အနေအထိုင်မတတ်တဲ့ ခွေး

ယုတ်မာရိုင်းစိုင်းတဲ့သူတွေကိုုဖြစ်ဖြစ် ကိုယ်နဲမတည့်သူကို ဖြစ်ဖြစ် ခွေးနဲ့ကိုင်တုတ်ပြီး ဆဲတတ်ကြပါတယ်။
လူမဆန်တဲ့ အမှုမျိုး ဒါမှမဟုတ် မဒိမ်းမှုကျူးလွန်သူတွေကိုလည်း ခွေးကျင့်ခွေးကြံ ကြံတယ်လို့ နှိုင်းတတ်ကြကြသေးတာ မဟုတ်လား။


ဟုတ်တော့လည်း ဟုတ်တယ်ဗျ။ ခွေးတွေကလည်း အနေအထိုင်မတတ်ကြဘူး။ ဘယ်နှယ့်ဗျာ... လူမြင်ကွင်းမှာ ချီးပါလိုပါ၊ သေးပန်းလိုပန်းနဲ့။ သူတို့က အရမ်းကို ပွင့်လင်းလွန်းတဲ့ကောင်တွေ။ မိတ်လိုက်ချိန်ဆို ပိုတောင်ဆိုးသေးတယ်။ ယိုသူမရှက် မြင်သူရှက်ပေါ့။


ဒါပေမဲ့ ခွေးတွေဘက်က တွေးပြန်တော့လည်း ခွေးပါဆို၊ လူသားဆိုတာတွေလောက် အသိအဉာဏ်မရှိလို့ ခွေးလုပ်နေတာလေ..။ ခွေးကခွေးလေ တိရိစ္ဆာန်ပဲဟာ.. လူမှမဟုတ်တာ..။


ခွေးတွေက လူတချို့ထက် ပိုသာတဲ့အရာတွေရှိတယ်လို့ ပြောရင် ငြင်းမယ့်သူတွေ အပုံုကြီး...။ ဒါပေမဲ့ မယုံမရှိနဲ့။ တကယ်သာတာ...။
ခွေးတွေဆိုတာ လူတွေထက် သစ္စာရှိတဲ့ သတ္တဝါတွေဗျ...။ ခုခေတ် ပိုဆိုးတာပေါ့...။ လူတွေ လူတွေဆိုတာ လောဘကြောင့် သစ္စာပျက်တယ်၊ မောဟကြောင့် သစ္စာပျက်တယ်၊ ရမက်ကြောင့် သစ္စာပျက်ကြတယ်။


ဖေ့စ်ဘွတ်ကြီးပေါ်မယ်... တစ်နေ့နေ့ မြင်လိုက်ရတဲ့ စနိုက်ကြော်သတင်း၊ တော်ကြာနေရင်း ဟိုလူက လိမ်ပြန်ပြီ ဒီလူက လိမ်ပြေးပြန်ပြီနဲ့၊ တစ်နေ့တစ်မျိုး ရိုးရတယ်ကို မရှိဘူး မဟုတ်လား။ နောက်ကျော ဓားနဲ့ထိုးတာတို့၊ လူယုံသတ်တာတို့... ပုံအောလို့...။


ပိုဆိုးတာက သက်ငယ်မဒိမ်းမှုတွေဆိုတာ မကြားဝံ့မနာသာ...။ သြော်... လူတွေ လူတွေ ကိုယ်ကျင့်တရားကိုပါ တန်ဖိုးမထားကြတော့ဘူး။ လူသားတွေ မဆန်ကြတော့ဘူး။ အကုန်လုံးတော့ မဟုတ်ပါဘူး တချို့ချို့ ပြောပါတယ်...။


အဲဒါကြောင့်ပြောရတာပေါ့... အဲဒီလူမဆန်တဲ့ လူတွေထက် ခွေးတွေက သာပါတယ်လို့...။ ခွေးတွေက သူ့သခင်အပေါ် ဘယ်တော့မှ လောဘကြောင့် သစ္စာမပျက်ဘူး။ ဘာအကြောင်းကြောင့် ဖြစ်ဖြစ် သစ္စာပျက်ခဲတယ်။


သူတို့ခမျာမှာလည်း ကိုယ့် privacy နဲ့ကိုယ် မနေတတ်ကြတာနဲ့ကို လူယုတ်မာတွေ လူမဆန်တဲ့ဟာတွေနဲ့ အနှိုင်းခံရတော့တာပဲ...။
အဲဒီတော့ဗျာ... ဖြစ်နိုင်မယ်ဆိုရင် အဲဒီလို လူမဆန်တဲ့လူတွေထဲက တချို့တချို့ကို ခွေးတွေနဲ့ မနှိုင်းကြပါနဲ့တော့...။ လူသားတွေကိုယ်စား ခွေးတွေကို အားနာလို့ မျက်နှာပူလွန်းလို့ပါဗျာ...။

by Cherry Mon
Photo Credit: Unsplash




we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။