တရုတ်သိုင်းကျမ်းထက် ရှုပ်ထွေးတဲ့ မိန်းကလေးများရဲ့ စကားဝှက်များ

ယောကျ်ားလေးတွေဟာ တစ်စုံတစ်ခုကို ပြောဆိုချင်တဲ့အခါ ကြိုက်ရင် ကြိုက်တယ် .. မကြိုက်ရင် မကြိုက်ဘူး ပွင့်ပွင့်လင်းလင်း ပြောတတ်ကြပါတယ်။ အဲ့လို ပွင့်လင်းတဲ့အတွက် ယောကျ်ားလေးတွေရဲ့ စိတ်ကို လွယ်ကူစွာ ခန့်မှန်းကြည့်လို့ရပြီး သိုင်းလောကထက် ရှုပ်ထွေးတဲ့ မိန်းကလေးတွေရဲ့ စိတ်နေသဘောထားကိုတော့ ဘယ်ပုဂ္ဂိုလ်မှ လွယ်လွယ်နဲ့ ခန့်မှန်း နားလည်လို့ ရမှာမဟုတ်ပါဘူး။ ဒါ့အပြင် မိန်းကလေးတွေ ဖြစ်လေ့ဖြစ်ထရှိတဲ့  စိတ်ဆိုး စိတ်ကောက်တာ၊ အလိုမကျတာတွေက တကယ်တော့ အသက်အရွယ်နဲ့မဆိုင်ပါဘူး .. အရာအားလုံးက သူတို့ စိတ်ထဲမှာဖြစ်တည်လာတဲ့ ခံစားချက်ကို ရှေ့တန်းတင်လို့ဖြစ်ရခြင်းဖြစ်ပါတယ်။


ဒီတော့ သူတို့တစ်ခုခုလုပ်ရင် တစ်ခုခုပြောလာရင် သူတို့ဘာဖြစ်ချင်တာလဲဆိုတာ သိဖို့ ယောကျ်ားလေးတွေအနေနဲ့ အများကြီး လိုအပ်ပါတယ်။ အဲ့တော့ ချစ်သူရှိတဲ့ ယောကျ်ားလေးတွေပဲဖြစ်ဖြစ်၊ Crush ရှိနေတဲ့ ယောကျ်ားလေးတွေပဲဖြစ်ဖြစ်၊ ယောကျ်ားလေးတိုင်း သိသားသင့်တဲ့ မိန်းကလေးတွေရဲ့ စကားဝှက်လေးတွေ ရှိပါတယ်။ 


တစ်ခါတလေမှာ မိန်းကလေးတွေက အဖြေမရှိတဲ့ သင်္ချာတစ်ပုဒ်လိုပဲ နားလည်ရ အရမ်းခက်ပါတယ်။ တချို့ မိန်းကလေးတွေဆိုရင် ပြောတဲ့စကားနဲ့ ဖြစ်စေချင်တဲ့ အနေအထားက မတူကြပြန်ဘူး။ တချို့ကျတော့လဲ စကားရဲ့ ဆန့်ကျင်ဘက်ကို ဆိုလိုချင်သလိုလို တချို့ကျတော့လဲ  “ မူ ”ရင်းနဲ့ ဘာကို ပြောချင်လို့ ဘာကို ဆိုလိုချင်မှန်းကို  မသိလောက်အောင် နားလည်ရ ခက်တတ်ပါတယ်။ ဒါကြောင့်ပြောတာပေါ့။ ကျနော်တို့ ယောကျ်ားလေးတွေက ရှင်းတယ် စကားပြောရင် ပွင့်လင်းတယ်၊ ဒဲ့ပဲပြောတယ်၊ ကွေ့ကောက်ပြီး မပြောတတ်ဘူး။ ဒါပေမဲ့ မိန်းကလေးတွေကျတော့ ကျနော်တို့လို မဟုတ်ဘဲ နဲနဲကွဲပြားသွားလို့ ကျနော်တို့ ယောကျ်ားလေးတွေက သူတို့ ဘာကိုဆိုလိုတယ်ဆိုတာ နားမလည်ကြတာပါ။ ဒီတော့ မိန်းကလေးတွေရဲ့ စကားဝှက်တွေကို နားလည်ထားတာ အကောင်းဆုံးပါဘဲ။


ကျွန်မခေါင်းနည်းနည်းကိုက်နေလို့


ဒါကတော့ သင့်ကို အလိမ္မာသုံးပြီး ရှောင်တာပါဘဲ။ ပြောရရင်တော့ ရှောင်လင်ကွန်ဖူးအကွက်တွေပေါ့။ ဘယ်ကိစ္စပဲဖြစ်ဖြစ် သူတို့တွေ စိတ်မပါတဲ့အခါ လုပ်ကိုင်လိုတဲ့ ဆန္ဒမရှိတဲအခါ ဒီလိုနည်းနဲ့ ရှောင်ဖယ်လေ့ရှိပါတယ်။ ဒါကို သင်က အထာမနပ်ဘဲ “ ဟုတ်လား ခေါင်းကိုက်ရင် ဆေးခန်းသွားရမှာပေါ့ ”  ..  “ ဆေးသောက်လေ ” .. “ နေပူထဲ သွားလို့ဖြစ်မှာပါ ”  စဖြင့် အာသွားချောင်ရင် ပြန်ကန်တဲ့ စကားကိုပဲ ပြန်ရမှာပါ။ ဒီတော့ သင့်အနေနဲ့ ဆက်မပြောပါနဲ့တော့ (ဆက်ပြောရင်လည်း ခံပေ့ါ) တစ်ခုတော့ ရှိပါတယ်။ သင် ဘာမှ မပြောရသေးဘဲ ခေါင်းကိုက်တယ်ဆိုရင်တော့ သူတကယ်နေမကောင်းသလို ဖြစ်ချင်နေတယ်လို့ အဓိပ္ပာယ်ကောက်လို့ ရပါတယ်။ 


ချစ်သူမရှာချင်သေးပါဘူး


ဒီလိုမျိုးပြောလာရင်တော့ သင်ကံဆိုးပြီ။ အခြေအနေက သင်က သူ့ကို စပြီး ပိုးပန်းတဲ့အခြေအနေမျိုးမှာ ဒီလို စကားမျိုး ပြောလာရင်တော့ သင် ငှက်ပျောခင်းစိုက်ဖို့ မြေဝယ်ထားပေတော့။ ဒီလို ပြောခြင်းဟာ သင့်ကို စိတ်မဝင်စားဘူးလို့ အလိမ္မာသုံးပြီး ပြောတာပဲ။ ဒါမှမဟုတ် သူမမှာ တစ်ခြား စိတ်ဝင်စားစရာ ယောက်ျားလးရှိတယ်လို့ ဝန်ခံတယ်လို့ပဲ မှတ်လိုက်ပါ။ ဒါကိုမှ သင်က တာဇံအကွက်တွေ နင်းပြီး ဆက်ကြူနေမယ်ဆိုတော့ ကိုယ့်ခေါင်းက ချိုလေးကို ပြန်စမ်းကြည့်လိုက်ပါ။


နင့်ကို သူငယ်ချင်းကောင်းတစ်ယောက်လို့ မှတ်ယူပါတယ်။


ဒီလိုပြောလာရင်လည်း ကိုယ့်လူ နာပြီသာမှတ်တော့။ ဘယ်ယောကျ်ားလေးဖြစ်ဖြစ် ကိုယ့် Crush ဆီက ဒီစကားမျိုး ပြောခံရပြီဆို ကြက်နာကြီး လည်လိမ်လိုက်သလို ငိုက်ကြသွားတာများပါတယ်။ ဒါက လမ်းအဆုံးမဟုတ်သေးတဲ့အတွက် နံပတ် (၂)လောက်တော့ ကံမဆိုးသေးပါဘူး။ ကိုယ့်ရဲ့ သိုင်းကွက်တွေနဲ့ ပြန်ချဉ်းကပ်မယ်ဆိုရင်တော့ ပညာပါရင် ပါသလို ကောင်မလေးက သင့်ဘက်ကို တိမ်းညွှန့်လာနိုင်ပါတယ်။ အဲ့တော့ အားမလျော့ပါနဲ့ လုံးသာလုံးပါ။ 


ညည်းငွေ့လာပြီ


ဒီစကားကတော့ အရမ်းရိုးရှင်းလွန်းပါတယ်။ သူတို့ စိတ်ကုန်နေတာကို ပရိယာယ်သုံးပြီး ဖော်ပြတာပါ။ သင်နဲ့ အချစ်ရေးကို စိတ်ကုန်တာလည်း ဖြစ်နိုင်သလို လက်ရှိ သင်နဲ့ သူရဲ့ ဆက်ဆံရေး ဒီထက်ပိုပြီး မတိုးချင်တော့တာကို ဆိုလိုတာမျိုးလဲ ဖြစ်နိုင်ပါတယ်။ ဒါကတော့ အခြေအနေပေါ်မူတည်ပြီး ကောက်ချက်ချရမှာပေါ့နော်။ သင်နဲ့ သူ ပြဿနာဖြစ်ရင် ဒါက လမ်းခွဲချင်ပြီလို့ ပြောတာလည်း ဖြစ်နိုင်သလို သင့်က အေးတိအေးစက်နိုင်ပြီး မပွင့်မလင်းနဲ့မို့ သင့်ကို လက်ထပ်ပါတော့လို့ တိုက်တွန်းတာလည်း ဖြစ်နိုင်ပါတယ်။


ရှင့်မိဘတွေနဲ့ ဘယ်တော့တွေ့ပေးမှာလဲ


ဒီစကားမျိုးကျတော့ မိန်းကလေးဘက်မှ တစ်သက်စာ ရည်ရွယ်ထားလို့ ပြောဆိုခြင်းမျိုးပါ။ ဒီတော့ ကိုယ့်လူအနေနဲ့ အူတူတူ အတတ လုပ်မနေဘဲ မိဘတွေရှေ့ခေါ်သွားလိုက်ပါ။ ဖူးစာဆိုတာ ဦးရာလူဆိုတဲ့စကားရှိသလို ဆွမ်းတော်ပွဲဆိုတာလည်း လက်ဦးတဲ့ ကျောင်းသားနောက်ပါတတ်တယ်ဆိုတဲ့ စကားလည်းရှိတာ သတိထားပါ။ နောက်ထပ် ဥပမာပေးရရင် ကိုယ်မွေးထားတဲ့ ကြက်ကို သူများ ဟင်းအိုးထဲ မမြင်ရအောင်လုပ်ရမှာပေါ့နော်။ နောက်မှ လွတ်တဲ့ငါးကြီးနေဦးမယ်ဆိုတဲ့ အဖြစ်မျိုးနဲ့ ကြုံနေရဦးမယ်။ ဒီတော့ သူမဆီက အဲ့ဒီစကားကြားတာနဲ့ မြန်မြန်ဆန်ဆန်ပဲ သူမကို အိမ်ကို ခေါ်သွားပြီး တစ်လက်စတည်း မင်္ဂလာခန်းဝင်ပစ္စည်းရောင်းတဲ့ဆိုင်ဆီကိုပါ တစ်ပါးတည်း ခေါ်သွားလိုက်ပါ။ 


အခုပြောခဲ့တဲ့ အချက်လေးတွေက အပျော်သဘောအနေနဲ့ ရေးသားခြင်းဖြစ်ပြီး ကိုယ်နဲ့တိုက်ဆိုင်မှုရှိနေရင်တော့ ကိုယ့်ဉာဏ်နဲ့ စဉ်းစားပြီး ဆုံးဖြတ်ပါ။ အခြေအနေပေးရင် ချစ်သူတစ်ယောက်ရနိုင်သလို ကံမြင်နေရင်လည်း မိန်းမတစ်ယောက်ရရှိနိုင်ပါတယ် .. ကိုယ့်လူ။

By - Mozex

Photo – Pexels / Pixabay

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။