Branded ပစ္စည်းတွေ ဘာကြောင့် ဈေးကြီးတာလဲ

နာမည်ကြီး Brand ဆိုင်တစ်ဆိုင်က တီရှပ်တစ်ထည်ကို ကိုင်ကြည့်ရင်း “ဒီအင်္ကျီက ဘာလို့ဒီလောက်ဈေးကြီးနေရတာလဲ” ဆိုပြီး တွေးမိတဲ့ အချိန်တွေ ရှိကြမှာပေါ့။ လူတိုင်းလိုလို အပြင်မှာ ၅ထောင်ကျော်လောက်နဲ့ရနိုင်တဲ့ တီရှပ်တစ်ထည်ကို Brand ဆိုင်မှာ ၂သောင်းလောက် ပေးဝယ်ဖို့ တုံ့ဆိုင်းကြမှာပဲ။ ဘာကြောင့်များ Brand တွေရဲ့ဈေးက မိုးပေါ်ကနေ မဆင်းတာလဲ။ အဲလိုမျိုး ဈေးက အဆမတန်အောင် မြင့်နေတာတောင် လူတွေက ဘာကြောင့်ကြိုက်နှစ်သက်နေကြတာလဲ။ တကယ်တော့ brand တွေ အခုလို ဈေးမြင့်နေရတဲ့ ခိုင်မာတဲ့ အကြောင်းအရင်း ရှိပါတယ်။ လူအများစုထင်နေသလို brand ဆိုတာ တံဆိပ်ရောင်းစားရုံသပ်သပ် မဟုတ်ပါဘူး။ 

Image result for mannequin in front of store

ပထမဆုံးအနေနဲ့ brand ပစ္စည်းတွေထုတ်ဖို့က အခြားသာမန်နာမည်မရှိတဲ့ပစ္စည်းတွေ ထုတ်ဖို့ထက် ကုန်ကျစရိတ်များပါတယ်။ အကြမ်းဖျင်းပြောရမယ်ဆိုရင်

- ဦးစွာပထမ Brand ကို လိုင်စင်ရဖို့အတွက် ကုန်ကျပါတယ်။

- သုံးမယ့်ကုန်ကြမ်းပစ္စည်းအတွက် ကုန်ကျပါတယ်။ Quality Brand ဖြစ်တဲ့အတွက် အရည်အသွေးပိုမို ကောင်းမွန်တဲ့ ကုန်ကြမ်းတွေကို သုံးရပါတယ်။ ဥပမာ - တရုတ်၊ ဘင်္ဂလားဒေ့ချ်တို့ကနေ ထုတ်တဲ့ပစ္စည်းထက် အီတလီ၊ ပေါ်တူဂီတို့က ထုတ်တဲ့ပစ္စည်းက ပိုဈေးကြီးပါလိမ့်မယ်။

- ကန့်သတ်အရေအတွက်ပဲ ထုတ်တာဖြစ်တဲ့အတွက် ပိုဂရုစိုက်ရပါတယ်။ Brand တစ်ခုရဲ့ အဆင့်မှီဖို့ အနာအဆာမပါအောင်၊ ချွင်းချက်မရှိအောင် ထုတ်လုပ်ရပါတယ်။ ဒါကြောင့် သာမန်အဝတ်အထည်တွေ အထည် ၁ထောင်ထုတ်နိုင်ရင် brand တွေက အထည် ၁ရာပဲ ထုတ်နိုင်ပါတယ်။ ထုတ်လုပ်တဲ့အရေအတွက်အနည်းအများမှာလည်း ဈေးကစကားပြောသွားပါတယ်။

- အလုပ်သမားခအတွက်လည်း ကုန်ကျပါတယ်။ အထက်မှာပြောခဲ့သလို ချွင်းချက်မရှိတဲ့ ထုတ်ကုန်တစ်ခုဖြစ်ဖို့ဆိုရင် အလုပ်သမားအင်အားပိုသုံးရသလို၊ ပိုပြီးdetail ကျကျ အားစိုက်ထုတ်ကြရပါတယ်။

- brand ကို trend တစ်ခုဖြစ်လာအောင် ကြိုးစားရတာတွေ၊ ဈေးကွက်ထိုးဖောက်ရတာတွေ၊ ဈေးကွက်လုရတာတွေအတွက်လည်း ကုန်ကျစရိတ်ရှိပါတယ်။

Related image

ဒါတင်မကသေးပါဘူး brand ဆိုတာ ကျွမ်းကျင်ဒီဇိုင်နာတွေ ဖန်တီးထားတဲ့ designer made items တွေပါ။ ဒီဇိုင်နာတစ်ယောက်ဖြစ်လာဖို့မလွယ်သလို၊ ဒီဇိုင်နာရဲ့ စိတ်ကူးစိတ်သန်းနဲ့ဖန်တီးထားတဲ့ ပစ္စည်းတစ်ခု၊ အဝတ်အစားတစ်ခု အကောင်အထည်ပေါ်လာဖို့ မလွယ်ဘူးဆိုတာလည်း အင်္ကျီချုပ်ဝတ်ဖူးသူတိုင်း သိမှာပါ။ ဒါကြောင့် Designer Items ဖြစ်တဲ့ Brand ကို ဝယ်ယူလိုက်ခြင်းဖြင့် ပစ္စည်းကိုတင် ရလိုက်တာမဟုတ်ပဲ အဲဒီပစ္စည်းကိုဖန်တီးတဲ့ ဒီဇိုင်နာရဲ့ အချိန်၊ အားစိုက်ထုတ်မှုနဲ့ စိတ်ကူးစိတ်သန်းတွေကိုပါ ဝယ်ယူရရှိလိုက်ခြင်းပါပဲ။ ဥပမာ - ကမ္ဘာကျော် Luxury ဒီဇိုင်နာတစ်ယောက်ဖြစ်တဲ့ Alber Elbaz ဆိုရင် Ready to wear ဝတ်စုံတစ်ထည် ပြီးပြည့်စုံစွာ ထွက်လာဖို့ လပေါင်းများစွာ အချိန်ယူလေ့ရှိပါတယ်။ ဒါကြောင့် Designer Clothes (Or) Ready to wear ဆိုတာ အင်္ကျီတစ်ထည် သက်သက်မဟုတ်ပါဘူး။ အနုပညာတစ်ခုပါ။ 

Image result for dior designer

ဈေးကြီးပေမယ့် Brand တွေ ဘာကြောင့် ဈေးကွက်ထဲမှာ ရပ်တည်နေနိုင်တာလဲ?

ဘာလို့လဲဆိုတော့ Brand ကိုမှ သုံးတဲ့သူတွေရှိလို့၊ Brand တွေအတွက် ဈေးကွက်ရှိလို့ပါ။ Brand ပစ္စည်းတစ်ခုဟာ သုံးတဲ့သူကိုသာမက ဖန်တီးတဲ့ဒီဇိုင်နာ၊ ထုတ်လုပ်တဲ့နိုင်ငံရဲ့ ပုံရိပ်ကိုပါ တက်စေပါတယ်။ ပြောရမယ်ဆိုရင် နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ Brand တွေ ထုတ်လုပ်နိုင်ခြင်းကလည်း တစ်ထောင့်တစ်နေရာကနေ ပါဝင်နေပါတယ်။ ကောင်းမွန်တဲ့ brand တစ်ခု ကမ္ဘာကျော်လေ၊ အဲဒီ့Brand ကို ထုတ်လုပ်တဲ့နိုင်ငံကို အခွန်တွေ ပိုဝင်လေပါပဲ။ ဒါကြောင့် နိုင်ငံအသီးသီးက သူအပြိုင်ငါအပြိုင် အရည်အသွေးမြင့် brand တွေ ထုတ်လုပ်ကြတာပေါ့။ 


အခုဆိုရင် မြန်မာနိုင်ငံမှာလည်း Brand တည်ဆောက်သူတွေများလာပါပြီ။ နိုင်ငံတကာကိုထိုးဖောက်ဖို့ အသီးသီး ကြိုးစားလာကြပါပြီ။ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၈ရက်နေ့ကပဲ မြန်မာနိုင်ငံရဲ့ နိုင်ငံကျော်ဒီဇိုင်နာတွေ စုပေါင်းပြီး MFDEA Fashion ပွဲတစ်ခုပြုလုပ်ခဲ့ပါတယ်။ ပွဲလုပ်ရတဲ့အဓိကအကြောင်းအရင်းကတော့ မြန်မာဒီဇိုင်နာတွေ ဖန်တီးထားတဲ့ Ready to wear Fashion တွေကို မိတ်ဆက်ပေးတာပါ။ ဒီဇိုင်နာတွေဟာ နာမည်မြှင့်တင်ဖို့၊ ကမ္ဘာ့ဈေးကွက်ကို ထိုးဖောက်ဖို့ဆိုရင် Ready to wear လိုမျိုး quality brand တွေကို ဖန်တီးလေ့ရှိကြပါတယ်။ LV တို့၊ Gucci တို့ဆိုရင်လည်း ဒီလိုနည်းနဲ့ပဲ Brand တည်ဆောက်ခဲ့ကြတာပါ။ Ready to wear ဆိုတာကတော့ ကျွမ်းကျင်ဒီဇိုင်နာမှ ဒီဇိုင်းဖန်တီးပြီး အသင့်ဝတ်လို့ရအောင် Standard size နဲ့ ထုတ်လုပ်ထားတဲ့ အဝတ်အစားဖြစ်ပါတယ်။


MFDEA ပွဲမှာ နိုင်ငံကျော် ဒီဇိုင်နာဖြစ်တဲ့ အားလတ်လူမြောင် (Ahlatt Lumyang) ရဲ့ ဒီဇိုင်းတွေလည်း ပါဝင်ခဲ့ပါတယ်။ အားလုံးသိကြတဲ့အတိုင်း ပြီးခဲ့တဲ့ Paris Fashion Week မှာ ဒီဇိုင်နာအားလတ်ရဲ့Dress ဟာ နိုင်ငံတကာရဲ့Media Coverage ကိုရရှိခဲ့ပါတယ်။ ဒါဟာ ဒီဇိုင်နာအားလတ်အတွက်သာမက မြန်မာ Fashion Industrial တစ်ခုလုံးရဲ့ ပုံရိပ်ကိုပါ ကောင်းမွန်စေပါတယ်။ ဒီလို ဒီဇိုင်နာကောင်းတစ်ယောက်ရှိတာဟာ မြန်မာနိုင်ငံအတွက်လည်း ဂုဏ်ယူစရာကောင်းပါတယ်။ အခုဆိုရင် ဒီဇိုင်နာအားလတ်ဟာ သူ့ရဲ့ ကိုယ်ပိုင်Brand နဲ့ Ready to wear တွေကို စတင် မိတ်ဆက်လိုက်ပါပြီ။ နိုင်ငံတကာကို ထိုးဖောက်နိုင်တဲ့အထိ ကြိုးစားသွားမှာဖြစ်တဲ့အတွက် ဒီဇိုင်နာအားလတ်ရဲ့ ဖန်တီးမှုတွေကို ဆက်လက်စောင့်စားပြီး အားပေးကြရအုံးမှာပါ။

" target="_blank">

ဒီလောက်ဆိုရင်တော့ Brand (or) Designer Item တွေ ဘာလို့ဈေးကြီးတယ်၊ ဘာကြောင့် တမက်တမော ဝတ်ဆင်ကြတယ်၊ နိုင်ငံစီးပွားရေးအပေါ် ဘယ်လိုအကျိုးသက်ရောက်မှုတွေ ရှိတယ်ဆိုတာ အကြမ်းဖျင်းသိရှိသွားလိမ့်မယ်လို့ မျှော်လင့်ပါတယ်။


Sources from Designer Ahlatt Lumyang and wiki


we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။