ချစ်သူကောင်မလေး (၈) မျိုး

သမီးရည်းစားအတွဲတွေမှာ တစ်ယောက်နဲ့ တစ်ယောက် အကျင့်စရိုက်မတူနိုင်ပါဘူး။ ရည်စားကောင်မလေး တွေဟာလည်း တစ်ယောက်နဲ့ တစ်ယောက် ပုံစံချင်းကွာခြားကြပါတယ်။ ဘယ်အရာမဆိုကတော့ အဆိုးနဲ့ အကောင်း ဒွန်တွဲနေကြတာချည်းပါပဲ။ အဲဒါကြောင့် သမီးရည်းစားစုံတွဲတွေမှာ ယေဘူယျတွေ့ရတတ်တဲ့ ကောင်မလေး ၈ မျိုးကို ဖော်ပြပေးလိုက်ပါတယ်။


သင်ကရော သင့်ချစ်သူအတွက် ဘယ်လိုကောင်မလေးမျိုးလဲ?


၁။ ပိုင်ဆိုင်လိုစိတ်ကြီးသူ


သင်က သင့်ချစ်သူကောင်လေးကို ဘယ်မိန်းကလေးနဲ့မှ စကားပြောတာ မကြိုက်ဘူးဆိုရင်တော့ သင်က ပိုင်ဆိုင်လိုစိတ်ကြီးမားသူပါ။ သင်ကောင်လေးကို သင်တစ်ယောက်ကလွဲပြီး  တခြားဘယ်သူနဲ့မှ အရမ်းရင်းနှီး တာကို မနှစ်သက်တတ်သူတွေလည်း ဖြစ်ပါတယ်။ ချစ်သူရဲ့ အချိန်တွေအားလုံးကို သင်နဲ့ပဲအတူဖြုန်းတီးစေချင် သူပါ။ သင့်အနေနဲ့ အဲဒီလိုလုပ်နေရတာ ရိုတယ်လို့ထင်ကောင်းနေပေမဲ့ ချစ်သူကောင်လေးအတွက်တော့ စိတ်ပင်ပန်းပြီး ငြီးငွေ့စရာဖြစ်နေနိုင်ပါတယ်။ ဖြစ်နိုင်ရင် သူ့ကို လွတ်လတ်ခွင့်ပေးလိုက်ပါ။ သူသာ သင့်ကို တကယ်ချစ်ရင် သင့်ကိုသစ္စာရှိမှာပါ။ သူ့ကိုပိုင်ဆိုင်လိုစိတ်များလွန်းနေခြင်းက သင်ကိုယ်တိုင်အတွက် ပူလောင် ရသလို သူ့အတွက်လည်း စိတ်အနှောင့် အယှက်တစ်ခု ဖြစ်သွားနိုင်တာကို သတိပြုပါ။


၂။ ပွစိပွစိပြောတတ်သူ


သင်က ချစ်သူကောင်လေးကို တစ်ချိန်လုံး ပွစိပွစိပြောနေတတ်သူလား။ ဒါကိုတော့ ကိုယ်တိုင်သတိထားမိချင်မှ သတိထားမိပါလိမ့်မယ်။ သင့်အနေနဲ့ကတော့ သင်လိုချင်တဲ့အရာ သူနားမလည်ဘူးထင်တဲ့အရာကို ထပ်ခါ ထပ်ခါ အလေးပေးပြောပြမိတာဖြစ်ပေမဲ့ သူ့အတွက်ကတော့ ပွစိပွစိပြောရာ ရောက်သွားနိုင်ပါတယ်။ အဲဒီအခါ သင်ပြောသမျှစကားတိုင်းဟာ အရေးမပါတဲ့အရာတွေ ဖြစ်သွားနိုင်ပါတယ်။ အဲဒါကြောင့် သင့်အတွက်အရေးပါ တဲ့ အရာကို ပြောတဲ့အခါ အေးအေးဆေးဆေးရှိတဲ့အချိန်မျိုးမှာ သူ့ကို လေးနက်တဲ့အသံနဲ့ တစ်ကြိမ်ပဲပြောပြီး သင့်အတွက်အရေးကြီးကြောင်း ခပ်တိုတိုရှင်းပြပါ။ ထပ်ခါထပ်ခါ မပြောပါနဲ့။


၃။ မျက်စိမှိတ်ယုံတတ်သူ


ဒီလိုကောင်မလေးမျိုးတော့ ဘယ်တော့မှ အဖြစ်မခံပါနဲ့။ ချစ်သူကို မျက်စိမှိတ်ယုံစားပြီး စုံလုံးကန်းတာဟာ သင့်အချစ်ကို သူ့ကို ပုံအပ်လိုက်တာ ဖြစ်ကောင်းဖြစ်မှာပါ။ ဒါပေမဲ့ ဝမ်းနည်းစရာတစ်ခုက ယောကျာ်းလေးတိုင်း ဟာ သူတော်ကောင်းတွေချည်း မဟုတ်ပါဘူး။ အရှုံးပေးလွန်းရင်လည်း ငြီးငွေ့လွယ်တာကို သတိပြုပါ၊ ယုံကြည် လွန်းအားကြီးရင်လည်း ရင်ဝကို ခြေစုံကန်ခံရတတ်ပါတယ်။


၄။ စုံထောက်လို ရည်းစား


သင်ဟာ သင့်ကောင်လေးရဲ့ ဆိုရှယ်မီဒီယာတွေကအစ ဖုန်းအဆုံး၊ အရာရာကို အမြဲစူးစမ်းနေသူဆိုရင်တော့ သင်က စုံထောက်ဆန်ဆန်ကောင်မလေးတစ်ယောက်ပါ။ ပိုဆိုးတာက သင့်ကောင်လေးအရင်ရည်းစားရဲ့ ဆိုရှယ်မီဒီယာက ပို့စ်တွေကို ခိုးခိုးစစ်ပြီး သင်တို့သမီးရည်းစားဆက်ဆံရေးဟာ လုံခြုံမှုရှိနေရဲ့လားဆိုတာကို အမြဲတမ်းဆန်းစစ်နေတတ်ပါတယ်။ အဲဒီလိုအကျင့်က သင့်ရဲ့စိတ်ကို ပူလောင်စေပြီး သင့်ကောင်လေးကိုလည်း မယုံကြည်ရာ၊ သံသယပွားရာ ကျတာကြောင့် နောက်ယောင်ခံတတ်တဲ့ သင့်အကျင့်ကို ပြင်ဆင်သင့်ပါတယ်။    


၅။ အသည်းနုလွန်းသူ


သင်က သင့်ကောင်လေးနဲ့ ပတ်သက်သမျှ အရာအားလုံးအပေါ် စိတ်ခံစားချက်လွန်ကဲလွန်းသူ ဖြစ်ပါတယ်။ ပျော်ရွှင်မှု၊ စိတ်လှုပ်ရှားမှု၊ ဝမ်းနည်းအားငယ်မှုနဲ့ ဒေါသအပါအဝင် စိတ်ခံစားချက်အားလုံးကို အလွန်အကျူး ခံစားတတ်ကြပါတယ်။ အစပိုင်းမှာတော့ ချစ်သူအတွက် ချစ်စရာဖြစ်ကောင်းဖြစ်နိုင်ပေမဲ့ အချိန်ကြာလာတာနဲ့ အမျှ ပေါက်ကွဲမယ့်ဒိုင်းနမိုက်တစ်လုံးလို ဖြစ်လာနိုင်ပါတယ်။ သင်တို့ဆက်ဆံရေးမှာလည်း ခလုတ်ကန်သင်း တစ်ခု ဖြစ်နိုင်တဲ့အရာပါ။ အဲဒါကြောင့် စိတ်ခံစားမှုလွန်ကဲလာတဲ့အခါ သင့်ကိုယ်သင်ထိန်းနိုင်အောင် ကြိုးစားပါ။


၆။ တက်ညီလက်ညီရှိသူ


သင်က ချစ်သူနဲ့အတူ ဂိမ်းလိုက်ကစားတတ်တဲ့ ဘောလုံးပွဲလိုက်ကြည့်တတ်တဲ့ ကောင်မလေးမျိုး၊ တစ်ယောက် အကြိုက်ကို တစ်ယောက် အတွဲညီညီ လိုက်လုပ်တတ်သူ ဆိုရင်တော့ သင်က ကောင်လေးတိုင်းလိုချင်ကြတဲ့ ရည်းစားမျိုးပါ။ သင်က သူ့အတွက် ချစ်သူဖြစ်သလို အပေါင်းအသင်းလည်း ဖြစ်နေတတ်ပါတယ်။ အဲဒါကြောင့် သင်တို့ရဲ့ဆက်ဆံရေးဟာလည်း ရေရှည်တည်မြဲနိုင်ချေများပါတယ်။    


၇။ ဒေါသအိုး


သင်ဟာ သင့်ချစ်သူနဲ့ ဘာမဟုတ်တဲ့ အကြောင်းအရာလေးတွေကိုပဲ ငြင်းခုံပြီး ရန်ဖြစ်တတ်သူဆိုရင်တော့ သင်က ဒေါသအိုးချစ်သူမျိုးပါ။ သင်တို့နှစ်ယောက်လုံးအတွက် အကျိုးမရှိနိုင်တဲ့ အရေမရအဖတ်မရတွေကို ငြင်းခုံနေခြင်းက သင်တို့ဆက်ဆံရေးအတွက် လုံးဝမကောင်းပါဘူး။ အနိုင်အရှုံးတွေခွဲခြားကြရင်း သင်တို့ကြား မှာ အစိုင်အခဲတွေ ပိုကြီးလာနိုင်ပါတယ်။ အဲဒါကြောင့် သင်တို့အတွက်အရေးမကြီးတဲ့ အကြောင်းအရာကို မငြင်းခုန်မိအောင် သတိထားပြီး သူဘက်က ပြောလာရင်လည်း လျစ်လျူရှုနိုင်အောင် ကြိုးစားပါ။


၈။ အစားသမား


သင်က နေရာအသစ်အဆန်းတွေကို လည်ပတ်ပြီး အစားအစာအသစ်တွေကို မြည်းစားရသူဆိုရင်တော့ သင်က အစားသမားချစ်သူဖြစ်ပါတယ်။ သောကြာလိုညမျိုးမှာ သူများတွေလို ကလပ်တွေတက်နေမယ့်အစား သင့်ချစ်သူနဲ့ တစ်မြို့လုံးပတ်ပြီး အစားအသောက်တွေ လိုက်စားတတ်သူမျိုးပါ။ သင့်ချစ်သူကပါ အစားသမား ဆိုရင်တော့ သင်တို့အတွက် ပိုပျော်စရာကောင်းမှာပါ။


by Cherry Mon
Photo Credit: Pixabay, Freepik



we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။