အသားအရေကို သဘာဝအတိုင်း ကြည်လင်လှပစေမယ့် အစားအသောက် (၁၁) မျိုး

သင်နေ့စဉ်စားနေကျ စားစရာတွေထဲမှာ သင့်အသားအရေအတွက် အကျိုးရှိတဲ့ အစားအစာတွေ အများကြီး ပါဝင်နေပါတယ်။ သင့်အနေနဲ့ သဘာဝအတိုင်း အသားအရေလှပနေစေဖို့ဆိုရင် အဲဒီလို အစားအစာတွေကို အဓိကထား စားသုံးပေးဖို့ လိုအပ်ပါတယ်။


အဲဒါကြောင့် သင့်ကျန်းမာရေးအတွက် အထောက်အကူပြုရုံတင်မကဘဲ အသားအရေကိုလည်း သဘာ၀ အတိုင်း ကြည်လင်ဝင်းပပြီး ချောမွေ့လှပနေစေမယ့် အစားအသောက် (၁၁) မျိုးကို ဖော်ပြပေးလိုက်ပါတယ်။


၁။ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်များ


သင့်အသားအရေကို သဘာဝအတိုင်း စိုပြေဝင်းလက်လှပစေဖို့ အလွယ်ကူဆုံးနည်းကတော့ အစိမ်းရင့်ရောင်ရှိ တဲ့ ဟင်းသီးဟင်းရွက်တွေကို စားသုံးပေးပါ။


၂။ သစ်သီးများ


ဗီတာမင်နဲ့ antioxidant ကြွယ်ဝတဲ့ သရက်သီး၊ ငှက်ပျောသီး၊ သင်္ဘောသီး၊ လိမ္မော်သီး၊ လီမွန်၊ စတော်ဘယ်ရီ၊ စပျစ်သီး၊ မာလကာသီး၊ ကီဝီနဲ့ ပန်းသီးတို့လို သစ်သီးတွေ ပုံမှန်စားသုံးပေးခြင်းက သင့်အသားအရေကို စိုပြေ လှပစေပါတယ်။


၃။ ကျန်းမာတဲ့ အဆီ


Unsaturated fat, အိုမီဂါ 3, အိုမီဂါ 6 fatty acid တို့ပါဝင်တဲ့ အစားအစာတွေဟာ ဝက်ခြံနဲ့တခြား အရေပြား ပြဿနာတွေကို သက်သာစေပြီး ကျန်းမာလှပစေပါတယ်။ ဗာဒံသီး၊ သစ်ကြားသီးနဲ့ သစ်အယ်သီးတို့လို့ အစေ့ အဆံတွေနဲ့ ဆော်လ်မွန်၊ တူနာနဲ့ ထရောက်ငါးတို့လို ငါးတွေကို စားသုံးခြင်းဟာ အဲဒီလိုအကျိုးကျေးဇူးတွေကို ရရှိစေပါတယ်။


၄။ မုန်လာဥနီ


ဗီတာမင်နဲ့ antioxidant ကြွယ်ဝတဲ့ မုန်လာဥနီဟာ အသားအရေအတွင်းပိုင်းက အဆိပ်အတောက်ကို ဖယ်ရှား ပေးပြီး အရွယ်မတိုင်ခင်အိုမင်းရင့်ရော်ခြင်းနဲ့ အရေးအကြောင်းတွေကိုတင်မက နေလောင်ဒဏ်ကြောင့်ဖြစ်တဲ့ အရေပြားပြဿနာတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ ကန်စွန်းဥနဲ့ ပိန်းဥဟာလည်း အဲဒီလိုပါပဲ။


၅။ ဥ


ဗီတာမင်ဘီဓာတ် ကြွယ်ဝတဲ့ ဥတွေဟာ အသားအရေကို ချောမွေ့လှပစေရုံတင်မက အရွယ်မတိုင်ခင် အိုမင်း ရင့်ရော်ခြင်းကိုလည်း ကာကွယ်ပေးပါတယ်။ ဥတွေမှာပါဝင်တဲ့ ဇင့်ဓာတ်က အရေပြားကိုအားဖြည့်ပေးပြီး ဘိုင်အိုတင်ကြွယ်တဲ့ ကြက်ဥအကာကတော့ အသားအရေကို ကျန်းမာနုပျိုစေပါတယ်။ ဥမှာပါဝင်တဲ့ ဗီတာမင် အေကလည်း ဆဲလ်တွေပျက်စီးခြင်းကို ပြုပြင်ပေးသလို အသားအရေကို ကြည်လင်လှပစေပါတယ်။


၆။ ထောပတ်သီး


ဗီတာမင်အီးကြွယ်ဝစွာ ပါဝင်တဲ့ ထောပတ်သီးဟာ အရေပြားယိုယွင်းပျက်စီးလာမှုကို နှေးကွေးစေပါတယ်။ ဒါ့ပြင် ထောပတ်သီးဟာ အစိုဓာတ်ကိုထိန်းသိမ်းပေးပြီး အရွယ်မတိုင်ခင် အရေးအကြောင်းဖြစ်ခြင်း၊ ဝက်ခြံ ပေါက်ခြင်းနဲ့ အရေပြားခြောက်သွေ့ယားယံခြင်းတို့လို အရေပြားပြဿနာတွေမဖြစ်အောင်လည်း ကာကွယ်ပေး နိုင်ပါတယ်။ ထောပတ်သီးဟာ ကျန်းမာရေးအတွက်ကောင်းသလို အသားအရေအတွက်လည်း အကျိုးရှိတဲ့ စားစရာဖြစ်တာကြောင့် နေ့တိုင်း ထောပတ်သီးဖျော်ရည်တစ်ခွက် သောက်သုံးပေးသင့်ပါတယ်။


၇။ ဆန်လုံးညို


ဆန်လုံးညိုမှာ မဂ္ဂနီဆီယမ်၊ မီတာမင်နဲ့ antioxidant တွေ ကြွယ်ဝစွာ ပါဝင်တာကြောင့် အရေပြားနီရဲယောင်ရမ်းခြင်းနဲ့ ဝက်ခြံဖြစ်ခြင်းကို ကာကွယ်ပေးပါတယ်။ ဆန်လုံးညိုမှာပါဝင်တဲ့ ပရိုတိန်းဓာတ် ကလည်း  အရေပြားပျက်စီးခြင်းကို ပြန်ပြင်ပြုပြင်ပေးပါတယ်။ ဒါ့ပြင် အမျှင်ဓာတ်လည်းကြွယ်ဝတာကြောင့် အသားအရေကို ချောမွေ့စေပြီ ရေဓာတ်လည်း ပြည့်ဝနေစေပါတယ်။


၈။ လက်ဖက်စိမ်း


နေရောင်ခြည်ကထွက်လာတဲ့ ခရမ်းလွန်ရောင်ခြည်တွေဟာ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှုကို ဖြစ်စေပါ တယ်။ antioxidant ကြွယ်ဝတဲ့ လက်ဖက်စိမ်းကတော့ ခန္ဓာကိုယ်ကနေ အဲ့ဒီဓာတ်တွေကို သန့်စင်ပေးပြီး အရွယ်မတိုင်ခင်အိုမင်းရင့်ရော်မှု မဖြစ်အောင် ကြိုတင်ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့ပြင် လက်ဖက်စိမ်းဟာ ဝက်ခြံနဲ့ ဝက်ခြံဖြစ်စေတဲ့ဟော်မုန်းတွေကို တိုက်ထုတ်ပေးတာကြောင့် သင့်အသားအရေကို နုပျိုကျန်းမာစေပါတယ်။


၉။ ဝိုင်နီ


ဝိုင်နီဟာ သင့်တင့်သလောက် သောက်သုံးပေးရင် ကျန်းမာရေးအတွက် အထောက်အကူပြုသလို အလှအပ အတွက်လည်း အကျိုးရှိစေပါတယ်။ ဝိုင်နီမှာ ပါဝင်တဲ့ antioxidant တွေဟာ အသားအရေကို ပင်ကိုယ်အတိုင်း ကြည်လင်ဝင်းပပြီး အိုမင်းရင့်ရော်မှု မရှိအောင် ကာကွယ်ပေးနိုင်စွမ်းရှိပါတယ်။


၁၀။ အနက်ရောင် ချောကလက်


အနက်ရောင်ချောကလက်မှာ ပါဝင်တဲ့ antioxidant တွေဟာ သင့်အသားအရေကို ထိခိုက်ပျက်စီးခြင်းကနေ ကာကွယ်ပေးသလို အချိန်အကြာကြီး နုပျိုချောမွေ့အောင်လည်း ထိန်းသိမ်းပေးနိုင်ပါတယ်။ ဒါ့ပြင် အရေပြားကို ခရမ်းလွန်ရောင်ခြည်ကနေလည်း ဒိုင်းတစ်ခုလို ကာကွယ်ထားပြီး နေလောင်မှုမဖြစ်အောင် ကာကွယ်ပေးပါ တယ်။ အဲဒါကြောင့် သင့်အသားအရေကို နူးညံ့ပြီး သဘာဝအတိုင်း ရေဓာတ်ပြည့်ဝနေစေမှာပါ။


၁၁။ ရေ


ရေဟာ ကျန်းမာရေးအတွက်ရော အလှအပအတွက်ပါ အကျိုးရှိစေတယ်ဆိုတာကတော့ ဟိုအရင်ကတည်းက သိကြမှာပါ။ နေ့စဉ်ရေများများသောက်သုံးပေးခြင်းဟာ သင့်ခန္ဓာကိုယ်အတွင်းပိုင်းကို ရေဓာတ်ပြည့်ဝနေစေပြီး အရေပြားအပေါ်လည်း သက်ရောက်မှုရှိစေပါတယ်။ ရေဟာ ခန္ဓာကိုယ်တွင်းက အဆိပ်အတောက်တွေကိုတင် မက အရေးအကြောင်းတွေကိုလည်း ဖယ်ရှားပေးပြီး အသားအရေကို သဘာဝအတိုင်း ကြည်လင်ဝင်းပစေပါတယ်။


by Cherry Mon
Photo Credit:

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။