ကြောင်လေးတွေက စိတ်ကောက်တတ်သလား၊ ဘယ်အချိန်မှာ စိတ်ကောက်တတ်သလဲ

ကြောင်လေးတွေဆိုတာ ချစ်ဖို့ကောင်းသလောက် ချေလည်းအရမ်းချေတတ်ကြတဲ့ သတ္တဝါတွေပါ။ ပြီးတော့ ကြောင်လေးတွေက စိတ်လည်းကောက်တတ်သတဲ့။



ကြောင်တော်တော်များများက သီးသန့်နေရတာကို ကြိုက်ကြတယ်။ တစ်ချို့ကတော့ လူနားမှာ ပွတ်သီးပွတ်သပ်နေကြပေမယ့် တကယ်တမ်း သူတို့ရဲ့ စရိုက်က တစ်ကောင်တည်း အနှောင့်အယှက်ကင်းကင်း လွတ်လွတ်လပ်လပ်နေရတာ ကြိုက်တဲ့သတ္တဝါတွေပါ။ အဲ့ဒါကြောင့် လူက သူတို့ကို ချီတဲ့အခါ၊ နမ်းတဲ့အခါ၊ pet ( ပွတ်သပ် ) ပေးတဲ့အခါ သိပ်မကြိုက်ချင်သလို ရုန်းထွက်တာတွေ ကုတ်တာတွေလုပ်တတ်တယ်။



သူတို့တွေက လူနဲ့သိပ်ပြီး အရောမဝင်တတ်ပေမယ့် သူတို့ကို ချစ်တဲ့၊ ဂရုစိုက်တဲ့လူဆိုရင်တော့ သိကြတယ်။ ဒါပေမယ့် သခင်က အိမ်ကို နောက်ထပ်ကြောင်အသစ်တစ်ကောင်လောက် ခေါ်လာရင် သူတို့စိတ်ကောက်ရော။ သခင်ပွတ်သပ်ပေးတိုင်း အမြဲရှောင်ထွက်တတ်တဲ့ ကြောင်က သခင်နောက်တစ်ကောင်ကို ဂရုစိုက်နေတာမြင်ရင် စိတ်ကောက်တတ်တယ်။ သူတို့စိတ်ကောက်တဲ့အခါ သခင်ရှေ့ရောက်အောင်သွားပြီး သခင်မြင်သာလောက်တဲ့နေရာမှာ ခေါင်းကြီးဖွက်ပြီး ထိုင်နေတာတို့၊ သခင်ကို ကျောပေးပြီးထိုင်နေတာတို့၊ ဆိုဖာခုံကြားထဲ ခေါင်းကြီးထိုးထည့်ပြီး ထိုင်နေတာမျိုးတွေ လုပ်တတ်တယ်။



နောက်တစ်ခုက စိတ်အလိုမကျတဲ့အခါ စိတ်ကောက်တတ်တယ်။ ဥပမာ - ကြောင်လေးတစ်ကောင်က နေ့စဉ် မနက်ပိုင်း ဆယ့်တစ်နာရီ မှာ အစာစားတယ်ဆိုပါစို့။ တကယ်လို့ သူ့အတွက် အစာအဆင်သင့်မရှိတာမျိုး၊ မေ့ပြီး အစာမကျွေးမိတာမျိုး၊ ကျွေးခဲ့ရင်လည်း သူကြိုက်တတ်တဲ့အစာမပါတာမျိုးဆိုရင် စိတ်ကောက်တတ်တယ်။ နောက်ပြီး သူဆော့နေကျ မွှေးပွအရုပ်လေး၊ ဘောလုံးလေးတွေပျောက်ရင်လည်း စိတ်ကောက်တတ်တယ်။



နောက်တစ်ခုကတော့ စိတ်ကောက်တယ်ဆိုတာထက် ဝမ်းနည်းတာ။ သခင်က သူတို့ကို ပေါင်ပေါ်တင်ပြီး ပွတ်သပ်ပေး၊ ထွေးပွေ့တာမျိုး တစ်ရက်လောက်မလုပ်ခဲ့ဘူးဆိုရင် သူတို့က ဝမ်းနည်းတတ်တယ်။ အဲ့လိုအခါမျိုးကျရင် အိမ်ရဲ့ဝရံတာ၊ လသာဆောင် ကိုထွက်ပြီး အဝေးကြီးကို ငေးနေတတ်သတဲ့။



နောက်ပြီး အမျိုးအစားအလိုက်လည်း စိတ်ကောက်တတ်တယ်လို့သိရတယ်။ ယိုးဒယား၊ စဖင့်ခ်၊ ရက်ဂ်ဒေါလ်၊ မန့်ချ်ကင်၊ စကော့တစ်ရှ်ဖိုးလ်၊ ဗမာကြောင် ( Birman )၊ တာကစ်ရှ် အန်ဂိုရာ၊ ဆဗားနား၊ နစ်ဗ်လန်း၊ ဆိုက်ဘေးရီးယန်း၊ နော်ဝေဂျီယန်ဖောရက်စ်၊ အဘစ်ဆီးနီးယန်း၊ အိက်ဇောတစ်၊ ရက်ဂါမက်ဖင်၊ ပီတာဘဲလ်၊ ဘော့ဘ်တေးလ်၊ စနိုးရှုး၊ ပစ်ဆီဘော့ဘ်၊ ဟာဗားနားဘရောင်း ( DJ စကီလေးမဟုတ် )၊ ကော်နစ်ရှ်ရက်စ်၊ လာပမ်းမ်၊ အီဂျစ်မော နဲ့ ဒေဗွန်ရက်စ် အမျိုးအစားကြောင်လေးတွေက ပိုပြီး စိတ်ကောက်တတ်တယ်လို့ဆိုတယ်။ ဘာပဲဖြစ်ဖြစ်ပါ။ ကြောင်မှန်ရင်တော့ စိတ်ကောက်တတ်တာပဲ။



ကြောင်လေးတွေက ချေတယ်လို့ထင်ရပေမယ့် တကယ်တမ်းကျတော့ နှလုံးသားနုတဲ့သတ္တဝါလေးတွေပါ။ ဘယ်လောက်ပဲ ချေတယ်ပြောပြော၊ ကိုယ့်ဘက်က ဂရုစိုက်မှု နဲ့ ချစ်ခြင်းမေတ္တာအပြည့်အဝပေးနိုင်ရင် အတုံ့အလှည့်အနေနဲ့သူတို့ဆီက ချစ်ခြင်းတွေပြန်ရမှာပေါ့။ တစ်ခါတစ်လေတော့လည်း သူတို့စိတ်ဆိုးစိတ်ကောက်တာကိုက ချစ်စရာကောင်းနေပြန်ရော။



Gabriel

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။