သင့်ရဲ့လက်နှစ်ဖက် ယှက်တဲ့ပုံက သိနိုင်တဲ့ သင့်အကြောင်း

ခန္ဓာဗေဒ ပညာရှင်တွေရဲ့လေ့လာတွေ့ရှိချက်အရ လူတစ်ယောက်ရဲ့လက်ချောင်းတွေ ယှက်ထားတဲ့ပုံစံကနေ အဲဒီ့လူရဲ့အကြောင်း ခန့်မှန်းသိရှိနိုင်ပါတယ်တဲ့။ ဒီလေ့လာတွေ့ရှိချက်ကို နိုဘယ်ဆုရှင် Roger Wolcott Sperry က အစပြုခဲ့တာပါ။ သူ့ရဲ့ရှာဖွေတွေ့ရှိချက်က မှန်မမှန် ကိုယ်တိုင်ပဲ စမ်းသပ်ကြည့်လိုက်တော့နော်။ ဘာကိုမှ အကြာကြီးစဉ်းစားမနေဘဲ လက်သာယှက်ကြည့်လိုက်ပါ။


ဘယ်ဘက်လက်မကိုအပေါ်ဆုံးမှာထားသူ


သင်ဟာ လက်တွေ့ကျတဲ့သူပါ။ သွေးပူနေချိန်မှာ ဆုံးဖြတ်ချက်ချလေ့မရှိပါဘူး။ အလုပ်တစ်ခုမလုပ်ခင် အကျိုးအပြစ်တွေ ထည့်တွက်ပြီးမှ လုပ်ပါတယ်။ သင့်ကို လိမ်ညာလှည့်ဖြားဖို့ မလွယ်ပါဘူး။ သင်ဟာ သူများတွေ လိမ်နေရင် အလိုလိုတန်းသိတဲ့ ပါရမီမျိုး ရှိလို့ပါ။ အဲဒီအကြောင်းအချက်တွေကြောင့် သူငယ်ချင်း၊ မိသားစုတွေရဲ့ တန်ဖိုးထားခြင်းကို ခံရပြီး သူတို့ဟာ သင့်ဆီက အကြံပြုချက်တွေ တောင်းလေ့ ရှိပါတယ်။ များသောအားဖြင့် အမြော်အမြင်ရှိတဲ့ အကြံပြုချက်တွေပဲ သင်ပေးတတ်ပါတယ်။ သင့်မှာ ဟာသဉာဏ်လည်းရှိတာကြောင့် လူပေါင်းဆန့်ပါတယ်။ သင်ဟာ ပိုးပန်းတဲ့နေရာမှာလည်း ဆရာကြီးပါ။ ဘယ်အချိန်မှာ ဘယ်လိုစကားကို ပြောရမယ်ဆိုတာ သေချာသိတဲ့သူပေါ့။


လက်မနှစ်ချောင်းပူးထားသူ


သင်ဟာ အရာရာကို ပြီးပြည့်စုံစွာ နေထိုင်လုပ်ကိုင်တတ်သူ ဖြစ်တဲ့အလျောက် အခြားသူတွေဆီကလည်း တူညီတဲ့ တုံ့ပြန်မှုမျိုးကို လိုချင်ပါတယ်။ သင့်မှာ ခေါင်းဆောင်မှု ပါရမီပါပြီးတော့ အခြားသူတွေကို ထောက်ထားငဲ့ညှာတတ်ပါတယ်။ သင်ဟာ ဆုံးဖြတ်ချက်တစ်ခု မချခင် အခြားသူတွေရဲ့ အကြံပြုချက်တွေကို နားထောင်ပြီး သူတို့ဘက်ကနေ တွေးပေးလေ့ ရှိပါတယ်။ ဗြောင်ပြောတတ်တာ၊ ရိုးသားတာ၊ ဟန်မဆောင်တတ်တာတွေကြောင့်လည်း အချို့သောသူတွေရဲ့ ချစ်ခင်နှစ်သက်မှုကို ခံရသလို၊ အချို့သောသူတွေရဲ့ အမုန်းပွားခြင်းကိုလည်း ခံရလေ့ရှိပါတယ်။ အချစ်ရေးမှာ သင့်လိုပဲ ရိုးသားပွင့်လင်းတဲ့သူကို သဘောကျပါတယ်။ သင်ကိုယ်တိုင်က ရှက်ကြောက်တတ်သူမဟုတ်တဲ့အတွက် သင့်ချစ်သူကိုလည်း မရှက်မကြောက်တတ်သူတစ်ယောက် ဖြစ်စေချင်ပါတယ်။


ညာဘက်လက်မကိုအပေါ်ဆုံးထားသူ


သင်ဟာ EQ မြင့်သူ၊ စိတ်ခံစားချက်ကို ကောင်းစွာ ထိန်းချုပ်နိုင်သူဖြစ်ပါတယ်။ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေကိုလည်း ချနိုင်ပါတယ်။ ဒါပေမဲ့ တစ်ခါတလေ စိတ်ခံစားချက်နဲ့ ဆက်နွယ်ပြီး ဆုံးဖြတ်ချက်ချရမယ့် ကိစ္စမျိုးတွေမှာတော့ တွေဝေနေတတ်ပါတယ်။ လေးနက်တဲ့ခံစားချက်တွေကို နားလည်နိုင်စွမ်းရှိပြီး ကြင်နာတတ်သူဖြစ်တာကြောင့် လူအများရဲ့ ချစ်ခင်ရင်းနှီးမှုကို ခံရသူပါ။ အချစ်ရေးမှာဆိုရင်လည်း ချစ်သူရဲ့ပြဿနာတွေကို မပြောဘဲနဲ့ နားလည်တတ်တဲ့ သူမျိုးပါ။ ဒါကြောင့် ချစ်သူရဲ့ စိတ်ပိုင်းဆိုင်ရာ အခက်အခဲတွေကို ဖြေရှင်းပေးနိုင်သူလည်း ဖြစ်ပါတယ်။


we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။