မျက်နှာကျပုံစံ (၆) မျိုးအတွက် အလိုက်ဖက်ဆုံး ဆံပင်ပုံစံများ

လူတစ်ယောက်အတွက် ဆံပင်ဟာ ဒုတိယမျက်နှာလို့ပြောကြပါတယ်။ မျက်နှာကိုလှအောင် ဘယ်လောက် ပြင်ထားပြင်ထား ဆံပင်က ပုံမကျ ပန်းမကျနဲ့ မလှမပဖြစ်နေရင် အလှဟာ မပြည့်စုံနိုင်ပါဘူး။ ဒီခေတ်မှာ ဆံပင် ပုံဆံအဆန်းအပြားတွေ အမျိုးမျိုးပေါ်လာပေမဲ့ မိမိနဲ့လိုက်ဖက်တဲ့ ပုံစံကို ရွေးချယ်တတ်ဖို့လိုပါတယ်။ 


အဲဒါကြောင့် မျက်နှာကျပုံစံ (၆) မျိုးအတွက် အလိုက်ဖက်ဆုံး ဆံပင်ပုံစံတချို့ကို ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။   


၁။ Diamond Shape


Diamond Shape လို့ ခေါ်ကြတဲ့ စိန်တုံးပုံစံမျက်နှာပုံစံဟာ ပါးရိုးပေါ်လွင်ပြီး မျက်နှာဟာ မေးရိုးနဲ့ မေးစေ့ဆီကို ရောက်တဲ့အခါ တဖြည်းဖြည်းသေးသွယ်သွားတာ ဖြစ်ပါတယ်။ ကမ္ဘာကျော်ဆယ်လီတွေဖြစ်ကြတဲ့ ဂျနီဖာလိုပက်ဇ်နဲ့ အက်ရှ်လေဂရီင်းန်တို့ဟာ Diamond Shape မျက်နှာပိုင်ရှင်တွေ ဖြစ်ကြပါတယ်။


အလိုက်ဖက်ဆုံး ဆံပင်ပုံစံ - စိန်တုံးပုံစံမျက်နှာကျရှိသူတွေအတွက် အလိုက်ဖက်ဆုံး ဆံပင်ပုံစံကတော့ bob လို့ ခေါ်တဲ့ ဆံပင်ကုပ်ဝဲပုံစံလေးဖြစ်ပြီး နားရွက်နားတင်ဝဲမနေဘဲ လည်ပင်းကျော်ကျော် ပုခုံးပေါ်ဝဲရုံလေးဆို ပိုကောင်းပါတယ်။


၂။ ရှည်သွယ်တဲ့ မျက်နှာပုံစံ (Long face)


Long face လို့ခေါ်တဲ့ မျက်နှာပုံစံဟာ မေးရိုးပေါ်လွင်ပြီး မျက်နှာသေးသွယ်သလို နှာဖူးကလည်း ခပ်ကျဉ်းကျဉ်း ဖြစ်ပါတယ်။ ဗစ်တိုးရီးယားဘက်ခမ်းနဲ့ နာမည်ကျော်ဟောလိဝုဒ်မင်းသမီကြီး ဆာရာ ဂျက်ဆီကာပါကာတို့ဟာ ရှည်လျားတဲ့ မျက်နှာပုံစံကို ပိုင်ဆိုင်ထားကြပါတယ်။


အလိုက်ဖက်ဆုံး ဆံပင်ပုံစံ - bob ဆံပင်ပုံစံလို တစ်ညီတည်းဖြောင့်ဖြောင့်တန်းတန်းမဟုတ်ဘဲ မျက်နှာ ကောက်ကြောင်းအတိုင်း အထပ်ထပ်တွေနဲ့ ညှပ်ထားတဲ့ ဆံပင်ပုံစံက ရှည်မျောမျောမျက်နှာပုံစံကို သွယ်လျ လှပသွားစေမှာပါ။


၃။ ဘဲဥပုံမျက်နှာပုံစံ (Oval-shaped face)


Oval-shaped face လို့ ခေါ်ကြတဲ့ ဘဲဥပုံမျက်နှာမျိုးဟာ ပါးရိုးကျယ်ပြီး နဖူးနဲ့ မေးရိုးကောက်ကြောင်းက တဖြည်းဖြည်းချင်း သေးသွယ်သွားပါတယ်။ ဘဲဥပုံစံ မျက်နှာပေါက်မျိုးကို ပိုင်ဆိုင်ထားတဲ့ ကမ္ဘာကျော် အနုပညာရှင်တွေထဲမှာ ဂျက်ဆီကာအယ်လ်ဘာနဲ့ ဘီယွန်းစေးတို့ ပါဝင်ပါတယ်။


အလိုက်ဖက်ဆုံး ဆံပင်ပုံစံ - ဘဲဥပုံမျက်နှာပိုင်ရှင်တွေကတော့ ဆံပင်အကောက်အရှည် ဒါမှမဟုတ် နားရွက် ကျော်ကျော် နှုတ်ခမ်းနေရာလောက်ထိပဲရှည်တဲ့ bob ဆံပင်ပုံစံတို့နဲ့ လိုက်ဖက်ညီပါတယ်။


၄။ ခပ်ဝိုင်းဝိုင်းမျက်နှာ (Round face)


Round face လို့ ခေါ်တဲ့ မျက်နှာဝိုင်းပုံစံကတော့ မျက်နှာအရှည်နဲ့ အကျယ်ဟာ balance ညီမျှပြီး မျက်နှာ အရှည်ဟာ ခပ်ယောင်ယောင်လေး တိုပါတယ်။ ဥပမာဆိုရရင် ချစ်စရာကောင်းတဲ့ နာမည်ကျော်အဆိုတော် မင်းသမီးလေး ဆယ်လီနာဂိုးမက်ဇ်နဲ့ မင်းသမီးချော အမ်မာစတုန်းတို့ဟာ ခပ်ဝိုင်းဝိုင်းမျက်နှာပိုင်ရှင်တွေ ဖြစ်ကြ ပါတယ်။


အလိုက်ဖက်ဆုံး ဆံပင်ပုံစံ - ဆံပင်ရှည်ရှည် အဖြောင့်အစင်းတွေက မျက်နှာဝိုင်းဝိုင်းလေးတွေနဲ့ လိုက်ဖက်ပါ တယ်။ ဆံပင်အရှည်အဖြောင့်မှာ အလွှာအထပ်ထပ်လေးတွေနဲ့ဆိုရင်လည်း လှပပါတယ်။


၅။ ထောင့်ချွန်းချွန်း မျက်နှာ (Angular face)


Angular face လို့ခေါ်တဲ့ ထောင့်ချွန်မျက်နှာပုံစံဟာ မေးစေ့နဲ့နဖူးတို့ အရှည်ချင်းတူညီပြီး ခပ်ချွန်းချွန်းပုံစံ ရှိပါတယ်။ နာမည်ကျော်တွေဖြစ်ကြတဲ့ ရီဟားနားနဲ့ ကင်မရွန်းဒိုင်းယာ့ဇ်တို့ဟာ ထောင့်ချွန်းမျက်နှာပိုင်ရှင်တွေ ဖြစ်ပါတယ်။ ထောင့်ချွန်းချွန်းမျက်နှာပိုင်ရှင်တွေကတော့ နာမည်ကျော်အဆိုတော် ရီဟားနားနဲ့ မင်သမီးကြီး ကင်မရွန်းဒိုင်းယာ့ဇ်တို့ပါပဲ။


အလိုက်ဖက်ဆုံး ဆံပင်ပုံစံ - ထောင့်ချွန်းမျက်နှာပိုင်ရှင်တွေအတွက် ခပ်ပြေပြေဆံပင်ပုံစံက အလိုက်ဖက်ဆုံးပါ။ ခပ်ဖြောင့်ဖြောင့်ခပ်ပြားပြား ဆံနွယ်တွေ မျက်နှာပေါ်ဝဲနေတဲ့ ပုံစံက မျက်နှာကို သွယ်လျလှပသွားစေမှာ ဖြစ်ပါတယ်။


၆။ အသည်းပုံမျက်နှာ (Heart-shaped face)


အသည်းပုံမျက်နှာပုံစံဟာ နဖူးဟာ ကျယ်ပြန့့်ရှည်လျားပြီး မေးစေ့ကတော့ ခပ်သွယ်သွယ် ခပ်ချွန်းချွန်း ဖြစ်ပါတယ်။ Diamond shaped မျက်နှာပုံစံထက်စာရင် မေးရိုးက ပိုမိုပေါ်လွင်ပါတယ်။ နာမည်ကျော် ဟောလိဝုဒ်မင်းသမီးတစ်လက်ဖြစ်တဲ့ ရီးဗ်စ်ဝယ်သာစပွန်းဟာ အသည်းပုံမျက်နှာပိုင်ရှင်တစ်ယောက် ဖြစ်ပါတယ်။


အလိုက်ဖက်ဆုံး ဆံပင်ပုံစံ - အသည်းပုံမျက်နှာပိုင်ရှင်တွေနဲ့ အလိုက်ဖက်ဆုံးကတော့ ပုခုံးလောက်ထိရှည်တဲ့ bob ပုံစံဆံပင်ကေဖြစ်ပြီး အဖျားဟာ ထူထူလုံးလုံးဖြစ်နေရင် ပိုလှပါတယ်။ အဲဒီပုံစံကမေးရိုးတဝိုက်နေရာကို ခပ်ပြည့်ပြည့်ဖြစ်စေပြီး မျက်နှာကို balance ညီသွားစေမှာပါ။


အခုဖော်ပြခဲ့တဲ့ မျက်နှာပုံစံအလိုက်  အလိုက်ဖက်ဆုံးဆံပင်ပုံစံတွေကတော့ ဆံပင်နဲ့ပတ်သက်လို့ အထူး ကျွမ်းကျင်ကြတဲ့ ပညာရှင်တွေရဲ့ အကြံပေးချက်တွေကို ကောက်နှုတ်တင်ပြထားတာ ဖြစ်ပါတယ်။ မိမိနဲ့ အလိုက်ဖက်ဆုံး ဆံပင်ပုံစံကို ရွေးချယ်နိုင်ကြပါစေ။


by Cherry Mon
Photo Credit: Freepik, Pinterest


we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။