စကားတစ်ခွန်းပြောခါနီးတိုင်း ဖြတ်သန်းရမယ့် ဂိတ် (၃) ဂိတ်

စကားဆိုတာ ပြောတိုင်းကောင်းတာမဟုတ်ပါဘူး။ ကြမ်းကျွံရင် နှုတ်လို့ရတယ်၊ စကားကျွံရင် နှုတ်လို့မရဘူး ဆိုတဲ့ စကားမျိုးတောင် ရှိပါသေးတယ်။ စကားတစ်ခွန်းကြောင့် မေတ္တာပွားသွားတာ ရှိသလို ရန်စပွားသွားတာလည်း ဖြစ်နိုင်ပါတယ်။ စကားတစ်ခွန်းကို ဘယ်တော့မှ လွယ်လွယ်ပြောမထုတ်သင့်ပါဘူး။ စကားတစ်ခွန်း ပြောတော့မယ် ဆိုရင် စဉ်းစားရမယ့် အချက်တွေရှိပါတယ်။


စကားတစ်ခွန်းက မိတ်ဆွေဖြစ်နိုင်သလို ရန်သူဖြစ်အောင်လည်း လုပ်နိုင်တဲ့ အစွမ်းရှိနေပါတယ်။ အဲဒါကြောင့် စကားပြောတဲ့အခါ အမှားမဖြစ်စေဖို့ ဖြတ်သန်းရမယ့် ဂိတ် (၃) ဂိတ်ကို ဖော်ပြပေးချင်ပါတယ်။


၁။ မှန်ကန်ရဲ့လား?


စကားပြောတဲ့အခါ မိမိပြောလိုက်တဲ့စကား မှန်ကန်နေဖို့ လိုပါတယ်။ မဟုတ်မမှန်တဲ့စကားကို ထုတ်ပြောခြင်း ဟာ သင်ရော တစ်ပါးသူအတွက်ပါ အကျိုးမရှိနိုင်ပါဘူး။ အခန့်မသင့် နှစ်ဦးနှစ်ဖက်လုံးအတွက် အကျိုးတောင် ယုတ်နိုင်ပါသေးတယ်။ အဲဒါကြောင့် စကားတစ်ခွန်းထုတ်မပြောခင် မိမိပြောမယ့်စကား မှန်ကန်ရဲ့လားဆိုတာ စဉ်းစားသုံးသပ်သင့်ပါတယ်။


၂။ လိုအပ်ရဲ့လား?


တစ်ခါတရံမှာ တချို့စကားတွေဟာ ပြောဖို့မလိုအပ်တာတွေ ရှိပါတယ်။ အခြေအနေအချိန်အခါကို ကြည့်ပြီး မိမိ ပြောမယ့်စကားက လိုအပ်ရဲ့လားဆိုတာ စဉ်းစားဖို့လိုပါတယ်။ မလိုအပ်ဘဲ စကားအပိုတွေပြောတိုင်း ကောင်းတာမဟုတ်ပါဘူး။ မလိုအပ်ဘဲ ကွန့်လိုက်တဲ့ စကားတချို့ကြောင့် နှစ်ဦးနှစ်ဖက် မျက်နှာပျက်ရတာမျိုး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ အဲဒါကြောင့် စကားတစ်ခွန်းပြောခါနီးတိုင်း ပြောဖို့လိုအပ်ရဲ့လားဆိုတာကို သုံးသပ်ပါ။


၃။ ထောက်ထားစာနာမှုရှိရဲ့လား?


စကားဆိုတာ ပြောရတာလွယ်သလောက်၊ ပြန်နှုတ်ဖို့ ခက်ပါတယ်။ ထုတ်ပြောပြီးသွားရင် ပြန်ရုတ်သိမ်းဖို့ မလွယ်တော့ပါဘူး။ အဲဒါကြောင့် ကိုယ့်ပါးစပ်ကနေ လွှတ်ကနဲထွက်သွားမယ့် စကားတစ်ခွန်းဟာ သူတပါး အပေါ် ထောက်ထားငဲ့ညှာမှုမရှိတဲ့၊ ကိုယ်ချင်းစာနာမှုမရှိတဲ့ စကားမျိုး ဖြစ်မနေဖို့ လိုပါတယ်။ အဲဒီလိုစကားမျိုး ဟာ သင့်အတွက်ရော တစ်ဖက်လူအတွက်ပါ အကျိုးမရှိစေပါဘူး။ အခန့်မသင့်ရင် အမုန်းပွားသွားနိုင်ပါတယ်၊ တစ်ပါးသူ ဘဝပျက်သွားနိုင်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ အဲဒါကြောင့် စကားတစ်ခွန်ပြောခါနီးတိုင်း စာနာမှု ရှိရဲ့လားဆိုတာ ထည့်စဉ်းစားသင့်ပါတယ်။


စကားတစ်ခွန်းကြောင့် အမုန်းမပွားစေဘဲ မေတ္တာပွားနိုင်ပါစေ။


by Cherry Mon
Photo Credit: Unsplash   

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။