(၁)လလောက် အရက်ဖြတ်လိုက်ရင် သင့်ခန္ဓာကိုယ်မှာ ဘာတွေထူးခြားလာမလဲ

ဒီဆောင်းပါးဟာ ယနေ့ခေတ် အပျော်သဘောမှတဆင့် အမြဲလို အရက်သောက်ဖြစ်နေတဲ့ လူငယ်တွေအတွက်ရော အရက်ကို ကြိုက်နှစ်သက်လို့ စွဲစွဲမြဲမြဲသောက်နေတဲ့ လူကြီးတွေအတွက်ပါ ရည်ရွယ်ခြင်းဖြစ်ပါတယ်။ ဒါ့အပြင် Alcohol ပါဝင်တဲ့ အရက်၊ ဘီယာ၊ ဝိုင်တို့ကို သောက်သုံးတတ်တဲ့ လူတွေဟာ သာမာန်လူတွေနဲ့ ယှဉ်လိုက်ရင် များစွာ အားနည်းချက်တွေရှိတာကိုလည်း သတိပြုထားသင့်ပါတယ်။


ပညာရှင်တွေ သုတေသနပြုလုပ်ချက်တွေအရ သာမာန်အရက်၊ ဘီယာသောက်သုံးနေတဲ့ လူတစ်ယောက်ရဲ့ Alcohol ပမာဏဟာ  တစ်နှစ်ကို (၉.၅)လီတာရှိလို့ ဆိုပါတယ်။ သာမာန်အရက်၊ ဘီယာသောက်တဲ့သူဆိုတာ သူငယ်ချင်းတွေ (သို့) မဖြစ်မနေအခြေအနေမှာ သောက်သုံးတဲ့သူကို ဆိုလိုခြင်းဖြစ်ပြီး အရက်စွဲနေတဲ့သူတွေကို ပြောဆိုခြင်းမဟုတ်ပါဘူး။ တချို့ လူတွေကျတော့ စိတ်ညစ်လို့၊ စိတ်ဖိစီးလို့၊ ပျော်လို့စတဲ့ အကြောင်းပြချက်တွေနဲ့ သောက်ကြပေမယ့် ကြာလာတော့ အရက်ကို စွဲလမ်းစွာ သောက်တတ်သွားကြပါတယ်။ ဒီတော့ အမြဲသောက်နေတဲ့ အရက်ကို (၁)လလောက်မသောက်ဘဲ အရက်ဖြတ်မယ်ဆိုရင် သင့်ခန္ဓာကိုယ်ထဲ ဘာတွေထူးခြားလာမလဲဆိုတာ လေ့လာကြည့်ပါ။


၁။ အစားစားချင်စိတ်ရှိလာမယ်


ဘယ်လိုအခြေအနေမျိုးမှာပဲ ဖြစ်ဖြစ် အရက်သောက်လိုက်တဲ့အခါ အစာအိမ်အတွင်း အရက်များပြည့်သွားပြီး တော်ရုံနဲ့ ဗိုက်မဆာတော့ပါဘူး။ အဲ့တော့ အရက်သောက်ပြီးတာနဲ့ လူတော်တော်များများဟာ ထမင်းမစားတော့ဘဲ အိပ်ပျော်သွားတတ်ပါတယ်။ နောက်ပြီး အရက်ဖြတ်လိုက်တဲ့ လူတစ်ယောက်မှာတော့ ပထမ(၁)ပတ်မှာတင် ခေါင်းတွေကိုက်၊ ကြွက်သားတွေ ညောင်းညာတတ်ပါတယ်။ ဘာကြောင့် အခုလိုဖြစ်ရလဲဆိုတော့ ခန္ဓာကိုယ်အတွင်း သကြားဓာတ်လျော့နည်းပြီး အပြောင်းအလဲဖြစ်နေလို့ပါ။ ဒါကလည်း ပထမ(၁)ပတ်မှာဘဲ ဖြစ်တဲ့ ဆိုးကျိုးဖြစ်ပြီး နောက်ပိုင်းမှာတော့ အိပ်မရတာ၊ အစားမစားချင်တာတွေကို လျော့နည်းသွားစေပြီး ပုံမှန်အတိုင်း ပြန်ဖြစ်သွားပါလိမ့်မယ်။

၂။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်လာမယ် 


တချို့သောလူတွေက အရက်ကို မအိပ်ခင် ဆေးဖြစ်ဝါးဖြစ် သောက်တတ်ကြပါတယ်။ နောက်တော့ မအိပ်ခင် အရက်သောက်ခြင်းဟာ မြန်မြန်အိပ်ပျော်စေတယ်လို့ ပိုမိုယူဆလာကြပါတယ်။ ဒါကြောင့်  အရက်ဖြတ်လိုက်တဲ့ လူ(၁၀၀)မှာ (၉၂)ယောက်က အရက်ဖြတ်ပြီး (၂)ပတ်အတွင်း ပိုစားလာပြီး၊ နှစ်နှစ်ခြိုက်ခြိုက် ပိုအိပ်လာတယ်လို့ ပညာရှင်တွေက ဆိုပါတယ်။ အဲ့လို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ခြင်းကြောင့် အိပ်ရေးပျက်ပြီး စိတ်မကြည်တာတွေ၊ လေးလံထိုင်းမှိုင်းတာတွေ မဖြစ်တော့ဘဲ အရင်ထက် နုပျိုလာခြင်းကို ခံစားလာရမှာပါ။

၃။ အနံ့၊ အရသာနဲ့ ချွေးနံကောင်းလာမယ်


အရက်သောက်ခြင်းကြောင့် လူတစ်ယောက်ရဲ့ ခံတွင်းအရသာစနစ်ကို အားပျော့စေပြီး ခန္ဓာကိုယ်က ထွက်တဲ့ ချွေးနံကိုလည်း နံစော်စေပါတယ်။ အရက်သောက်တတ်တဲ့ လူတစ်ယောက်ရဲ့ ချွေးနံဟာ အောက်သိုးသိုးဖြစ်နေတတ်ပြီး လူကြားထဲ ရောက်တဲ့အခါ၊ ပွဲလမ်းသဘင်ရောက်တဲ့အရာ အရှက်ရစေနိုင်ပါတယ်။ ကိုယ်ကတော့ ကိုယ့်ချွေးနံကို သတိမထားမိပေမယ့် သင့်ဘေးနားက လူမှ သတိထားမိနိုင်ပါတယ်။ ဒါ့အပြင် အရက်သောက်ခြင်းကြောင့် အဆီပိုထွက်ခြင်း၊ ခံတွင်းအနံဆိုးခြင်းအပြင် အနံ့၊ အရသာ အာရုံကိုလည်း ထိခိုက်စေနိုင်ပါတယ်။ ဒါတွေက အရက်ဖြတ်လိုက်ရင်တော့ ပြန်ရနိုင်တဲ့ အခွင့်အလမ်းတွေပါ။ 

၄။ အသည်း အားကောင်းလာမယ် 


အရက်သောက်ခြင်းကြောင့် အသည်းပျက်စီးတယ်ဆိုတာ အရက်သမားတိုင်း သိပေမယ့် သောက်ဖြစ်နေကြပါတယ်။ တကယ်လို့ အရက်ဖြတ်လိုက်မယ်ဆိုရင်တော့ ယခင်က အရက်သောက်များလို့ ပျက်စီးနေတဲ့ အသည်းက တဖြည်းဖြည်း ပြန်လည်ကောင်းမွန်လာပြီး ပိုမို အားကောင်းလာစေမှာပါ။ ဒါ့အပြင် သင့်အသားရေလည်း ပြန်လည် ဝင်းပစိုပြေလာပြီး လူရည်သန့်လာစေပါတယ်။ နောက်တော့ သွေးလည်ပတ်မှု အားကောင်းလာပြီး ခန္ဓာကိုယ်သွေးတွေထဲက အောက်ဆီဂျင်တွေ ချောမွေ့စွာ စီးဆင်းနိုင်ပြီဖြစ်ပါတယ်။ 

၅။ စိတ်ဓာတ်တွေ ခိုင်မာလာမယ်


အရက်ကို (၄)ပတ်လောက် ဖြတ်လိုက်တဲ့ လူတစ်ယောက်ဟာ အရင်က ဝပြီးဖောနေတဲ့ နေရာတွေ တဖြည်းဖြည်း အရောင်ကျသွားပြီး ကိုယ်ရည်စစ်သွားတဲ့အခါ နှလုံးရောဂါ ဖြစ်နိုင်ခြေတွေ လျော့ကျသွားပါတယ်။ ဒါ့အပြင် သွေးဖိအားနဲ့ မလိုတဲ့ ကိုယ်အလေးချိန်တွေလည်း လျော့ကျသွားစေပါတယ်။ နောက်ထပ် ကောင်းမွန်တဲ့ တစ်ချက်က ဘယ်ကိစ္စ၊ ဘယ်အကြောင်းအရာမဆို ဆုံးဖြတ်ချက် မှန်စွာ ချနိုင်ပြီး အောင်မြင်မှုတွေလည်း များစွာရရှိလာမှာပဲ ဖြစ်ပါတယ်။ 


ဒီတော့ အကြုံပြုချင်တာက အရက်ဖြတ်ကြည့်ပါ။ အရက်ဖြတ်ခြင်းကြောင့် ကျန်းမာရေးဆိုင်ရာ ကောင်းမွန်တဲ့ ရလဒ်တွေကို ရရှိလာမယ့်အပြင် လူအများအထင်သေးခြင်းနဲ့ ကိုယ့်မိသားစု အရှက်ရစေခြင်းကို ကာကွယ်ပြီးသား ဖြစ်စေမှာပါ။ အရက်ဆိုတာ မကောင်းမှန်းသိတယ်၊ ရုပ်ပျက်မှန်းသိတယ်။ ဒါပေမယ့်လည်း တော်တန်ရုံ စိတ်ဓာတ်ပျော့ညံ့တဲ့သူတွေက အရက်ကို မဖြတ်နိုင်ကြပါဘူး။


နောက်ပြီး ယနေ့ခေတ် လူငယ်တွေ အရက်သောက်ပြီး မူးနေတာကို ဘယ်လူကြီးကမှ အထင်ကြီးလေးစားမှာ မဟုတ်ဘဲ နှာခေါင်းရှုံကျမှာ အမှန်ပါ။ ဒီလိုဘဲ အိမ်တစ်အိမ်ရဲ့ အိမ်ထောင်ဦးစီးဖြစ်သူက မူးနေမယ်ဆိုရင်လည်း သားသမီးတွေ လေးစားအားကျရတဲ့ ဖခင်တစ်ယောက်မဖြစ်တဲ့အပြင် ကိုယ့်သားသမီး အရက်သောက်တတ်လာတဲ့အခါကျရင်လည်း မင်းမသောက်နဲ့လို့ တားလို့မရတော့ပါဘူး။ ဘာလို့လဲဆိုတော့ ကိုယ်တောင် အရက်ကို စွဲစွဲမြဲမြဲသောက်နေသေးတာဘဲ သားဖြစ်သူက အဖေတောင် သောက်တာ ကျနော်လဲ သောက်မှာပေါ့လို့ ပြန်ပြောရင် ဘယ်လိုမှ သင့်မှာ ခံနိုင်ရည် ရှိမှာမဟုတ်ပါဘူး။ 


ကိုယ့်ပိုက်ဆံနဲ့ ကိုယ်သောက်တာ မှန်ပေမယ့် ကောင်းကျိုးလုံးဝမရှိတဲ့ အရက်ကို တတ်နိုင်သမျှမသောက်ဖို့ အထူး သတိပြုစေလိုပါ။ ယနေ့အချိန်အထိ အနာဂတ်ပျောက်ပြီး အရက်သောက်နေတဲ့ လူငယ်တွေ ထုနဲ့ထေးရှိနေပါသေးတယ်။ ဒါကို လူကြီးတွေက ရှေ့ဆောင်လမ်းပြအဖြစ် အရက်သောက်ခြင်းကို ခါးသီးစွာ တားမြစ်မယ်ဆိုရင် လူငယ်တွေ ဆင်ခြင်လာနိုင်ပါတယ်။ နောက်ပြီး အရက်သောက်ခြင်တယ်ဆိုတာကလည်း အဓိကက သင့် စိတ်ပါဘဲ .. ဆုံးဖြတ်ချက် မှန်ကန်ဖို့ဘဲ လိုပါတယ်။ အဲ့တော့ အရက်သောက်မယ့်အချိန်ကို စာဖတ်ပါ .. ဒါမှမဟုတ် ကိုယ်ဝါသနာပါတဲ့ အလုပ်တစ်ခုခုကို လုပ်ကြည့်ပါလို့ အကြုံပြုတိုက်တွန်းလိုပါတယ်။

By – Mozex

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။