ခရီးသွားတဲ့အခါ မဖြစ်မနေယူသွားသင့်တဲ့ အရာ (၁၅) ခု

အခုဆိုရင် မိုးတွင်းကုန်ဆုံးပြီး ခရီးသွားရာသီကို ရောက်လာပါပြီ။ ပိတ်ရက်တွေရောက်တဲ့အခါ အပြိုင်အဆိုင် ခရီးသွားကြတော့မှာပါ။ အဲဒီအခါ မဖြစ်မနေယူသွားရမယ့် ပစ္စည်းတွေရှိပါတယ်။ လမ်းခရီးမှာ အလွယ်တကူ ဝယ်လို့မရတာမျိုး ဖြစ်နိုင်တာကြောင့် ခရီးသွားဖို့ အထုပ်အပိုးပြင်တဲ့အခါ အရေးကြီးတဲ့ပစ္စည်းတွေ မေ့မသွားဖို့ လိုပါတယ်။


အဲဒါကြောင့် သင့်အနေနဲ့ ညအိပ်ညနေခရီးသွားတဲ့အခါ မဖြစ်မနေယူသွားသင့်တဲ့အရာတွေကို ဖော်ပြပေးလိုက်ပါတယ်။


၁။ မှတ်ပုံတင်


သင်ခရီးသွားတဲ့အခါ အရေးကြီးဆုံးအရာတစ်ခုက သင့်ရဲ့နိုင်ငံသားစိစစ်ရေးကတ်ပြား (မှတ်ပုံတင်) ပါပဲ။ ညအိပ်ခရီးမဟုတ်ဘဲ နေ့ချင်းပြန်ဆိုရင်တောင် လိုရမယ်ရ မှတ်ပုံတင်ဆောင်သွားဖို့ လိုကိုလိုအပ်ပါတယ်။


၂။ ဆေး


လမ်းမှာ မတော်တဆမူးမော်တဲ့အခါ ဒါမှမဟုတ် အန်တဲ့အခါမှာ သက်သာစေဖို့ အလွယ်တကူသောက်သုံးနိုင် မယ့် ဆေးတွေ ဆောင်သွားဖို့လိုပါတယ်။ သင်သောက်နေကျဆေးတွေရှိရင်လည်း လုံးဝမမေ့ပါနဲ့နော်။ သင်က လေအောင့်တတ်တယ်၊ အစာအိမ်အောင့်တယ်တယ် ဆိုရင်လည်း လေဆေးနဲ့အစာအိမ်ဆေးတွေ ဆောင်သွား ဖို့ လုံးဝမမေ့ပါနဲ့နော်။


၃။ ပိုက်ဆံနဲ့ ဘဏ်ကဒ်


ခရီးသွားတဲ့အခါ စရိတ်ငြိမ်းအပြီးအစီးပေးပြီးသား ဆိုရင်တောင် ပိုက်ဆံကို ပိုပိုလိုလိုယူသွားဖို့ လိုပါတယ်။ ကိုယ်လိုချင်တာဝယ်ဖို့ မဟုတ်ရင်တောင် အရေးပေါ်သုံးဖို့ ငွေသားကို ယူဆောင်သွားသင့်ပါတယ်။ မတော်တဆ လက်ထဲကငွေကုန်တဲ့အခါ ဒုက္ခမရောက်ရအောင် သင့်ရဲ့ ATM ဒါမှမဟုတ် ဘဏ်ကဒ်တစ်ခုခုကိုလည်း ဆောင် သွားပါ။ ဒါပေမဲ့ ဘဏ်ကဒ်သုံးမရတဲ့နေရာလည်း ဖြစ်နိုင်တာကြောင့် ငွေသားတော့ ဆောင်ဖို့မမေ့ပါနဲ့။


၄။ ဖုန်းအားသွင်းကြိုး


ခုခေတ်မှာ ဖုန်းတွေက မရှိမဖြစ်အရေးပါတဲ့ အရာတွေ ဖြစ်လာပါပြီ။ ခရီးထွက်တဲ့အခါ ဆက်သွယ်ဖို့ပဲဖြစ်ဖြစ် ဓာတ်ပုံရိုက်ဖို့ပဲဖြစ်ဖြစ် ဖုန်းတွေအားရှိနေဖို့ လိုပါတယ်။ အဲဒါကြောင့် ခဏနားခိုတဲ့နေရာမှာ ဖုန်းကို အားအပြည့် သွင်းထားဖို့အတွက် ဖုန်းအားသွင်းကြိုး ယူသွားဖို့ မမေ့ပါနဲ့။


၅။ Power Bank


ဖုန်းအားသွင်းဖို့ နေရာရှာမရတဲ့အခါ ဖုန်းအတွက် Power Bank လေးရှိဖို့ မဖြစ်မနေလိုအပ်လာပါပြီ။ အဲဒါကြောင့် သင့်အိမ်ကနေ အားအပြည့်သွင်းထားတဲ့ Power Bank ယူလာဖို့ မမေ့ပါနဲ့။


၆။ ချိုချဉ် (သကြားလုံး) နဲ့ မုန့်


ချိုချဉ် (သကြားလုံး) လေးတွေလည်း ဆောင်ထားပါ။ သကြားလုံးလေးတွေက သင့်ကို တော်ရုံ မူးမော်တာကို ပြေပျောက်စေသလို အန်ချင်စိတ်ကိုလည်း သက်သာစေပါတယ်။ ဗိုက်အရမ်းဆာတဲ့အခါလည်း အနည်းနဲ့အများ အဆာပြေစေပါတယ်။ အလွယ်တကူဝယ်မရတာမျိုး ဖြစ်နိုင်တာကြောင့် သင်အရမ်းဗိုက်ဆာတဲ့အခါ ဒုက္ခ မရောက်ရအောင် မုန့်ထုပ်သေးသေးလေးတွေလည်း အနည်းအကျဉ်းဆောင်သွားဖို့ မမေ့ပါနဲ့။ ဖြစ်နိုင်ရင် သင့်ကိုယ်ပိုင် ရေဗူးသေးသေးလေးလည်း ဆောင်ထားသင့်ပါတယ်။


၇။ ကင်မရာ


မဖြစ်မနေတော့ မဟုတ်ပေမဲ့ ခရီးသွားတဲ့အခါ ကင်မရာတစ်လုံးပါသွားရင် ပိုကောင်းပါတယ်။ ဖုန်းနဲ့ရိုက်လို့ရ ပေမဲ့ ကင်မရာနဲ့ဆိုရင် သင့်ခရီးသွားမှတ်တမ်းကို အကြည်လင်ဆုံးမှတ်တမ်းတင်ထားနိုင်မှာ ဖြစ်ပါတယ်။


၈။ ပေါ့ပေါ့ပါးပါးဝတ်စုံ


ခရီးသွားတဲ့အခါ ပေါ့ပေါ့ပါးပါး ဝတ်ဆင်သွားဖို့ မမေ့ပါနဲ့။ ဒါ့ပြင် ပေါ့ပေါ့ပါးပါးရှိတဲ့အဝတ်အစားတွေ အပိုဆောင် သွားပါ။ အထူးသဖြင့် ညအိပ်ညနေဆိုရင် ညအိပ်ဝတ်ဖို့ ပေါ့ပါးတဲ့ဝတ်စုံလိုအပ်ပါတယ်။


၉။ ဦးထုပ်နဲ့ နေကာမျက်မှန်


ခရီးသွားတဲ့အခါ မဖြစ်မနေယူသွားသင့်တဲ့အရာတစ်ခုက ဦးထုပ်ပါ။ ဟိုနားဒီနားသွားတဲ့အခါ သင့်အတွက် နေပူမမိရအောင် ဦးထုပ်လေးတစ်လုံးဆောင်သင့်ပါတယ်။ ဖြစ်နိုင်ရင် နေကာမျက်မှန်ယူသွားပါ။ ခရီးသွားတဲ့ အခါ တော်ရုံထီးဖွင့်မဆောင်းဖြစ်ကြတာကြောင့်ပါ။ ဒါ့ပြင် အဲဒီဦးထုပ်နဲ့ ရှိုးထုတ်ပြီး ဓာတ်ပုံရိုက်နိုင်ပါသေးတယ်။


၁၀။ အင်္ကျီလက်ရှည်


ခရီးသွားတဲ့အခါ နေအပူဒဏ်ကို ခံနိုင်ဖို့ ဒါမှမဟုတ် ကားပေါ်မှာ အဲကွန်းအေးလွန်းတဲ့အခါ အအေးသက်သာ စေဖို့ အင်္ကျီလက်ရှည် ခပ်ပါးပါးတစ်ထည် ဆောင်သွားဖို့ မမေ့ပါနဲ့။ သင့်အတွက် တစ်နည်းမဟုတ် တစ်နည်း လိုအပ်လာနိုင်ပါတယ်။


၁၁။ ဖိနပ်အပါး


သင့်အနေနဲ့ ခရီးသွားတဲ့အခါ ရှူးဖိနပ်စီးသွားကောင်း စီးသွားနိုင်ပါတယ်။ အဲဒါကြောင့် ဖြစ်နိုင်ရင် ဖိနပ်အပါး တစ်ရံလောက်လည်း ဆောင်သွားဖို့ မမေ့ပါနဲ့။ ဖိနပ်ပေါက်လို့ဖြစ်စေ ဒါမှမဟုတ် အကြောင်းတစ်ခုခုကြောင့် ပေါ့ပေါ့ပါးပါးစီးစရာ လိုအပ်လာနိုင်ပါတယ်။


၁၂။ အတွင်းဝတ်တွေ များများဆောင်ပါ


သင်ခရီးသွားမယ့် ရက်အပေါ်မူတည်ပြီး အပေါ်အင်္ကျီအဝတ်အစားကို သင့်တော်သလို ထည့်သွားမှာ သေချာ ပါတယ်။ ဒါပေမဲ့ အတွင်းဝတ်တွေကိုတော့ ပိုထည့်ဖို့မမေ့ပါနဲ့။ အပြင်အဝတ်စားက မလောက်တဲ့အခါ ပြန်ဝတ် လို့ ဖြစ်နိုင်ပေမဲ့ အတွင်းဝတ်တွေကတော့ အထပ်ထပ်အခါခါ မဝတ်သင့်ပါဘူး။ အနံ့ဆိုးထွက်တာ ဒါမှမဟုတ် ယားယံတာမျိုး ဖြစ်နိုင်တာကြောင့် သင့်ရဲ့တစ်ကိုယ်ရေသန့်ရှင်းမှုကို ထိခိုက်စေပါတယ်။


၁၃။ Hand Gel


ခရီးထွက်တဲ့အခါ သင့်အတွက် အလွယ်တကူလက်ဆေးလို့ မရတာမျိုး ဖြစ်နိုင်တာကြောင့် Hand gel အသေး လေးတစ်ဗူး ဆောင်သွားဖို့လည်း မမေ့ပါနဲ့။


၁၄။ သင်သုံးနေကျ skin care ပစ္စည်း


ညအိပ်ညနေ ခရီးထွက်တဲ့အခါ သင်သုံးနေကျ skincare တွေလည်း ယူသွားဖို့ မမေ့ပါနဲ့။ ဖြစ်နိုင်ရင်တောင် travel kit ဗူးအသေးလေးတွေ ဒါမှဟုတ် သုံးနေကျဗူးကြီးထဲကနေ အသေးထဲကိုခွဲထည့်ပြီး ယူသွားသင့်ပါတယ်။


၁၅။ sunblock


ခရီးသွားတဲ့အခါ မဖြစ်မနေယူသွားသင့်တာတစ်ခုကတော့ sunblock ပါပဲ။ ခရီးသွားတဲ့အခါ နေပူထဲထွက်ရတာ များပါတယ်။ ထီးကိုလည်း ဂရုတစိုက် မဆောင်းဖြစ်ကြပါဘူး။ အဲဒါကြောင့် sunblock ဆောင်ထားဖို့ လိုအပ်ပါ တယ်။ ခရီးကပြန်လာတဲ့အခါ အသားတွေမဲသွားတယ် အပြောမခံရဖို့ sunblock က ကူညီပေးနိုင်မှာပါ။


by Cherry Mon
Photo Credit: Unsplash, Pinterest


we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။