အလွယ်တကူပြင်ဆင်နိုင်မယ့် ပွဲတက်ကျစ်ဆံမြီးနဲ့ ဆံပင်ဒီဇိုင်း (၆) မျိုး

အခုဆိုရင် သတင်းကျွတ်တော့မှာဖြစ်တာကြောင့် မင်္ဂလာပွဲတွေ လာပါတော့မယ်။ အဲဒီလို မင်္ဂလာပွဲတွေသွားရတဲ့အခါ ဆံပင်ကို ဘယ်လိုပုံစံ ပြင်သွားရမလဲဆိုတာ ခေါင်းစားတတ်ကြပါတယ်။ အဲဒါကြောင့် ဆိုင်သွားစရာ မလိုဘဲ အိမ်မှာပဲ ပေါ့ပေါ့ပါးပါး ပြင်ဆင်သွားနိုင်မယ့် ပွဲတက်ကျစ်ဆံမြီးဒီဇိုင်းနဲ့ ဆံပင်ပုံစံ (၆) မျိုးကို ဖော်ပြပေးချင်ပါတယ်။


၁။ ရှေ့ဘက် ဘေးတစ်စောင်း ကျစ်ဆံမြီးဒီဇိုင်း


ပွဲတက်ဖို့အတွက် ဘာမှလည်းထူးထူးခြားခြား မပြင်ချင်ဘူးဆိုရင် ဆံပင်ကို ဖျားလျားချသွားမယ့်အစား နဖူးပေါ် ဝဲနေမယ့် ရှေ့ဆံပင်တွေကို ခပ်ပြေပြေ ကျစ်ဆံမြီးလေး ကျစ်သွားနိုင်ပါတယ်။ ဆံပင်ကို ဘေးခွဲပြီး ဆံပင်များတဲ့ ဘက်က နဖူးပေါ်ဝဲကျနေမယ့် ဆံပင်တချို့ကိုယူပါ။ ပြီးရင် ကျစ်ဆံမြီးလေး ခပ်ပြေပြေကျစ်လိုက်ရုံပါပဲနော်။


၂။ တစ်ဖက်စောင်း ခပ်ပြေပြေ ကျစ်ဆံမြီးဒီဇိုင်း


နောက်ထပ် ပွဲတက်ကျစ်ဆံမြီးပုံစံတစ်မျိုးကတော့ ဆံပင်အရှည်ကို တစ်ဖက်ဖက်ကို အားလုံးသိမ်းပြီး အရှေ့ ဘက်ကို ဆွဲယူပါ။ အရင်းကနေမဟုတ်ဘဲ အလယ်နားလောက်ကနေ ကျစ်ဆံမြီးကို ခပ်ဖွဖွ ခပ်ပြေပြေကျစ်ပါ။ လေးငါးထုံးလောက် ကျစ်ပြီးရင် ဆံပင်ကို စည်းလိုက်ပါ။ အဖျားမှာ မကျစ်ထားတဲ့ ဆံပင်ခပ်များများ ကျန်နေပါ စေ။ ကျစ်ဆံမြီးမကျစ်တဲ့ တခြားတစ်ဖက်မှာလည်း ဆံပင်နည်းနည်းပါးပါး ချန်ခဲ့ဖို့မမေ့ပါနဲ့။ အဲဒါမှ ကပိုကရိုလေးနဲ့ ပိုလှနေစေမှာ ဖြစ်ပါတယ်။


၃။ အမြင့်စည်း ကျစ်ဆံမြီးဒီဇိုင်း


ခပ်မြင့်မြင့်အမြှောက်စည်း ကျစ်ဆံမြီးဒီဇိုင်းကို ပြင်ဆင်မယ်ဆိုရင်တော့ ဆံပင်ခါးလောက်ထိ ရှည်ဖို့တော့ လိုပါတယ်။ ဆံပင်ကို အပြောင်စုစည်းပြီး ခပ်မြင့်မြင့်မြှောက်ကာ ကြိုးနဲ့စည်းလိုက်ပါ။ ပြီးရင်ဆံပင်ကို တစ်ပတ် လျှိုရစ်ပါ။ ပြီးတဲ့အခါ ကျစ်ဆံမြီးကို ခပ်တင်းတင်းမကျစ်ဘဲ ပြေလျော့လျော့လေး ကျစ်ပေးပါ။ ပြီးရင် အဖျားနား မှာ ကြိုးစည်းပါ။ သင့်အတွက် ပွဲတိုးပြီး လုပ်ရတာလည်း သိပ်မခက်တဲ့ ပုံစံလေး ဖြစ်ပါတယ်။


၄။ ခပ်ရိုးရိုး ကျစ်ဆံမြီး


တစ်ခါတလေက အရိုးရှင်းဆုံးပုံစံကလည်း ရိုးရိုးလေးနဲ့ဆန်းပြီး သင့်ကို ပေါ်လွင်စေနိုင်ပါတယ်။ ဆံပင်ကို ဘေးခွဲပြီး ကျစ်ဆံမြီးကို ဦးခေါင်းအလယ်ကမဟုတ်ဘဲ နားရွက်တစ်ဖက်ရဲ့ အနောက်နားမှာပဲ အကုန်လုံးသိမ်း ပြီး ကျစ်ကြည့်ပါ။ ကျစ်ပြီးတဲ့အခါ အဖျားမှာ ဆံပင်နည်းနည်းချန်ပြီး ဖဲပြားလေးတစ်ခုခုနဲ့ စည်းနှောင်လိုက်ပါ။ တကယ်လို့ ကျစ်ဆံမြီးရိုးရိုးမကျစ်ချင်ရင်လည်း ဆံပင်လေးကို ဒီအတိုင်းလိမ်ပြီး အဖျားမှာစည်းလိုက်ရင်လည်း ရပါတယ်။


၅။ ရှေ့ဆံပင်တစ်ဝက်စည်းဒီဇိုင်း


အခုပုံစံလေးကတော့ အလွယ်ဆုံးပါပဲ။ ဆံပင်ရှည်တဲ့သူတွေတင်မက ကုပ်ဝဲလေးတွေလည်း လုပ်လို့ရပါတယ်။ ဆံပင်ကို ခလယ်ခွဲလိုက်ပါ။ ခွဲကြောင်းရဲ့တစ်ဖက်တစ်ချက်စီကနေ ဆံပင်အစုနည်းနည်းစီကိုယူပါ။ ပြီးရင် တစ်ဖက်ချင်း နည်းနည်းစီလိမ်ပြီး ခေါင်းစည်းကြိုးသေးသေးလေးနဲ့ စည်းပါ။ စည်းပြီးရလာတဲ့ ဆံပင်အစုလေးကို ကလစ်နဲ့ ပြန်ထိန်းညှပ်ပါ။


၆။ တစ်ဝက်စည်းကျစ်ဆံမြီးဒီဇိုင်း


ဒီပုံစံလေးကလည်း သိပ်မခက်လှဘဲ ပွဲတက်ဖို့အတွက်လည်း အရမ်းလှတဲ့ ပုံစံလေးပါ။ နားသယ်စနှစ်ဖက်က ဆံပင်တွေကို နည်းနည်းစီယူပြီး တစ်ဖက်တစ်ချက် ကျစ်ဆံမြီနည်းနည်းကျစ်ပါ။ အဲဒီဘေးနှစ်ဖက်စီက ကျစ်ဆံမြီးတွေကို အနောက်ကိုပို့ပြီး စုစည်းချည်နှောင်လိုက်ပါ။ ဒါမှမဟုတ် ကျစ်ဆံမြီးအစား ဆံပင်ကို တစ်ဝက် စည်းပုံစံ အနောက်ဘက်ကို ယူပြီး နည်းနည်းစီလိမ်ကာ စုချည်လိုက်ပါ။


by Cherry Mon
Photo Credit: Unsplash, Freepik, Pinterest

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။