အချစ်ရေးမှာ ရင့်ကျက်သွားတဲ့အမျိုးသမီးတွေ မလုပ်တော့တဲ့အရာ (၁၂) ခု

ချစ်သူစုံတွဲချင်းအတူတူတောင် အချစ်ရေးမှာ ဆယ်ကျော်သက်အရွယ်လေးတွေနဲ့ သက်လတ်ပိုင်းတွေရဲ့ အပြုအမူနဲ့ အကျင့်စရိုက်တွေဟာ မတူညီကြပါဘူး။ တချို့က အရူးအမူးအသည်းအသန်ဖြစ်နေချိန်မှာ အချစ်က လွဲပြီး အရာအားလုံးကိုမမြင်တတ်ကြတော့ပါဘူး။ ဒါပေမဲ့ ရင့်ကျက်တဲ့သူဆိုရင်တော့ တစ်မျိုးတဖုံပြောင်းလဲ သွားပါတယ်။ အသက်ကြီးတာငယ်တာထက် စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်မှုကပဲ စကားပြောသွားတာပါ။


အဲဒါကြောင့် ရင့်ကျက်သွားတဲ့ အမျိုးသမီးတွေအနေနဲ့ အချစ်ရေးမှာ လုံးဝမလုပ်တော့တဲ့ အရာတချို့ကို ဖော်ပြ ပေးလိုက်ပါတယ်။ သင့်အချစ်ရေးမှာ ဘယ်လိုတွေပြုမူတတ်ဆိုတာကို ဆင်ခြင်သုံးသပ်ပြီး သင်ရင့်ကျက်နေပြီ လားဆိုတာ သိရှိနိုင်ပါတယ်။


၁။ အချစ်က ဘဝမဟုတ်တော့ဘူး


မရင့်ကျက်သူတွေဆိုရင် တစ်ချိန်လုံး ချစ်သူနဲ့အတူရှိနေချင်ပြီး အချိန်ပြည့် အချစ်က နေရာယူထားပါတယ်။ စားလည်း ဒီစိတ် သွားလည်း ဒီစိတ်ပါ။ အရာရာ အချစ်အတွက်ချည်း စဉ်းစားပြီး ဘဝမှာ အချစ်ကို အရမ်း ဦးစားပေးလွန်းပါတယ်။ ဒါပေမဲ့ ရင့်ကျက်သွား တဲ့ အမျိုးသမီးတစ်ယောက်ဆိုရင် အဲဒီလိုမဟုတ်တော့ပါဘူး။ လက်တွဲဖော်နဲ့အတူ ပျော်ရွှင်သလို သူငယ်ချင်းတွေကိုလည်း မေ့မထားပါဘူး။ အဲဒါကြောင့် ရင့်ကျက်တဲ့မိန်းမ တစ်ယောက်အတွက် အချစ်နဲ့ဘဝဟာ balance ဖြစ်ပါတယ်။


၂။ သူတို့ရဲ့ ပျော်ရွှင်မှုဟာ လက်တွဲဖော်အပေါ် မမူတည်တော့ဘူး


ချစ်သူနဲ့အဆင်မပြေတဲ့အခါ အကုန်ပတ်ရမ်းတာမျိုး ဒါမှမဟုတ် လိုတာထက်ပိုစိတ်ညစ်တာမျိုးဟာ မရင့်ကျက် သူတွေရဲ့ အပြုအမူပါ။ ချစ်သူနဲ့အဆင်ပြေမှ ပျော်တတ်ပြီး အဆင်မပြေရင် စိတ်ညစ်တတ်ကြပါတယ်။ ရင့်ကျက်သွားတဲ့ အမျိုးသမီးတစ်ယောက်ကတော့ သူတို့ရဲ့ပျော်ရွှင်မှုဟာ လက်တွဲဖော်အပေါ်မှာချည်းပဲ မမူတည်တော့ပါဘူး။ ပျော်ရွှင်မှုကို သူတို့ဘာသာသူတို့ ရှာဖွေတတ်ကြပါတယ်။


၃။ သူတို့ရဲ့ရည်ရွယ်ချက်တွေကို အပျောက်ဆုံးမခံတော့ပါဘူး


မရင့်ကျက်သေးချိန်မှာ အချစ်အတွက်နဲ့ အရာရာကို ပေးဆပ်လိုက်ကြတာ ရှိပါတယ်။ ကိုယ့်ရဲ့ အိပ်မက်တွေ ရည်ရွယ်ချက်တွေ အပါအဝင်ပါပဲ။ အဲဒါဟာ တစ်ချိန်မှာနောင်တရစရာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါပေမဲ့ ရင့်ကျင်သွားတဲ့ အမျိုးသမီးတွေကတော့  အချစ်အတွက်နဲ့ သူတို့ရဲ့ရည်ရွယ်ချက်တွေကို မစွန့်လွှတ်တတ်ပါဘူး။


၄။ ကိုယ့်ကိုယ်ကိုလေးစားမှုကို တန်ဖိုးထားလာပါတယ်


မရင့်ကျက်သေးတဲ့အခါ အချစ်မှာကျရှုံးပြီး ကိုယ့်ကိုယ်ကို မြှင့်တင်ဖို့ မေ့လျော့နေကြပါတယ်။ အရာရာအရှုံးပေး အညံ့ခံခြင်းဟာ အချစ်လို့ ထင်တတ်ကြပါတယ်။ ရင့်ကျက်သွားတဲ့ အမျိုးသမီးတစ်ယောက်အနေနဲ့ကတော့ ကိုယ့်ကိုယ်ကို တန်ဖိုးထား လေးစားကြပါတယ်။ အရှင်းဆုံးပြောရရင် တစ်ဖက်သတ် အနိုင်ယူနေတာမျိုးကို မိမိချည်းပဲ အရှုံးပေးအညံ့ခံနေရတာမျိုးကို လက်မခံကြတော့ပါဘူး။


၅။ တစ်ချိန်လုံး လက်တွဲဖော်ကိုပဲ တွယ်ကပ်မနေကြတော့ပါဘူး


မရင့်ကျက်သေးချိန်မှာ ချစ်သူကို မိမိအနားမှာပဲ အချိန်ပြည့်နေစေချင်ပြီး အဲဒီလိုနေဖို့အတွက်လည်း ထိန်းချုပ် ချင်ကြပါတယ်။ ရင့်ကျက်သွားတဲ့ အမျိုးသမီးတွေကတော့ ချစ်သူနဲ့အတူရှိနေရတာကို သဘောကျပေမဲ့ အဲဒီလို အတူရှိနေဖို့အတွက်တော့ အတင်းအကြပ်တောင်းဆိုတာ၊ ထိန်းချုပ်တာမျိုး မလုပ်ကြတော့ပါဘူး။ ချစ်သူကို သူမပါဘဲ သူငယ်ချင်းတွေနဲ့ လည်ပတ်တာမျိုးကို ပိုပြီးနားလည်ကြည်ဖြူလာကြပါတယ်။


၆။ လက်တွဲဖော်ကိုချည်းအားမကိုးဘဲ ကိုယ်တိုင်ဆုံးဖြတ်ချက်ချတတ်လာပါတယ်


မရင့်ကျက်သေးချိန်မှာ ကိုယ့်အတွက်အရောင်အသွေး ရွေးချယ်တာကစလို လက်တွဲဖော်ဆီက ဆုံးဖြတ်ချက်ကို တောင်းခံတတ်ကြပါတယ်။ အဲဒီအချက်ဟာ ချစ်သူတွေကြားမှာ ချစ်စရာအပြုအမူတစ်ခု ဖြစ်ကောင်းဖြစ်နိုင် ပေမဲ့ ကြာတဲ့အခါ ကိုယ်ပိုင်ဆုံးဖြတ်ချက်ပျောက်ဆုံးလာတတ်ပါတယ်။ အဲဒါကြောင့် ရင့်ကျက်တဲ့အမျိုးသမီး တွေဟာ လက်တွဲဖော်ကို တိုင်ပင်သင့်တာပဲတိုင်ပင်ပြိး အသေးအဖွဲကိစ္စတွေမှာတော့ ကိုယ်တိုင်ပဲ ဆုံးဖြတ်ချက် ချတတ်ပါတယ်။


၇။ ကိုယ့်ကိစ္စမဟုတ်တဲ့အရာတွေအပေါ် အငြင်းမပွားတတ်ကြတော့ဘူး


မရင့်ကျက်သေးချိန်က ဆိုရှယ်မီဒီယာတွေမှာ ကိစ္စသေးသေးမွှားမွှားတွေကအစ ငြင်းခုံ၊ အနိုင်ယူပြီး စကားများ ရန်ဖြစ်တတ်ကြပါတယ်။ ရင့်ကျက်သွားတဲ့ အမျိုးသမီးတွေဆိုရင်တော့ အဲဒီလို ဘဝအတွက် အရေးမကြီးတဲ့ ကိစ္စတွေကို ခေါက်ထားတတ်ကြပါတယ်။ ဆိုရှယ်မီဒီယာမှာတွေ့သမျှကိုလည်း mention ခေါ်ပြီး ခံစားမနေကြ တော့ပါဘူး။


၈။ အချစ်ရေးမှာ အပေးအယူမျှလာကြပါတယ်


မရင့်ကျက်သေးတဲ့အခါ လက်တွဲဖော်ကို ကိုယ်ကချည်း အနိုင်ယူတာမျိုး ဒါမှမဟုတ် ကိုယ်ကချည်းအရှုံးပေးတာ မျိုး လုပ်တတ်ကြပါတယ်။ ရင့်ကျက်သွားတဲ့ အမျိုးသမီးတစ်ယောက်ကတော့ အချစ်ရေးမှာ အပေးအယူမျှရမယ် ဆိုတာကို ကောင်းကောင်းနားလည်လာကြပါပြီ။ ကိုယ်ကချည်း အနိုင်မယူတော့သလို အမြဲတမ်းလည်း အရှုံး ပေးမနေတော့ပါဘူး။ ဘယ်အရာမှမမြဲတာကို နားလည်လာတာကြောင့် မျှော်လင့်ချက်တွေလည်း သိပ်မထား တတ်ကြတော့ပါဘူး။ 


၉။ လက်တွဲဖော်ရဲ့ အိပ်မက်ကို မထိန်းချုပ်ကြတော့ပါဘူး


မိမိတို့ အနေဝေးမှာဆိုးတာကြောင့် ချစ်သူကို သူ့ရဲ့အလုပ်နဲ့ အောင်မြင်မှုအတွက်တောင် တစ်မြို့တစ်ရွာ သွားခွင့်မပေးတာမျိုး ပြုလုပ်တတ်ကြပါတယ်။ ရင့်ကျက်တဲ့ အမျိုးသမီးတွေကတော့ မိမိရဲ့အိပ်မက်ကို မစွန့်လွှတ်သလို လက်တွဲဖော်ရဲ့အိပ်မက်တွေကိုလည်း အကောင်အထည်ဖော်ခွင့်ပေးရုံတင်မက တတ်နိုင်သမျှ ကူညီပေးလေ့ရှိပါတယ်။


၁၀။ ကိုယ်ကိုယ်တိုင်အတွက် ကိုယ့်အကြိုက်ကိုပဲ ကိုယ်ဦးစားပေးတတ်လာပါတယ်


မရင့်ကျက်သေးချိန်မှာ အရာရာ ချစ်သူအကြိုက်ပဲ လိုက်နေတတ်ပါတယ်။ ဥပမာ မိမိကြိုက်တဲ့ အရောင်ကို တောင် ချစ်သူမကြိုက်လို့ မဝတ်တော့တာမျိုးပါ။ ရင့်ကျက်သွားပြီဆိုရင် အမျိုးသမီးတွေဟာ အဓိကနဲ့ သာမည ကို ခွဲတတ်လာပါပြီ။ အရာရာ သူတပါးအကြိုက်လိုက်နေတာထက် ကိုယ်ကြိုက်တာကို ကိုယ် ရဲရဲဝံ့ဝံ့ လုပ်တတ်လာပါပြီ။


၁၁။ ချစ်တယ်ဆိုတဲ့စကားကို ဖန်တစ်ရာတေအောင် မပြောတတ်တော့ပါဘူး


ချစ်သူအချင်းချင်း ချစ်တယ်ဆိုတဲ့စကားကို မကြာခဏပြောပေးတာ ကောင်းပေမဲ့လည်း ပြောလွန်းလာတဲ့အခါ အဲဒီစကားဟာ တန်ဖိုးနည်းလာပြီး လွယ်လွယ်ကူကူထွက်တဲ့ စကားတစ်ခွန်း ဖြစ်လာတတ်ပါတယ်။ ရင့်ကျက် သွားပြီဆိုရင်တော့ ချစ်တယ်ဆိုတဲ့စကားကို ပိုတန်ဖိုးထားလာပြီး မကြာခဏတိုင်း ထုတ်မပြောကြတော့ပါဘူး။


၁၂။ ငွေကြေးကိစ္စမှာ လက်တွဲဖော်ကိုချည်း မမှီခိုတော့ဘူး


ဒီအချက်ကတော့ အဓိကအနေနဲ့ အိမ်ထောင်သည်စုံတွဲတွေကို ဆိုလိုတာပါ။ ရင့်ကျက်သွားတဲ့ အမျိုးသမီး တစ်ယောက်အနေနဲ့ ငွေကြေးကိစ္စတွေမှာ ချစ်သူကိုချည်း အလုံးစုံမှီခိုမနေတော့ပါဘူး။ လက်တွဲဖော်ဘက်က လည်း သူ့ရဲ့ဝန်ထုပ်ဝန်ပိုးကို ကူထမ်းပေးတဲ့အတွက် မိမိအပေါ် ပိုမိုလေးစားလာနိုင်ပါတယ်။ ချစ်သူဘဝမှာ လည်း ဒီလိုပါပဲ။ နှစ်ယောက်အတူ သွားလာစားသောက်သမျှကို မျှဝေကျခံတတ်လာပါတယ်။


ကဲ ဒီအချက်တွေအရဆိုရင် သင်ရော အချစ်ရေးမှာ ရင့်ကျက်သူတစ်ယောက် ဖြစ်နေပြီလား?


by Cherry Mon
Photo Credit: Unsplash, Pinterest
 

 

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။