မမြင်ရတော့သလောက် ရှားပါးသွားတဲ့ တစ်ချိန်က ပျော်စရာကစားနည်းများ

ခေတ်တွေ ပြောင်းလဲလာသလို ကလေးတွေ ကြီးပြင်းနေထိုင်ပုံတွေလည်း ပြောင်းလဲလာပါတယ်။ အရင်တုန်းက ကလေး တွေကစားတဲ့နည်းနဲ့ အခုခေတ်ကလေးတွေ ကစားတဲ့နည်းတွေလည်း မတူကြတော့ပါဘူး။ အခုချိန် အထိ ကစားကြတဲ့ အရင်ကကစားနည်းတွေလည်း ရှိသေးပေမဲ့ အများစုကတော့ ပျောက်ကွယ်လုနီးပါးဖြစ်နေပါပြီ။


အထူးသဖြင့် မြို့ပြတွေမှာ ခေတ်အခြေအနေနဲ့ မတူတော့တဲ့ ပတ်ဝန်းကျင်အနေအထားတွေအရ ကလေးတွေ ဟာ အိမ်အပြင်မှာထက် အိမ်ထဲမှာပဲ ဆော့ကစားရင်း အချိန်ဖြုန်းလာကြပါတယ်။ ဒါ့ပြင် ဒီခေတ်မှာ ဖုန်းတွေကလည်း ပေါများလာတာကြောင့် ဖုန်းဂိမ်းနဲ့ကွန်ပျူတာဂိမ်းတွေဟာ ကလေးတွေရဲ့အသည်းစွဲ ဖြစ်လာပါတယ်။


ဖုန်းနဲ့ ကွန်ပျူတာဂိမ်းတွေမှာ ကလေးတွေအတွက် သင်ယူစရာအသစ်တွေ ပါကောင်းပါနိုင်ပေမဲ့ မိမိတို့ငယ်ဘ၀ က ကစားခဲ့ဖူးကြတဲ့ ကစားနည်းတွေက အပူပင်ကင်းပြီး ပိုပျော်စရာကောင်းတယ်လို့ ထင်မိပါတယ်။ ကလေး တွေအချင်းချင်း စုစည်းပြီးကစားရတာကြောင့် လူမှုဆက်ဆံရေးနဲ့ အဖွ့ဲအစည်းလိုက် အလုပ်လုပ်နိုင်စွမ်းကို လည်း တိုးတက်လာစေပါတယ်။ သဘာဝအတိုင်း ကစားခုန်စားရတာကြောင့် ကျန်းမာရေးအတွက်လည်း ပိုကောင်းပါတယ်။


အဲဒါကြောင့် ဒီခေတ်မြို့ပြက ကလေးတွေ မကစားကြတော့တဲ့၊ အရွယ်ရောက်နေပြီဖြစ်ဖြစ် မိမိတို့တွေ ကစားခဲ့ ဖူးတဲ့ အရင်က ကစားနည်းဟောင်းလေးတွေကို ပြန်ပြောင်းတမ်းတမိပါတယ်။


၁။ မိုနိုပိုလီ


အခုနောက်ပိုင်း ကွန်ပျူတာဂိမ်းနဲ့ဖုန်းဂိမ်းတွေမှာ မိုနိုပိုလီကစားနည်း app တွေ ရှိပေမဲ့ အရင်လို မကစားဖြစ်ကြ တော့ပါဘူး။ ဒါ့ပြင် အဲဒီလိုဖုန်းဂိမ်းတွေဟာ အပြင်ဘက်မှာ မိုနိုပိုလီအချပ်ကြီးချပြီး ကလေးတွေဝိုင်းဖွဲ့ကစားရတဲ့ အရသာနဲ့လည်း လုံးဝမတူပါဘူး။ ကလေးတွေစုဖွဲ့ပြီး မိုနိုပိုလီအချပ်ကြီးချ အံစာတွေခေါက်ကာ ငြင်းခုံကစားရ တာ အရမ်းပျော်စရာကောင်းခဲ့ပါတယ်။ မိုနိုပိုလီမှာ မြို့နဲ့ နေရာဒေသနာမည်တွေ ပါဝင်တာကြောင့် ဒေသန္တရ ဗဟုသုတနဲ့ တခြားဗဟုသုတတွေကို ရရှိစေပါတယ်။ အံစာခေါက်ပြီး ကျတဲ့နေရာကို ရွှေ့ရတာဟာ ကံစမ်းသလိုဖြစ်တာကြောင့် စိတ်လှုပ်ရှားပျော်ရွှင်စရာလည်း ကောင်းပါတယ်။


၂။ မြွေတက်မြွေဆင်း ကစားနည်း


စက္ကူကတ်ထူအပြားမှာ မြွေပုံတွေနဲ့ လှေကားပုံတွေ ရောယှက်ထားတဲ့ ကစားနည်းဖြစ်ပါတယ်။ အံစာခေါက်ပြီး ကျတဲ့နေရာကို ရွှေ့ရတာပါ။ လှေကားနေရာကျရင် အပေါ်တက်ရပြီး မြွေနေရာရောက်ရင် မြွေအရှည်အတိုင်း အောက်ပြန်ဆင်းရပါတယ်။ အဲဒီလိုနဲ့ ထိပ်ဆုံးရောက်သွားတဲ့သူက နိုင်တာပါ။ အဲဒီကစားနည်းဟာလည်း မိုနိုပိုလီလိုပဲ ကလေးတွေစုဖွဲ့ပြီး ငြင်းခုံဆော့ကစားရတာ အရမ်းပျော်စရာကောင်းပါတယ်။


၃။ ထုပ်စီးထိုး


ထုပ်စီးထိုးဆိုတာ အရမ်းနာမည်ကြီးတဲ့ ကစားနည်းတစ်မျိုးပါ။ ကလေးတွေတင်မကဘဲ အရွယ်ရောက်ပြီးတဲ့ မြီးကောက်ပေါက်တွေလည်း ဆော့ကစားလေ့ရှိပါတယ်။ မြေကြီးပေါ်မှာ စည်းတွေတားပြီး အသင်းနှစ်သင်း အပြိုင်ဆော့ကစားရတာပါ။ အရင်တုန်းက ကလေးတိုင်းလိုလို ကစားဖူးကြပေမဲ့ ဒီခေတ်မှာတော့ ထုပ်စီးထိုး ဆိုတာ လွတ်လပ်ရေးကစားပွဲတွေမှာလောက်ပဲ တွေ့မြင်နိုင်တော့မယ် ထင်ပါတယ်။ အထူးသဖြင့် ကလေးတွေ အတွက် ဆော့ကစားစရာ မြေလွတ်ကွင်းပြင်ရှားပါးလာတဲ့ မြို့ပြတွေမှာ မမြင်ရတော့သလောက် ပါပဲ။


၄။ ရွှေတံခါးကြီးဖွင့်ပါဦး


ဒီကစားနည်းလေးကလည်း အရမ်းကို ချစ်စရာကောင်းတဲ့ ကလေးလေးတွေရဲ့ ကစားနည်းတစ်မျိုးပါ။ ချစ်စရာ ကောင်းတဲ့ အပြန်အလှန် စကားပြောလေးတွေနဲ့ ဆော့ကြတဲ့ အဲဒီကစားနည်းလေးဟာ မြင်ရသူတိုင်းကို ကြည်နူးပျော်ရွှင်စေပါတယ်။


၅။ ရွှေစွန်ညို


ဒီကစားနည်းကလည်း ထုပ်စီးထိုးသလိုပဲ အရမ်းနာမည်ကြီးတဲ့ မြန်မာ့ရိုးရာကစားနည်းတစ်ခု ဖြစ်ပါတယ်။ ရထားတွဲကြီးလို တစ်ယောက်နဲ့တစ်ယောက် စီတန်းပြီး အနောက်ဆုံးမှာ မထွေးလေးကို ထားထားရပါတယ်။ ရွှေစွန်ညိုကြီးက မထွေးလေးကို ဖမ်းမိအောင် လိုက်ရတာ ဖြစ်ပါတယ်။ မထွေးလေးကို မိရင် ပွဲသိမ်းပါပြီ။ ကလေးတွေရော အရွယ်မရောက်တစ်ယောက် မြီးကောက်ပေါက်တွေရော၊ တစ်ခါတလေမှာ လူကြီးတွေပါ ဆော့ကြတဲ့ ကစားနည်းလေးပါ။ အရမ်းပျော်စရာကောင်းပြီး ကလေးချင်း ချစ်ခင်ရင်းနှီးမှုကိုလည်း ရစေပါတယ်။


၆။ ကြိုးခုန်


အရင်ကဆိုရင် ကြက်ပေါက်ကွင်းလေးတွေကို ကြိုးအရှည်ကြီးဖြစ်အောင် သီပြီး ကြိုးခုန်တိုင်း ဆော့ကြသလို ဘုသီးနှစ်ဖက်နဲ့ ကြိုးအရှည်တွေကို လွှဲရမ်းပြီးတော့လည်း ကြိုးခုန်ကြပါတယ်။ အဲဒါကတော့ မိန်းကလေးတွေ အဆော့များတဲ့ ကစားနည်းဖြစ်ပြီး ကလေးတွေတင်မက မြီးကောင်ပေါက်အရွယ် ကောင်မလေးတွေလည်း ဆော့ကြပါတယ်။ ဘယ်သူပို မြင့်အောင်ခုန်နိုင်သလဲ၊ ဘယ်သူက ကြိုးနဲ့ ဘယ်လောက်အလွတ်ခုန်နိုင်သလဲ ဆိုတာကို ပြိုင်ဆိုင်ရတာလဲ အမောပါပဲ။ ကိုယ်လက်လှုပ်ရှားမှုရသလို ပျော်စရာလည်း ကောင်းပါတယ်။


၇။ ကြက်ဖခွပ်တမ်း


ကြက်ဖခွပ်တဲ့ ကစားနည်းလေးကလည်း ပျော်စရာကောင်းပါတယ်။ တစ်ယောက်နဲ့တစ်ယောက်၊ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ အပြိုင်အဆိုင် ကြက်ဖခွပ်ပြိုင်ကြတာပါ။ ငြင်းခုန်အော်ဟစ်ရသလို ပျော်စရာလည်း အရမ်းကောင်းပါတယ်။ ခြေကုန်လက်ပမ်းကျတဲ့အထိ အပြိုင်ကြက်ဖခွပ်ကြတာပါ။



အဲဒီလို ငယ်ငယ်က ပျော်စရာကောင်းခဲ့တဲ့ ကစားနည်းတွေကို ချရေးရင် ကုန်နိုင်မယ်တောင် မထင်ပါဘူး။ အရင်က ကစားခဲ့တဲ့ ကစားနည်းတော်တော်များများကို ဒီခေတ်ကလေးတွေ ကစားဖူးဖို့မပြောနဲ့ တချို့ ကစားနည်းတွေဆိုရင် ကြားဖူးကြမယ်တောင် မထင်ပါဘူး။
အပေါ်မှာ ဖော်ပြခဲ့တဲ့ ကစားနည်း ၇ မျိုးအပြင် မိမိတို့ငယ်ငယ်က ကစားခဲ့တဲ့ ကစားနည်းတွေထဲမှာ ဒီ.. ထိုးတမ်း၊ ဝိုင်းကြီးပတ်ပတ် ဒူဝေေ၀၊ စိန်ပြေးလိုက်တမ်း၊ ကျောက်ရုပ်ကျောက်ဖျက်၊ ကုန်းလားရေလား၊ ဇယ်ခုတ်တမ်း၊ အရူးမကြီးမစာဥ ကစားနည်းနဲ့ တခြားပျော်စရာကောင်းတဲ့ ကစားနည်းတွေအများကြီး ရှိပါသေးတယ်။


မမြင်ရတော့သလောက် ရှားသွားပြီးဖြစ်တဲ့ မိမိတို့ရဲ့ တစ်ချိန်က ပျော်စရာကစားနည်းတွေအကြောင်းကို ပြန်လည်လွမ်းမောတမ်းတရင်း….။


by Cherry Mon
Photo Credit: Pinterest



we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။