ထိထိရောက်ရောက် ဆံပင်ကျွတ်သက်သာစေဖို့… ဒီအချက်တွေကို မမေ့ပါနဲ့

ဆံပင်ကျွတ်တာဟာ လူအတော်များများကြုံတွေ့နေရတဲ့ ပြဿနာတစ်ခုပါ။ ဆံပင်ကျွတ်ရတဲ့ အကြောင်းအရင်း ကလည်း အမျိုးမျိုးရှိပါတယ်။ ဓာတုပစ္စည်းတွေအသုံးပြုမှုများပြားလာတဲ့ ဒီခေတ်မှာ ဆံပင်ကျွတ်တဲ့ ပြဿနာ ဟာလည်း ပိုများလာပါတယ်။ အထူးသဖြင့်ကတော့ မိန်းကလေးတွေဖြစ်ပြီး မိန်ကလေး ၄၀ ရာခိုင်နှုန်းကျော် ဟာ ဆံပင်ကျွတ်တဲ့ ပြဿနာကို ရင်ဆိုင်နေကြရပါတယ်။


 အဲဒါကြောင့် ဆံပင်ဘာကြောင့်ကျွတ်ရသလဲ ဆိုတာနဲ့ ဆံပင်ကျွတ်သက်သာဖို့ ထိထိရောက်ရောက် ကာကွယ် နိုင်မယ့် နည်းလမ်းတချို့ကို ဝေမျှပေးလိုက်ပါတယ်။


ဆံပင်ကျွတ်ခြင်းနဲ့ပတ်သက်တဲ့ အယူအဆအမှားများ


- ဆံပင်ကို ခဏခဏလျှော်ခြင်းက ဆံပင်ကျွတ်စေတယ်လို့ မှားယွင်းယူဆထားကြပါတယ်။ အမှန်တော့ ဆံပင်ကို ခဏတိုင်း မလျှော်သင့်ပေမဲ့ ဆံပင်ကျွတ်တာနဲ့တော့ ဘာမှမပတ်သက်ပါဘူး။


- ဆံပင်အရောင်ဆိုးခြင်းနဲ့ ပေါင်းဆေး၊ ပျော့ဆေးကြောင့် ဆံပင်ကျွတ်တယ်လို့လည်း ဆိုတတ်ကြပါတယ်။ အမှန်တော့ မဟုတ်ပါဘူး။ ဆံပင်အရောင်ဆိုးတာနဲ့ ပေါင်းဆေး၊ ပျော့ဆေးသုံးခြင်းဟာ ကိုယ့်ဆံသားနဲ့ မကိုက် ညီတာကို သုံးမိခဲ့ရင်တော့ ဘေးထွက်ဆိုးကျိုး ရှိကောင်းရှိနိုင်ပါတယ်။ အဲဒီလိုလုပ်တိုင်း ဆံပင်ကျွတ်တယ်လို့ တထစ်ချယူဆလို့တော့ မရပါဘူး။


- ဆံပင်နဲ့ ဦးရေပြားပြဿနာတွေ ဖြစ်လာတဲ့အခါ ခေါင်တုံးတုံးလိုက်တာက ပြဿနာတွေပြေလည်သွားစေ တယ်လို့ ယူဆတတ်ကြပါတယ်။ အဲဒီအယူအဆဟာလည်း မမှန်ပါဘူး။


ဘာလို့ ဆံပင်ကျွတ်ရတာလဲ?


၁။ မျိုးရိုးလိုက်ခြင်း - သင့်မိဘတွေက ဆံပင်ကျွတ်တဲ့ ပြဿနာရှိတယ်ဆိုရင် သင်လည်း ကျွတ်ဖို့များပါတယ်။


၂။ ဟော်မုန်းအပြောင်းအလဲကြောင့် ဆံပင်ကျွတ်ခြင်း - ခန္ဓာကိုယ်က ဟော်မုန်းအပြောင်းအလဲဟာ ဆံသားရဲ့ မွေးညင်းပေါက်တွေကို ထိခိုက်မှုဖြစ်စေပြီး ဆံပင်အမြစ်ကို အားနည်းစေတာကြောင့် ဆံပင်ကျွတ်စေပါတယ်။ အမျိုးသမီးတွေ သွေးဆုံးကိုင်ခြင်းအပါအဝင် ခန္ဓာကိုယ်ရဲ့ ဟော်မုန်းမညီမျှမှုဟာ ဆံကျွတ်စေတဲ့ အကြောင်းအရင်းတစ်ရပ် ဖြစ်ပါတယ်။


၃။ ကိုယ်ဝန်ရှိခြင်း - အမျိုသမီးအတော်များများဟာ ကိုယ်ဝန်ရှိစဉ်ကာလမှာ ရေဓာတ်ခမ်းခြောက်ခြင်းနဲ့ ဟော်မုန်းမညီမျှခြင်းတို့ ဖြစ်တတ်တာကြောင့် ဆံပင်ကျွတ်ခြင်းနဲ့ ဦးရေပြားပြဿနာတွေ ဖြစ်တတ်ပါတယ်။


၄။ စိတ်ဖိစီးမှုကြောင့် ဆံပင်ကျွတ်ခြင်း - ဖျားနာခြင်း၊ အလွန်အကျွံဝိတ်ကျသွားခြင်းနဲ့ ကိုယ်ကာယအားကို အလွန်အကျွံသုံးစွဲမှုတွေဟာ ခန္ဓာကိုယ်ကို ရေဓာတ်ခမ်းခြောက်စေတာကြောင့် ဆံပင်ကျွတ်စေပါတယ်။ အဲဒီလို ပဲ စိတ်ဖိစီးမှုများလွန်းရင်လည်း ဆံပင်ကျွတ်တတ်ပါတယ်။


၅။ ဦးရေပြားမှိုစွဲခြင်း - ဗောက်ထခြင်း၊ သန်းတွယ်ခြင်းတို့လို ဦးရေပြားပြဿနာတွေကလည်း ဆံပင်အမြစ်ကို ထိခိုက်ပျက်စီးစေတာကြောင့် ဆံင်ကျွတ်စေပါတယ်။


၆။ သောက်ဆေးတွေကြောင့် ဆံပင်ကျွတ်ခြင်း - တချို့ကလည်း ရောဂါအခြေအနေအရ မဖြစ်မနေ သောက်ရ တဲ့ ဆေးတွေကြောင့်လည်း ဆံပင်ကျွတ်တတ်ပါတယ်။


၇။ ဆံပင်ကို အလွန်အကျွံပြုပြင်မွမ်းမံခြင်း - ဆံပင်ကို ပိုလှအောင် ကောက်လိုက်ဖြောင့်လိုက် ပြုလုပ်လေ့ရှိကြပါ တယ်။ တခါတလေက ကိစ္စမရှိပေမဲ့ အလွန်အကျွံပြုလုပ်မယ်ဆိုရင်တော့ ဓာတုပစ္စည်းတွေနဲ့ အပူပေးရတဲ့ styling tool တွေက ဆံပင်ကျွတ်ခြင်းကို ဖြစ်ပေါ်စေပါတယ်။


၈။ အာဟာရချို့တဲ့ခြင်း - အလွန်အကျွံ diet လုပ်တာကြောင့် ဒါမှမဟုတ် အာဟာရချို့တဲ့တာကြောင့် ဦးရေပြား ရေဓာတ်ခမ်းခြောက်မှုဖြစ်စေပြီး ဆံပင်ကျွတ်စေပါတယ်။


ဆံပင်ကျွတ်တာ သက်သာအောင် ဘယ်လိုလုပ်မလဲ?


၁။ ခေါင်းဘီးရွေးချယ်မှု မှန်ကန်ပါစေ


ခေါင်းဘီးကလည်း သင့်ဆံပင်ကျွတ်ခြင်းနဲ့ ဆက်စပ်နေနိုင်ပါတယ်။ ဖြစ်နိုင်ရင် ခပ်ကျဲကျဲဘီးစိတ်တွေနဲ့ ခေါင်းဘီး ကို ရွေးချယ်ပါ။ အကောင်းဆုံးကတော့ သစ်သားနဲ့ဖန်တီးထားတဲ့ ခပ်ကျဲကျဲဘီးတွေပါပဲ။ သတိထားရ မှာက ဆံပင်စိုနေချိန်မှာ ခေါင်းမဖြီးမိဖို့ပါပဲ။ ဒါ့ပြင် အပတ်စဉ်တိုင်း ခေါင်းဘီးကို သန့်စင်အောင်ဆေးကြောပေးဖို့ လည်း အရေးကြီးပါတယ်။


၂။ သဘက်နဲ့ ဆံပင်သုတ်နည်း မှန်ကန်ပါစေ


ခေါင်းလျှော်ပြီးတဲ့အခါ သဘက်နဲ့ ဆံပင်ကို ပွတ်တိုက်ပြီး သုတ်ခြင်းဟာ ဆံပင်အခြောက်မြန်စေတာ မှန်ပါတယ်။ ဒါပေမဲ့ ဆံပင်အတွက်တော့ လုံးဝမကောင်းပါဘူး။ ဆံပင်ကျွတ်ခြင်း၊ ဆံသားနှစ်ခွဖြစ်ခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။ အဲဒါကြောင့် ခေါင်းလျှော်ပြီးတဲ့အခါ ဆံပင်ကို သဘက်နဲ့ ဖွဖွသာ ဖိညှစ်ပေးသင့်ပါတယ်။ ရေတစက်စက်မကျတော့ဘူးဆိုရင် ဒီတိုင်းထားလိုက်ပါ။ သူ့ဘာသာသူ သဘာဝအတိုင်း ခြောက်သွေ့သွားပါစေ။


၃။ ဆံပင်အတွက် ပစ္စည်းရွေးချယ်မှု မှန်ကန်ပါစေ


ဓာတုပစ္စည်းတွေက  ဆံပင်ကျွတ်စေတာကြောင့် ဆံပင်အတွက် ခေါင်းလျှော်ရည်နဲ့ တခြားလိုတဲ့ treatment တွေအတွက် ရွေးချယ်ရာမှာ ဆာလ်ဖိတ်၊ ဆီလီကွန်နဲ့ ပါရာဘန်မပါဝင်တဲ့၊ ဓာတုပစ္စည်းအသုံပြုမှုနည်းပါးတာ တွေကို အဓိကထားရွေးချယ်သင့်ပါတယ်။


၄။ တစ်ပတ် ၃ ကြိမ် ခေါင်းလျှော်ပါ


သင့်ဆံပင်မှာ နေ့စဉ်တင်ကျန်နေတဲ့ ဖုန်မှုန်အညစ်အကြေးနဲ့ ဘက်တီးရီးယားတွေကို ကင်းစေဖို့ သင့်တော်တဲ့ ခေါင်းလျှော်ရည်နဲ့ သုံးရက်ခြားတစ်ခါ ခေါင်းလျှော်ပေးသင့်ပါတယ်။ ခေါင်းလျှော်တဲ့အခါတိုင်း ခေါင်းလျှော်ရည် တွေ ကုန်ဆင်အောင် ရေဆေးဖို့ အရေးကြီးပါတယ်။ ဒါ့ပြင် တစ်ပတ်ကို သုံးခါထက်ပိုပြီးလည်း မလျှော်ပါနဲ့။ ခဏခဏခေါင်းလျှော်လွန်းတဲ့အခါ ဆံပင်ကျန်းမာသန်စွမ်းဖို့ မရှိမဖြစ်လိုအပ်တဲ့ ဦးရေပြားနဲ့ ဆံသားက သဘာ၀ အဆီအနှစ်တွေကို ခမ်းခြောက်သွားစေနိုင်တာကြောင့်ပါ။


၅။ ဆံပင်ပြင်ဆင်ပုံကို ဂရုစိုက်ပါ


Hair dryer သုံးပြီး လေမှုတ်အခြောက်ခံလွန်းခြင်း၊ ဆံပင်ခဏခဏဆိုးခြင်းနဲ့ ဓာတုပစ္စည်းတွေ အသုံးပြုမှု များပြားခြင်းဟာ သင့်ဆံသားကို ထိခိုက်စေတာကြောင့် ဆံပင်ကျွတ်ခြင်းကိုလည်း ဖြစ်စေပါတယ်။ ဒါ့ပြင် နေ့တိုင်း ဆံပင်ကို အရမ်းကြပ်အောင် စည်းနှောင်ခြင်းနဲ့ ခပ်ကြပ်ကြပ် ကျစ်ဆံမြီးကျစ်ခြင်းတို့ကိုလည်း ရှောင် ရှားသင့်ပါတယ်။ ခေါင်းစည်းကြိုးတွေကလည်း ဆံပင်ကျွတ်စေနိုင်တာကြောင့်ပါ။


၆။ ဦးရေပြားကျန်းမာရေးကို ဂရုစိုက်ပါ


ဦးရေပြားမှာ ရေဓာခမ်းခြောက်ခြင်း၊ သဘာဝအဆီတွေ ခြောက်ခမ်းခြင်းမဖြစ်အောင် သတိပြုဆင်ခြင်ပါ။ ဗောက်ထခြင်းလို ဦးရေပြားပြဿနာတွေကို ကြုံလာတဲ့အခါ ကုသမှုခံယူပါ။


၇။ ယောဂကျင့်ခြင်းနဲ့ လေ့ကျင့်ခန်းလုပ်ခြင်း


ယောဂနဲ့ ဆံပင်ကျွတ်ခြင်းဟာ မသက်ဆိုင်ဘူးလို့ ထင်ရပါတယ်။ ဒါပေမဲ့ ပုံမှန် လေ့ကျင့်ခန်းပြုလုပ်ပေးခြင်းနဲ့ ယောဂပြုလုပ်ခြင်းဟာ စိတ်ဖိစီးမှုကို သက်သာစေသလို ဆံပင်ကျွတ်ခြင်းကိုလည်း လျော့ပါးသက်သာစေပါ တယ်။ ယောဂလေ့ကျင့်ခန်းတွေထဲမှာ ဆံပင်ကျွတ်သက်သာစေဖို့ အထူးပြုထားတဲ့ လေ့ကျင့်ခန်းမျိုးတွေတောင် ရှိပါတယ်။


၈။ Supplement တွေ သောက်သုံးပါ


ဗီတာမင်နဲ့ ဖြည့်စွက်စာ Supplement တွေဟာလည်း ဆံပင်ကို ထူထဲစေပြီး ဆံပင်ကျွတ်သက်သာစေပါတယ်။ ဒါပေမဲ့ ကျန်းမာရေးဆိုင်ရာကျွမ်းကျင်သူရဲ့ ထောက်ခံချက်မရှိဘဲ Supplement တွေကို မသောက်သုံးသင့် ပါဘူး။


၉။ သဘာဝနည်းလမ်းတွေနဲ့ hair treatment တွေ ပြုလုပ်ပါ


အရိုးရှင်းဆုံးကတော့ ခေါင်းမလျှော်ခင်မှာ အုန်းဆီစစ်စစ်ကို တစ်ခေါင်းလုံးလိမ်းပြီး အတော်ကြာကြာထားပေးပါ။ တစ်ညလုံးထားပြီး နောက်တစ်နေ့မနက်မှ ခေါင်းလျှော်မယ်ဆိုရင်ရင် ပိုကောင်းပါတယ်။ ဒါ့ပြင် အုန်းဆီအစား ဦးရေပြားနဲ့ ဆံသားအနှံ့ကို လျှားစောင်းလက်ပတ်လည်း လိမ်းပေးနိုင်ပါတယ်။ အဲဒီလိုနည်းတူ ဆံပင်အတွက် သဘာဝအတိုင်း treatment လုပ်နိုင်တဲ့ နည်းလမ်းတွေ အများကြီးရှိပါတယ်။


အထက်မှာ ဖော်ပြခဲ့တဲ့အချက်တွေအတိုင်း ဆောင်သင့်တာဆောင်ပြီး ရှောင်သင့်တာ ရှောင်မယ်ဆိုရင် သင် ကြုံတွေ့နေရတဲ့ ဆံပင်ကျွတ်ခြင်းပြဿနာကို အနည်းနဲ့အများ ပြေလည်သွားစေမှာ အမှန်ပါပဲ။


by Cherry Mon
Photo Credit: WeHeartit, Pinterest



we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။