အဝလွန်ပြီး ဝိတ်ချချင်တဲ့သူတွေများနေချိန် ဝချင်တဲ့ မိန်းကလေးများအတွက် နည်းလမ်းများ

ယနေ့ခေတ်မှာ ပိန်တဲ့ မိန်းကလေးနဲ့ ဝတဲ့ မိန်းကလေးယှဉ်လိုက်ရင် ဝတဲ့ မိန်းကလေးက ပိုများပါတယ်။ ဒါကြောင့်လဲ ဝတဲ့ မိန်းကလေးတွေအနေနဲ့ စားထားသောက်ထားသမျှတွေ ကယ်လိုရီမတက်အောင် တစ်နေ့တစ်နေ့ သောက်လိုက်ရတဲ့ ဆေးတွေ၊ သွားလိုက်ရတဲ့ Gym ခန်းမတွေနဲ့ အလုပ်ကို ရှုပ်နေကြပါတယ်။ နောက်ပြီး ပိန်ဆေး၊ အဆီချဆေးတွေကို တံဆိပ်မျိုးစုံသောက်နေရတဲ့အပြင် သူငယ်ချင်းက ညွှန်လို့ ဟိုဆေးလေး ကောင်းတယ်၊ ဒီအဆီကျ ရေနွေးကြမ်းလေးကောင်းတယ် စတဲ့ အရာတွေကိုလည်း သောက်ရ လိမ်းရနဲ့ အတော်လေး သောကများကြပါတယ်။ ဒါပေမဲ့ ဒါတွေက ဝတဲ့ မိန်းကလေးတွေမှာ အဖြစ်များနေတဲ့ ပြသာနာပါ။ အဲ့လိုဘဲ ဝဆေးတွေ သောက်ပြီး ဒုက္ခရောက်နေတဲ့ ခပ်ပါးပါး မိန်ကလေးတွေရဲ့ အဓိက အကြောင်းအရင်းကိုလည်း ပရိသတ်ကြီးအတွက် ထပ်ပြောပါမယ်။


အရင်ဆုံး ကိုယ်ဘာကြောင့် ပိန်လဲဆိုတဲ့ အကြောင်းအရင်းကို သိအောင် လေ့လာပြီးမှ ဘာလုပ်သင့်တယ်ဆိုတာ စဉ်းစားစေချင်ပါတယ်။ ယေဘူယျအားဖြင့် လူတစ်ယောက် ပိန်တဲ့ အကြောင်းအရင်းတွေက အစာချေစနစ် အားနည်းခြင်း၊ လှုပ်ရှားမှုနည်းခြင်း၊ အဆာလွန်ခြင်း၊ အစာစားချင်စိတ် နည်းခြင်း၊ စိတ်ဖိစီးမှု များခြင်း၊ မျိုးရိုးလိုက်ခြင်း၊ အအိပ်နည်းခြင်းနဲ့ အပူအစပ် အစားများခြင်းစတဲ့ လက္ခဏာတွေကြောင့် ဖြစ်ပါတယ်။ 


ဒီတော့ ဝဆေးတွေ မသုံးစွဲဘဲ ဝချင်တဲ့သူတွေအတွက် သဘာဝအတိုင်း ဝလာစေမယ့် နည်းလမ်းတွေကို ပြောပြပါမယ်။ ဖြစ်နိုင်ရင် ဈေးကြီးပေးပြီး ဝယ်နေရတဲ့ ဝဆေးတွေကို မမှီဝဲစေချင်ပါဘူး။ ဘာလို့လဲဆိုတော့ သဘာဝအတိုင်း ဝလာခြင်းမဟုတ်ဘဲ ဆေးကြောင့် ဝလာခြင်းဖြစ်တာမို့ သင့်ခန္ဓာကိုယ်အတွက် ဘေးထွက်ဆိုးကျိုးဖြစ်စေမှာကို သတိထားရပါမယ်။ ဒီတော့ သဘာဝအတိုင်း ဝလာအောင် ခန္ဓာကိုယ်မှာ လိုအပ်တဲ့ ကစီဓာတ်၊ ကာစီယမ်ဓာတ်၊ ကယ်လိုရီဓာတ်နဲ့ ပရိုတင်းဓာတ်တို့ကို ဖြည့်ဆည်းပေးနိုင်မယ့် အစားအစာတွေကို စားသုံးပေးခြင်းဖြင့် သဘာဝအတိုင်း ဝလာစေမှာဖြစ်ပါတယ်။ ကဲ .. သဘာဝအတိုင်း ဝလာအောင် ဘာတွေ စားရမလဲ …. ? 

(၁) အာလူး


အာလူးကို သံလွင်ဆီနဲ့ ကြော်ပြီး တစ်နေ့ကို (၂)လုံးကုန်အောင် စားပါ။ တစ်ပတ်ကို (၃)ရက်နဲ့ (၂)လတိတိ စားပေးပါ။ ဟင်းချက်စား၊ မီးဖုတ်စားရင်လည်း ရပါတယ်။

(၂) ဌက်ပျောသီး


ဘယ်ဌက်ပျောသီးမဆို မနက်စာအဖြစ် (၂)လုံးစားပေးပါ။ နောက်ပြီး နွားနို့ပူပူထဲကို သကြားနဲ့ ထောပတ် အနည်းငယ်ထည့်ပြီး မနက်တိုင်း သောက်ပါ။ (၁)လနီးပါးခန့် ပုံမှန်ပြုလုပ်ပေးပါ။

(၃) ကန်စွန်းဥ၊ ပြောင်းဖူးနဲ့ ပဲအမျိုးမျိုး


ကန်စွန်းဥ၊ ပြောင်းဖူးနဲ့ ပဲအမျိုးမျိုးမှာ ကြွယ်ဝစွာပါဝင်တဲ့ ကစီဓာတ်ကြောင့် ခန္ဓာကိုယ်ကို ဝိတ်တက်စေပြီး ဝလာဖို့ များစွာ အားပေးနိုင်ပါတယ်။

(၄) ကြက်ဥ


ကြက်ဥကို ပြုတ်ပြီး တစ်နေ့ကို (၃)လုံးစားပါ။ စားတဲ့နေရာမှာ အကာကိုသာစားပါ .. အနှစ်ကို မစားရပါ။ ၎င်းအကာကိုဘဲ ကြော်စားစား၊ ချက်စားစား ရပါတယ်။ အစိမ်းတော့ သောက်လို့မရပါဘူး။ တကယ်လို့ ကြက်ဥအကာကို အစိမ်းသောက်မယ်ဆိုရင် ကြွက်သားတွေ ဖွံ့ဖြိုး သန်မာလာစေပါတယ်။

(၅) သရက်သီးနဲ့ နွားနို့


အနောက်နိုင်ငံတွေမှာတော့ ဝချင်ရင် Mango Milkshake ကို တစ်နေ့ တစ်ခွက် ဖျော်သောက်သုံးကြပါတယ်။ ဒီလိုမှ ဖျော်မသောက်ရင် သရက်သီးအမှည့်စားပြီးမှ နွားနို့သောက်ကြပါတယ်။ ဒီနည်းလမ်းကလည်း (၁)လခန့် ပြုလုပ်ရမှာဘဲ ဖြစ်ပါတယ်။ 

(၆) ထောပတ်သီး


ကျန်းမာရေးအတွက် များစွာ အထောက်အကူပြုတဲ့ ထောပတ်သီးကို ချိစ်နဲ့ တွဲစားတာမျိုး လုပ်ပေးပါ။

(၇) သစ်သီးခြောက်


အပျင်းအပြေ သားရေစာစားတဲ့အချိန်မှာ တခြားမုန့်တွေမစားဘဲ သစ်သီးခြောက်တွေ စားပေးပါ။ ဘာလို့လဲဆိုတော့ သစ်သီးခြောက်တွေမှာ ကယ်လိုရီ များစွာပါဝင်လို့ပါ။ 


အပေါ်က ဖော်ပြခဲ့တဲ့အကြောင်းအရာတွေကတော့ အစားအသောက်နဲ့ ပတ်သက်ပြီး ကျန်းမာရေးဆိုင်ရာ အချက်အလက်တွေပဲ ဖြစ်ပါတယ်။ နောက်ပြီး ဝချင်တဲ့သူတွေ အနေနဲ့ သတိထားရမှာတွေရှိပါသေးတယ်။ ဘာတွေလဲဆိုတော့ အိပ်ရေးဝအောင်အိပ်ခြင်း၊ ခန္ဓာကိုယ်ကို လှုပ်ရှားပေးခြင်း၊ စိတ်ချမ်းသာအောင်နေခြင်း၊ ပုံမှန်လေ့ကျင့်ခန်းတစ်ခုခုလုပ်ခြင်းနဲ့ အနားယူခြင်းတို့ပဲ ဖြစ်ပါတယ်။ ဒါတွေကို ဂရုတစိုက် ပြုလုပ်ပေးမယ်ဆိုရင်တော့ သဘာဝအတိုင်း ဝလာပါလိမ့်မယ်။ မိန်းကလေးတွေက အပူအစပ်ကြိုက်ကြတယ်ဆိုတော့ တတ်နိုင်သမျှ အပူအစပ် စားသောက်ခြင်းကို ရှောင်ကျဉ်ရပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ အပူအစပ်တွေဟာ ကယ်လိုရီတွေကို လောင်ကျွမ်းစေလို့ပါ။

 By Mozex

Photo – Pinterest / Pixabay

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။