ဂျယ်လီကို ဘယ်က ရသလဲဆိုတာ သင်သိပါသလား

Jelly လို့ ခေါ်တဲ့ အသုံံးအနှုန်းဟာ ပြင်သစ်စကားလုံးတစ်ခုဖြစ်တဲ့ “ galée “ ဆိုတာကနေ ဆင်းသက်လာတာပါ။ ပျစ်ခဲသောအရာ သို့မဟုတ် အဆီပျစ် လို့ အဓိပ္ပါယ်ရပါတယ်။ Jelly တွေကို ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်းများစွာတုန်းက အရှေ့အလယ်ပိုင်းနိုင်ငံတွေကနေ စတင်တီထွင်ပြီး စားသုံးခဲ့ကြတာပါ။ အဲ့ဒီ့ကနေမှတစ်ဆင့် ရာစုနှစ်အတော်ကြာတဲ့အခါမှာတော့ တစ်ကမ္ဘာလုံးက နှစ်သက်လာကြတာပါ။ ဒါဟာလည်း ဂျယ်လီတွေရဲ့ သစ်သီးနံ့ကြွယ်ဝတဲ့ အနံ့၊ အရသာတွေကြောင့်လို့ ပြောရင် မှားမယ်မထင်ပါဘူး။


ဂျယ်လီတွေရဲ့ မူလပထမကတော့ သစ်သီးယိုတွေလို့ ပြောရမလိုပါပဲ။ အင်္ဂလန်က ဘုရင်တွေ၊ဘုရင်မတွေဟာ သစ်သီးတွေကို ပျားရည်၊ သကာရည် အစရှိတဲ့အရာတွေနဲ့ ကာလရှည်ကြာနှပ်ထားပြီး ၎င်းတို့ရဲ့ ဧည့်သည်တွေကို ထမင်းစားပြီးချိန်မှာ သစ်သီးယိုတွေကို ငွေပန်ကန်ပြားနဲ့ ဧည့်ခံတဲ့ ဓလေ့ရှိခဲ့ပါတယ်။ သကြားရည်၊ ပျားရည်တို့နဲ့ ကာလအတော်ကြာနှပ်ထားတဲ့ သစ်သီးယိုတွေဟာ ဒီနေ့ခေတ် ဂျယ်လီတွေနဲ့ အလားသဏ္ဍာန်တူတယ်လို့ ပြောရပါမယ်။


ဂျယ်လီဈေးကွက် တစ်ရှိန်ထိုးတက်လာတဲ့အချိန်ကတော့ ပထမကမ္ဘာစစ်ဖြစ်နေချိန်မှာပါ။ “Paul Welch” လို့ခေါ်တဲ့ ပုဂ္ဂိုလ်ဟာ “Grapelade” အမည်နဲ့ အစေ့တွေ အခွံတွေ မပါဘဲ သန့်စင်ပြီးသား သစ်သီး ဂျယ်လီတွေကို စတင်ဖြန့်ဖြူးရောင်းချခဲ့ပါတယ်။ဒါဟာ စစ်သားတွေအတွက်တော့ အဲ့ဒီအချိန်မှာ တကယ်ကို အကောင်းဆုံးရွေးချယ်စရာပါပဲ။ စားရတာလွယ်ကူတယ်၊ အရသာရှိတယ် ၊ဈေးမကြီးဘူး အစရှိတဲ့အချက်တွေကြောင့် ဂျယ်လီကို စားသုံးတဲ့ consumer တွေဟာလည်း တဖြည်းဖြည်း များသထက်များလာခဲ့ပါတယ်။


ဒုတိယကမ္ဘာစစ်ကာလမှာတော့ ဂျယ်လီဟာ တစ်ကမ္ဘာလုံးမှာပါ မသိတဲ့သူမရှိလောက်အောင် စားသုံးနေကြပါပြီ။ brand တွေလည်း အမျိုးမျိုး အဖုံဖုံရှိလာခဲ့ပါပြီ။  ဒါပေမဲ့ ဈေးကွက်လိုအပ်ချက်အရ သဘာဝသစ်သီးတွေနဲ့တင်မကဘဲ ဓာတုပစ္စည်းတွေကိုပါသုံးပြီး အနီးစပ်ဆုံးဖန်တီးလာကြတာမျိုးတွေရှိလာခဲ့ပါတယ်။ နာမည်အကြီးဆုံးဓာတုပစ္စည်းကတော့ Gelatin ပါ။ Gelatin ကို ဘယ်ကရသလဲဆိုတာ သင်သိရင်တော့ တကယ်အံ့သြမိမှာသေချာပါတယ်။  ဝက်အခေါက်ကနေ ထုတ်ယူတာပါ။ ဝက်သားအစိမ်းကို အခေါက်တွေသီးသန့်လွှာယူပြီး မီးပြင်းပြင်းမှာ သကြားနဲ့ အတူ အရည်ပျော်သည့်တိုင်အောင်ကြိုချက်ပြီးနောက်မှာ အရောင်၊အနံ့လေးတွေ ထည့်လိုက်တဲ့အခါမှာတော့ သင်တို့ သိပ်ကြိုက်တဲ့ ဂျယ်လီလေးတွေ ဖြစ်လာတော့တာပါပဲ။ 


ဒီနေ့ခေတ်ရောက်လာတဲ့အခါမှာတော့ Gelatin ကို ဝက်အခေါက်ကတင်သာမကဘဲ ကျနော်တို့မသိနိုင်တဲ့ တခြား ဓာတုပစ္စည်းတွေကိုရောစပ်ပြီးတော့ပါ ထုတ်လုပ်လာကြပါပြီ။ ထို့အတူ ကြံကရတဲ့သကြားနေရာမှာ ဆေးသကြားတွေ ပါဝါသကြားတွေကို အစားထိုးလာကြပါတယ်။ အရောင်တွေ အနံ့တွေကလည်း သူ့ထက်ငါ အပြိုင်အဆိုင်အသာရဖို့ အလွန်အကျွံကို သုံးလာကြတာပါ။


ဂျယ်လီကို များသောအားဖြင့် ကလေးတွေ နဲ့ ဆယ်ကျော်သက်လေးတွေ သိပ်ကြိုက်ကြပါတယ်။တကယ်တော့ ဒီအရွယ်လေးတွေဟာ ဘဝတစ်လျှောက်လုံးကျန်းမာဖို့အတွက် အာဟာရပြည့်ဝပြီး ခွန်အားဖြစ်စေတဲ့ အစားအသောက်တွေကိုသာ စားသုံးသင့်တဲ့ အသက်အရွယ်လေးတွေပါပဲ။ ဒီလိုအရွယ်မှာ chemical တွေနဲ့သာ ပြည့်နှက်နေတဲ့ ဂျယ်လီလို သွားရည်စာတွေအစား သဘာဝသစ်သီးယိုတွေကို ကျွေးတာကတော့ ပိုသင့်လျော်ပါလိမ့်မယ်ဆိုတာလေး ပြောကြားရင်း ဂျယ်လီရဲ့ သမိုင်းကြောင်းကို နိဂုံးချုပ်လိုက်ရပါတယ်. . .။

အန္တရာယ်ကင်းသော အစားအစာများကို ရွေးချယ်စားသုံးနိုင်ကြပါစေ. . . ။

June Nine Aung (We Food)


we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။