ဘဝတစ်လျှောက်လုံး မိန်းကလေးသူငယ်ချင်းတွေနဲ့ ရင်းရင်းနှီးနှီးနေသင့်တဲ့ အကြောင်းအရင်းများ

မိန်းကလေးတိုင်းအတွက် မိန်းကလေးသူငယ်ချင်းတစ်ယောက် ဒါမှမဟုတ် တစ်ယောက်ထက်ပိုပြီး ရှိသင့်ပါတယ်။ ဒါ့ပြင် အဲဒီလိုရှိနေတဲ့ မိန်းကလေးသူငယ်ချင်းတွေနဲ့လည်း အဆက်အသွယ်မပြတ်ဘဲ ရင်းရင်းနှီးနှီးနေဖို့ လိုပါတယ်။ မိန်းမချင်းသူငယ်ချင်းဆိုတာ ညီအစ်မတွေနဲ့မတူ၊ ဘယ်သူ့ကိုမှ ပြန်တိုင်မှာမပူရဘဲ လျှို့ဝှက်ချက် တွေ ဖလှယ်နိုင်တဲ့သူတွေပါ။ အိမ်ထောင်ကျသွားပြီဆိုရင်တောင် ကိုယ့်ရဲ့မိန်းကလေးသူငယ်ချင်း တွေနဲ့ နီးနီး ကပ်ကပ်ဆက်နေဖို့ မမေ့ပါနဲ့နော်။


အဲဒါကြောင့် ဘဝတစ်လျှောက်လုံး ကိုယ့်ရဲ့မိန်းမဖော်သူငယ်ချင်းလေးတွေနဲ့ ရင်းနှီးနီးကပ်စွာ နေထိုင်သင့်တဲ့ အကြောင်းပြချက်တချို့ကို ဖော်ပြပေးလိုက်ပါတယ်။


၁။ သင့်ရဲ့မိန်းကလေးသူငယ်ချင်းတွေဟာ သင့်အတွက် အကောင်းဆုံးစကားပြောဖော်ပါ


မိန်းကလေးသူငယ်ချင်းချင်း စကားပြောရတာဟာ တခြားသူတွေနဲ့ စကားပြောရတာနဲ့ လုံးဝကိုကွဲပြားပါတယ်။  လူကြီးမိဘ၊ မောင်နှမတွေနဲ့ပြောသလို စကားထိန်းပြောစရာမလိုဘဲ ရည်စားနဲ့ပြောသလိုလည်း ပဲများနေစရာ မလိုပါဘူး။ မိန်းကလေးသူငယ်ချင်းအချင်းချင်း စကားပြောတဲ့အခါ စကားလုံးရွေးချယ်စရာမလို၊ ထိန်းချုပ်နေ စရာ မလိုဘဲ လွတ်လပ်ပေါ့ပါးစွာ အကြောင်းအရာမရွေးကို ပြောဆိုနိုင်ပါတယ်။


၂။ သင့်အတွက် အကောင်းဆုံး ရင်ဖွင့်ဖော်ပါ


မိန်းကလေးသူငယ်ချင်းအချင်းချင်းဆိုရင် ထိန်ချန်စရာမလိုဘဲ ပွင့်ပွင့်လင်းလင်း ရင်ဖွင့်ပြောဆိုနိုင်ပါတယ်။ မိန်းကလေးအချင်ချင်း စဉ်းစားတွေးတောပုံချင်းလည်း တူညီတာကြောင့် သင့်ကို စာနာနားလည်ပြီး အကောင်းဆုံးနှစ်သိမ့်ပေးနိုင်မှာလည်း ဖြစ်ပါတယ်။


၃။ သင့်ကို စိတ်စိဖီးမှုပြေပျောက်စေပါတယ်


စိတ်ညစ်နေချိန်မှာ သင့်ရဲ့မိန်းကလေးသူငယ်ချင်းတွေနဲ့ ချိန်းဆိုတွေ့ဆုံကြည့်ပါ။ သင့်ရဲ့စိတ်ညစ်စရာတွေကို ခဏတာပြေပျောက်စေပြီး စိတ်ဖိစီးမှု လျော့ပါးစေပါတယ်။ မိန်းကလေးသူငယ်ချင်းအချင်းချင်း ရောက်တတ် ရာရာကို ရေပက်မဝင်အောင် ပြောရတာဟာ ပျော်စရာကောင်းသလို စိတ်ကိုလည်း လန်းဆန်းမှုရစေပါတယ်။


၄။ သင့်အတွက် အကြံဉာဏ်သစ်တွေ ရနိုင်ပါတယ်


မိန်းကလေးသူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါးတွေ့ဆုံရတာဟာ သင့်ကို စိတ်ပေါ့ပါးလန်းဆန်းစေတာကြောင့် သင်ရင်ဆိုင်နေရတဲ့ လတ်တလောပြဿနာတွေအတွက် ခေါင်းအေးအေးထား စဉ်းစားလာနိုင်ပါတယ်။ အဲဒီလို ပါပဲ၊ လတ်ဆတ်ပေါ့ပါးနေတဲ့ သင့်စိတ်ကူးတွေကနေ အကြံဉာဏ်သစ်တွေ ရရှိနိုင်ပါတယ်။


၅။ သင့်အတွက် မားမားမတ်မတ်ရပ်တည်ပေးနိုင်ပါတယ်


သင့်မှာ ပြဿနာတစ်စုံတစ်ရာ ကြုံတွေ့လာရင်ပဲဖြစ်ဖြစ်၊ တစ်စုံတစ်ယောက်က သင့်ကို အနိုင်ကျင့်တဲ့အခါမှာပဲ ဖြစ်ဖြစ် သင်ကြံ့ကြံ့ခံရင်ဆိုင်နိုင်အောင် သင့်နောက်ကနေ မားမားမတ်မတ်ရပ်တည်ပေးနိုင်တာ သင့်သူငယ်ချင်း တွေပါပဲ။ သင့်ပြဿနာအတွက် သင့်သူငယ်ချင်းမိန်းကလေးတွေနဲ့ ဝိုင်းဝန်းအဖြေရှာနိုင်ပြီး သင်တစ်ယောက် တည်း အားငယ်မနေအောင် ဘေးကနေလည်း ရှိနေပေးကြမှာပါ။


၆။ မိန်းကလေးသူငယ်ချင်းဆိုတာ သင့်အတွက် အကောင်းဆုံးအလှပအကြံပေး ဖြစ်ပါတယ်


သင့်ရဲ့ဆံပင်ပုံစံ၊ သင့်အဝတ်အစားကအစ သင်သုံးမယ့် အလှကုန်ပစ္စည်းအထိ၊ အကြံပေးနိုင်မှာက သင့်ရဲ့ မိန်းကလေးသူငယ်ချင်းပါပဲ။ မိန်းကလေးအချင်းချင်းဖြစ်တာကြောင့် စိတ်ဝင်စားမှုလည်း တူညီကြပြီး အပြန်အလှန်တိုင်ပင် အကြံပေးနိုင်မှာ ဖြစ်ပါတယ်။


၇။ သင့်အတွက် အကောင်းဆုံး ဈေးဝယ်ဖော်ဖြစ်ပါတယ်


တစ်ယောက်တည်း ဈေးဝယ်တာ တစ်ခါတလေ ကောင်းပေမဲ့ တစ်ခါတလေမှာလည်း တစ်စုံတစ်ယောက်ရဲ့ အကြံဉာဏ်လိုအပ်လေ့ရှိပါတယ်။ သင့်ရဲ့မိန်းကလေးသူငယ်ချင်းတွေကတော့ သင့်အတွက်အကောင်းဆုံး ဈေးဝယ်ဖော်ပါပဲ။ မိန်းမချင်းသူငယ်ချင်းတွေချည်း ဈေးဝယ်ထွက်ရတာလောက် ပျော်စရာကောင်းတာမရှိပါဘူး။


၈။ မိန်းကလေးတွေချည်း စုပေါင်းပျော်ရွှင်နိုင်ပါတယ်


ယောကျာ်းလေးတွေချည်း ချိန်းသောက်ကြတာလိုမျိုးပါပဲ၊ မိန်းကလေးသူငယ်ချင်းတွေချည်း စုပြီး night out ထွက်တာမျိုး ဒါမှဟုတ် အလည်အပတ်တစ်ခုခုသွားတာမျိုးကလည်း တစ်မျိုးပျော်စရာကောင်းပါတယ်။ မိန်းကလေးတွေချည်းပဲမို့ နေရထိုင်ရတာ ပိုမိုလွတ်လပ်ပြီး ပဲများနေစရာလည်း မလိုပါဘူး။ အလွတ်လပ် အပေါ့ပါးဆုံးပျော်ရွှင်နိုင်ပါတယ်။


၉။ သင်ကြုံနေရတဲ့ ပြဿနာမျိုး သူ့မှာလည်း အတွေ့အကြုံရှိခဲ့နိုင်ပါတယ်


သင်တို့ဟာ မိန်းကလေးတွေအချင်းချင်းဖြစ်တာကြောင့် သင့်မှာ မိန်းကလေးတွေနဲ့ပတ်သက်တဲ့ ပြဿနာ ဒါမှမဟုတ် အခက်အခဲတစ်ခုခု ကြုံလာရတဲ့အခါ သူတို့ဆီကနေ အကြံရနိုင်ပါတယ်။ အကြောင်းကတော့ သူတို့ကိုယ်တိုင်လည်း မိန်းကလေးဖြစ်နေတာကြောင့် သင်ကြုံနေရတာမျိုး သူတို့လည်း ကြုံတွေ့ခဲ့ဖူးနိုင်ပါတယ်။ အဲဒါကြောင့် သင့်အခက်အခဲအတွက် အကောင်းဆုံးအကြံပေးနိုင်မှာပါ။


၁၀။ သင့်ကို နားအလည်နိုင်ဆုံးက သင့်ရဲ့မိန်းကလေးသူငယ်ချင်းတွေပါပဲ


ရှေ့ကအချက်တွေမှာ ပြောခဲ့သလိုပါပဲ၊ မိန်းကလေးတစ်ယောက်ရဲ့ စိတ်ခံစားချက်တွေကို မိန်းကလေး အချင်းချင်းကသာ အနားလည်နိုင်ဆုံးပါပဲ။ သင့်စိတ်ခံစားချက်တွေကို ကောင်းကောင်းနားလည်ပေးပြီး စာနာ ပေးမယ့်သူဟာ သင့်ရဲ့မိန်းကလေးသူငယ်ချင်းတွေပဲ ဖြစ်ပါတယ်။


by Cherry Mon
Photo Credit: Unsplash, Pinterest

   

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။