစေတာကြောင့် သင့်ကို စိတ်သက်သာရာရစေပါတယ်။ အဲဒါဟာ အိုမင်းရင့်ရော်မှုကို တားဆီးနိုင်မယ့် အကောင်းဆုံးနည်းလမ်းပါပဲ။


by Cherry Mon
Photo Credit:



we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။