ရည်းစားပိုချစ်အောင် ဆွဲဆောင်နည်း (၁၅) ခု

သမီးရည်းစားဆက်ဆံရေးမှာ ဒီအတိုင်းထိုင်ချစ်နေရုံနဲ့ မရပါဘူး။ တစ်ယောက်နဲ့တစ်ယောက် ဆွဲဆောင်ထားဖို့၊ တစ်ယောက်အပေါ် တစ်ယောက်က လွှမ်းမိုးမှုရှိနေဖို့ လိုပါတယ်။ အဲဒါမှ ရေရှည်မြဲတဲ့ ဆက်ဆံရေးဖြစ်မှာပါ။ ကိုယ့်ချစ်သူကိုဆွဲဆောင်မှုဖို့ ဘာမှကြီးကြီးကျယ်ကျယ်တွေ၊ အပိုစားသားတွေ လုပ်ပြနေစရာမလိုပါဘူး။ ဘာမှ မဟုတ်ဘူးလို့ထင်ရတဲ့ ခပ်ရိုးရိုးရှင်းရှင်း အပြုအမူ၊ အပြောအဆိုလေးတွေကပဲ ဆွဲဆောင်မှုတွေ ဖြစ်နေတတ်ပါ တယ်။

သင့်ကို သင့်ချစ်သူပိုချစ်လာအောင် ဆွဲဆောင်နိုင်တဲ့ အပြုအမူလေးတွေက ဘာတွေလဲ?


၁။ သူ့လက်ကို ဆုပ်ကိုင်ဖို့ မမေ့ပါနဲ့


လူကြားသူကြားထဲမှာ နှစ်ယောက်အတူသွားလာတဲ့အခါ သူ့လက်ကိုဆုပ်ကိုင်ထားခြင်းက သူ့အပေါ် သင့်ရဲ့ ချစ်ခြင်းနဲ့ နွေးထွေးမှုကို ခံစားရစေပါတယ်။ ချစ်စခင်စဆိုရင် အဲဒီလိုအတူလက်တွဲထားခြင်းက သင်တို့ရဲ့ ချစ်ခရီးကို ပိုအဆင်ပြေစေနိုင်ပါတယ်။ ဒါ့ပြင် အဲဒီလိုရိုးရှင်းတဲ့အပြုအမူလေးတစ်ခုက သင်တို့ရဲ့အချစ်ရေးမှာ လုံခြုံစိတ်ချရမှုကိုလည်း ခံစားရရှိစေပါတယ်။


၂။ သင်သွားလေ့ရှိတဲ့နေရာဆီ သူ့ကိုခေါ်သွားပါ


သင်သွားလေ့ရှိတဲ့ သင့်အတွက်ပျော်စရာနေရာ တစ်ခုမဟုတ်တစ်ခုတော့ ရှိမှာပါ။ အဲဒီလိုနေရာမျိုးကို သွားတဲ့ အခါ သူ့ကိုပါ ခေါ်သွားပြီး ပျော်ရွှင်မှုတွေကို နှစ်ယောက်အတူ မျှဝေခံစားပါ။ သင်တို့ကို ပိုမိုရင်းနှီးမှုရရှိစေပြီး အချစ်တွေလည်း ပိုတိုးလာစေနိုင်ပါတယ်။


၃။ သင်ကိုယ်တိုင် သူ့အတွက်လုပ်ထားတဲ့ လက်ဆောင်မျိုးပေးပါ


လက်ဆောင်တစ်ခုခုကို ဝယ်ပြီးပေးတာထက် သူ့အတွက်ရည်ရွယ်တဲ့ ကဗျာလေးတစ်ပုဒ်ကို သင့်လက်ရေးနဲ့ ရေးပေးတာမျိုး ဒါမှမဟုတ် သူ့အတွက် ပုံဆွဲပေးတာမျိုးလို သင်ကိုယ်တိုင်ဖန်တီးထားတဲ့ လက်ဆောင်မျိုးပေးပါ။ ဒါမှမဟုတ် သင်လုပ်တတ်တဲ့ handmade တစ်ခုခုကိုလည်း သူ့အတွက်လက်ဆောင်ပေးနိုင်ပါတယ်။ ရိုးရှင်း ပေမဲ့ သူ့အပေါ် အလေးအနက်ထားတာကို ပိုမိုပေါ်လွင်စေတဲ့ အပြုအမူတစ်ခု ဖြစ်ပါတယ်။


၄။ သူ့အပေါ်ယုံကြည်မှု ပြသပါ


သမီးရည်းစားနှစ်ယောက်ကြားမှာ သစ္စာတရားထက် ပိုတန်ဖိုးကြီးတဲ့ လက်ဆောင်မရှိပါဘူး။ ဒါပေမဲ့ သူ့အပေါ် သံသယပွားမနေဘဲ သင်ယုံကြည်မှုရှိကြောင်းကို ပြသဖို့ လိုပါတယ်။ အဲဒီအခါ သူ့ဘက်ကလည်း သင့်ကို ယုံကြည်မှု ပြန်ပေးပါလိမ့်မယ်။ တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှုရှိနေခြင်းက သမီးရည်းစားဆက်ဆံရေး မှာ အရေးကြီးပါတယ်။


၅။ သူ့ကို အထူးလက်ဆောင်ပေးပါ


သူ့ရဲ့မွေးနေ့၊ သင်တို့ရဲ့အထိမ်းအမှတ်နေ့တွေနဲ့ တခြားအထူးနေ့မျိုးတွေမှာ သူ့အတွက် သီးခြားရည်ရွယ်ထား တဲ့ လက်ဆောင်ပေးပါ။ တန်ဖိုးကြီးဖို့ မလိုပါဘူး။ သင့်ရင်ထဲက စေတနာစစ်မှန်ဖို့ပဲ လိုပါတယ်။ ပစ္စည်းမှ မဟုတ်ပါဘူး၊ သူ့ဆန္ဒတစ်ခုခုကို ဖြည့်ဆည်းပေးတာမျိုးဆိုရင်လည်း ရပါတယ်။


၆။ အတူတူ လမ်းဝေးဝေးလျှောက်ပါ


တစ်နေရာရာမှာထိုင်ပြီး မုန့်စားလိုက်၊ စကားပြောလိုက်နဲ့ပဲ အချိန်ကုန်နေမယ့်အစား တစ်ခါတရံမှာ ခပ်ဝေးဝေး တစ်နေရာကို အတူတူလမ်းလျှောက်ကြည့်ပါ။ အတူတူလက်တွဲပြီး လမ်းဝေးဝေးလျှောက်ခြင်းဟာ သင်တို့ကို စိတ်ဖိစီးမှုလျှော့ကျစေပြီး စိတ်ကို လန်းဆန်းစေပါတယ်။ သင်တို့ကိုလည်း ပိုမိုရင်းနှီးနွေးထွေးမှု ရစေပါတယ်။


၇။ အတူတူရယ်မောပါ


ရယ်မောခြင်းဟာ စိတ်ဖိစီးမှုကို သက်သာစေသလို စိတ်ခံစားချက်ကိုလည်း ကောင်းစေတာကြောင့် နှစ်ယောက် အတူ ရယ်မောခြင်းဟာ အချစ်တွေကို ပိုတိုးစေတယ်ဆိုတာ မယုံမရှိပါနဲ့။ သင်ကိုယ်တိုင် ရယ်စရာပြောတာပဲ ဖြစ်ဖြစ်၊ ရယ်စရာဇာတ်လမ်းတွေ အတူကြည့်တာပဲဖြစ်ဖြစ် ဒါမှမဟုတ် ဆိုရှယ်မီဒီယာက ရယ်စရာအကြောင်း အရာတွေကို အတူမျှဝေတာပဲဖြစ်ဖြစ်၊ သူ့နဲအတူ ရယ်မောဖြစ်အောင် ကြိုးစားပါ။


၈။ သူ့ကို ငေးစိုက်ကြည့်ပါ


သူ့ဆံပင်သပ်တာပဲဖြစ်ဖြစ်၊ အင်္ကျီဆွဲချတာဖြစ်ဖြစ်၊ သူ့ရဲ့အသေးစိတ်လှုပ်ရှားမှုလေးတွေကို မကြာခဏ ငေးစိုက် ကြည့်ပါ။ အဲဒီလိုငေးကြည့်တာကြောင့် သူမနေတတ်မထိုင်တတ် ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အဲဒီလို ချစ်သူက ကိုယ့်ကိုငေးနေတဲ့ အပြုအမူကို သဘောမကျတဲ့သူ မရှိသလောက်ပါပဲ။ အဲဒီအပြုအမူလေးက သင်တို့ နှစ်ယောက်ကို ရင်ခုန်စိတ်လှုပ်ရှာစေပြီး နှလုံးသားချင်း ရင်းနှီးနွေးထွေးမှုကိုလည်း ရရှိစေပါတယ်။


၉။ ချစ်တယ်လို့ မကြာခဏပြောပေးပါ


ကိုယ့်ချစ်သူကို ချစ်တယ်လို့ ပြောရမှာ မရှက်ပါနဲ့။ ချစ်တာသိနေတယ်ဆိုပြီး မပြောဘဲမနေသင့်ပါဘူး။ အဲဒီ ချစ်တယ်ဆိုတဲ့ စကားလေးဟာ အင်မတန်ခွန်အားကြီးပါတယ်။ ခဏတိုင်းမဟုတ်ပေမဲ့ မကြာခဏတော့ ပြောပေးပါ။ သူ့ကိုသင်ချစ်တယ်ဆိုတာကို မကြာခဏသတိပေးသင့်ပါတယ်။ အဲဒီစကားလေးတစ်ခွန်းက သင်တို့ရဲ့ချစ်ခြင်းတွေကို ပိုမိုခိုင်မာစေပြီး ကြည်နူးစရာအခိုက်အတန့်လေးတွေ ဖြစ်နိုင်ပါတယ်။


၁၀။ သူရှိနေတာ သင့်အတွက်ကံကောင်းမှုဖြစ်ကြောင်း မကြာခဏသတိပေးပါ


သူ့ကို အမြဲချစ်မယ့်အကြောင်း၊ သူ့ကိုပိုင်ဆိုင်ရခြင်းက သင့်အတွက်ကံကောင်းမှုတစ်ခုဖြစ်ကြောင်း သူသိအောင် ပြောပေးပါ။ သင့်ဘေးမှာ သူရှိနေတဲ့အတွက် သင်ဘယ်လောက်ပျော်ရွှင်ကြောင်းကိုလည်း မကြာခဏပြောပြဖို့ မမေ့ပါနဲ့။


၁၁။ သင့်လျှို့ဝှက်ချက်တချို့ကို ပြောပြပါ


သမီးရည်းစားဆက်ဆံရေးမှာ ပွင့်လင်းမှုရှိဖို့ အရေးကြီးပါတယ်။ ဖြစ်နိုင်ရင် သင့်လျှို့ဝှက်ချက်တွေ သူ့ကို ပြောပြဖို့ မမေ့ပါနဲ့။ သင့်ဘက်ကပြောရင် သူ့ဘက်ကလည်း ပြောပါလိမ့်မယ်။ နှစ်ယောက်အတူ လျှို့ဝှက်ချက် တွေ ဝေမျှခြင်းက သင်တို့ကို ပိုမိုရင်းနှီးနွေးထွေးစေပါတယ်။ ဒါ့ပြင် သူဟာ သင့်အတွက် သူများတွေနဲ့မတူဘဲ ထူးခြားတဲ့သူတစ်ယောက်ဆိုတာကိုလည်း ပေါ်လွင်စေပါတယ်။


၁၂။ သူ့အတိတ်ကို မေ့ထားလိုက်ပါ


လူတိုင်းမှာ အတိတ်က ကောင်းတာတွေရော မကောင်းတာတွေရော ဖြစ်ခဲ့နိုင်ပါတယ်။ ဒါပေမဲ့ အခုလက်ရှိမှာ အတိတ်က ကိစ္စတွေက အကျူံးမဝင်တော့ပါဘူး။ သင်တို့တစ်ယောက်နဲ့တစ်ယောက် ချစ်နေဖို့ပဲ လိုပါတယ်။ သူ့ရဲ့အရင်ကိစ္စတွေကို ပြန်ပြန်မတူးဖော်ပါနဲ့။ အတိတ်ကိုမေ့ပြီး သင်တို့နှစ်ယောက်ရဲ့ အနာဂတ်ကိုပဲ ရှေ့ရှုထား ပါ။


၁၃။ သင့်မိဘတွေကို သူ့အကြောင်းပြောပြထားပါ


သင့်မိဘတွေကို သူ့အကြောင်းပြောပြပြီး သင်တို့မိသားစုရဲ့ ပျော်စရာအချိန်တွေမှာ သူလည်း အတူရှိနေအောင် ကြိုးစားပါ။ သင်တို့ကြားမှာ ပိုမိုရင်းနှီးမှုရစေသလို သင်တို့အချစ်ရေးဟာလည်း ပိုမိုခိုင်မာနေပြီဆိုတဲ့ ခံစားချက် ကို ရရှိစေမှာ ဖြစ်ပါတယ်။


၁၄။ သူ့ကို ဟင်းချက်ကျွေးပါ


အိမ်မှာ အတူတူချက်ပြုတ်စားခြင်းဟာ သင်တို့အတွက် ပျော်စရာအချိန်လေး ရရှိစေသလို သင်တို့ကိုလည်း ပိုမို ရင်းနှီးမှုရစေပါတယ်။ သူကြိုက်တဲ့ဟင်းတွေကို ချက်ပြုတ်ပေးပြီး သူ့ကိုဂရုစိုက်ကြောင်း ပြသပါ။


၁၅။ မကြာခဏ ဖုန်းဆက်ပါ


သင်အလုပ်ရှုပ်နေချိန်မှာတော့ သူ့ကို ခဏတဖြုတ်ဖုန်းဆက်ဖို့ အချိန်လေးသုံးလေးငါးမိနစ်စာလောက် ပေးပါ။ သင်ထမင်းစားချိန် အပြင်ထွက်ရချိန်တွေနဲ့ ညနေအလုပ်ပြန်ချိန်တွေမှာ သူ့ဆီကို ခဏလေးဖြစ်ဖြစ် ဖုန်းဆက်ဖို့ မမေ့ပါနဲ့။ အဲဒီလိုမကြာခဏဖုန်းဆက်ခြင်းက သင်တို့အတူရှိမနေပေမဲ့ တစ်ယောက်ဘာလုပ်နေတယ်ဆိုတာကို တစ်ယောက်က သိနေနိုင်တာကြောင့် အတူရှိနေသလို ခံစားချက်မျိုး ရရှိစေပါတယ်။ သင်တို့ကြားက ယုံကြည်မှု ကိုလည်း ပိုတိုးစေပါတယ်။


လူအမျိုးမျိုး စိတ်အထွေထွေ ကွဲပြားနိုင်တာကြောင့် အားလုံးအတွက် အကျူံးဝင်တယ်လို့ မဆိုနိုင်ပေမဲ့ ဒီအချက် လေးတွေကတော့ သင့်ချစ်သူကို ရိုးရိုးရှင်းရှင်းနဲ့ ဆွဲဆောင်နိုင်မှာ ဖြစ်တာကြောင့် ကြိုးစာကြည်ဖို့ မမေ့ပါနဲ့နော်။


by Cherry Mon
Photo Credit: Unsplash, Pinterest




we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။