ဘဝမှာ ဘယ်တော့မှ မရှက်သင့်တဲ့ အရာ (၅) ခု

လူတိုင်းလိုလို ဘဝမှာ ရှက်တတ်တဲ့အရာတွေ၊ ကြောက်တတ်တဲ့အရာတွေ ရှိကြပါတယ်။ အဲဒါမှလည်း လူပီသ မှာပါ။ ရှက်သင့်တာကို ရှက်ပြီး ကြောက်သင့်တာကို ကြောက်တာကတော့ နည်းလမ်းကျပါတယ်။ ဒါပေမဲ့ မရှက်သင့်တဲ့အရာကို ရှက်ပြီး ရှက်သင့်တဲ့အရာကို မရှက်တတ်ကြသူတွေလည်း မနည်းလှပါဘူး။


ဘယ်လိုပဲ ဖြစ်ဖြစ် လူကျင့်ဝတ်တွေအရရော လူသားဆန်တဲ့ စိတ်ဓာတ်အရရော ဘယ်တော့ မရှက်သင့်တဲ့ အရာတွေလည်း ရှိနေပါတယ်။ အဲဒါကြောင့် လူသားတိုင်းရဲ့ဘဝမှာ မရှက်သင့်တဲ့အရာ (၄) ခုကို ဖော်ပြပေးလိုက်ပါတယ်။


၁။ အဝတ်အစားဟောင်း


ကောင်းမှာအကွပ် လူမှာအဝတ်ဆိုတာ နေရာဒေသအလိုက် သင့်တင့်လျောက်ပတ်စွာ ဝတ်စားဆင်ယင်တတ်ဖို့ ကို ဆိုလိုတာပါ။ အမြဲတမ်း အသစ်တွေ၊ ကောင်းပေ့ညွှန့်ပေ့တွေပဲ ဝတ်ရမယ်လို့ မဆိုလိုပါဘူး။ အမြဲတမ်း သစ်လွင်တာတွေ ဝတ်နေမှ တန်ဖိုးတက်တာ မဟုတ်ပါဘူး။ အဝတ်အစားအသစ်တွေ အကောင်းတွေ အမြဲဝတ် ထားပြီး စိတ်ဓာတ်ကအောက်တန်းကျနေရင်လည်း အလကားပါပဲ။


အဝတ်အစားဟောင်းဝတ်ကို ဝတ်ဆင်ခြင်းဟာ မိမိရှိတာကိုပဲ ရိုးရိုးသားသားဆင်ယင်ထားတာဖြစ်လို့ သင့်ရဲ့ ရိုးသားမှုကို ပေါ်လွင်စေပါတယ်။ အဝတ်အစားအသစ်တွေ အကောင်းတွေ အမြဲဝတ်ရုံနဲ့ အရည်အချင်းတွေ မြင့်တက်သွားတာမဟုတ်ပါဘူး။ အဲဒါကြောင့် အပေါ်ယံတွေထက် အရည်အချင်း၊ စိတ်ဓာတ်နဲ့ ယုံကြည်မှုကိုပဲ တိုးတက်အောင် ကြိုးစားပါ။ သင့်မှာ အဲဒီအချက်တွေရှိနေပြီဆိုရင် အပေါ်ယံအဝတ်အစားကို ဂရုစိုက်တော့မှာ မဟုတ်ပါဘူး။ အဲဒါကြောင့် အဝတ်ဟောင်းတွေ ဝတ်ဆင်ရခြင်းကို ဘယ်တော့မှမရှက်ပါနဲ့။


၂။ နွမ်းပါးတဲ့ သူငယ်ချင်း


ငွေကြေးချမ်းသာသူ၊ အောင်မြင်ကျော်ကြားသူတွေဆိုရင် လူတိုင်းက ပေါင်းချင်ကြပါတယ်။ အကြောင်းကတော့ မိမိအတွက် ပိုအကျိုးရှိနိုင်မယ် ထင်လို့ ကိုယ်ကျိုးကြည့်ပြီး ပေါင်းကြတာပါ။ နွမ်းပါးတဲ့သူတွေဆိုရင် သိပ်အဖက် မလုပ်ကြတဲ့သူတွေ ရှိပါတယ်။ အမှန်တော့ မိမိအတွက် မိတ်ဆွေစစ်ဆိုတာ အပေါ်ယံကြည့်ရုံနဲ့ သိနိုင်တာ မဟုတ်ပါဘူး။ တကယ်တမ်း အခက်အခဲကြုံလာတဲ့အခါမှ ဘယ်သူက မိတ်ဆွေစစ်ဆိုတာ ပေါ်လာတတ်တာမျိုးပါ။


မိတ်ဆွေသူငယ်ချင်းတွေကြားမှာ ငွေကြေးဥစ္စာဓနနဲ့ ဂုဏ်ပကာသနတွေထက် စိတ်ဓာတ်က ပိုအရေးကြီးပါ တယ်။ အဲဒါကြောင့် မိမိသူငယ်ချင်းအပေါင်းအသင်းရဲ့ ဆင်းရဲမှု၊ ချမ်းသာမှုဟာ အရေးမပါပါဘူး။ မိမိအပေါ် စိတ်ရင်းမှန်တဲ့ နွမ်းပါးတဲ့သူငယ်ချင်းမျိုး ရှိခဲ့ရင် သူနဲ့သူငယ်ချင်းဖြစ်ရတဲ့အတွက် ဘယ်တော့မှ မရှက်သင့်ပါဘူး။


၃။ အိုမင်းမစွမ်းတော့တဲ့ မိဘနှစ်ပါး


သင့်ရဲ့ မိဘတွေဆိုတာ ငယ်ရွယ်စဉ်အချိန်က ဘဝကိုလှုပ်ရှားရုန်းကန်ရင်း သင့်ကို လူလားမြောက်အောင် ရှာဖွေကျွေးမွေးခဲ့သူတွေ ဖြစ်ပါတယ်။ လူဆိုတာ အသက်အရွယ်ကြီးတဲ့အခါ အိုမင်းမစွမ်းဖြစ်တတ်တာ သဘာ၀ ပါပဲ။ အဲဒါကြောင့် သင့်မိဘတွေ အိုမင်းမစွမ်းဖြစ်တဲ့အခါကျမှ မငြိုငြင်ပါနဲ့။ တစ်ချိန်မှာ သင်လည်း သူတို့နေရာ ရောက်ရမှာပါ။ အသက်အရွယ်ကြီးရင့်တဲ့မိဘတွေ၊ အိုမင်းမစွမ်းတော့တဲ့ မိဘတွေနဲ့ ပတ်သက်လို့ ဘယ်တော့မှ ရှက်တဲ့စိတ် မဖြစ်လိုကပါနဲ့။


၄။ အလုပ်အကိုင်


သင့်ရဲ့အလုပ်က သင့်ကို ထမင်းကျွေးနေတာပါ။ သင့်အလုပ်ကြောင့် လူ့လောကကြီးမှာ သင်နေထိုင်ရှင်သန်ခွင့် ပိုရနေတာပါ။ သင့်အလုပ်က ဘာအလုပ်ပဲဖြစ်နေပါစေ၊ ဘယ်လောက်ပဲနိမ့်ကျနေပါစေ၊ သမ္မာအာဇီဝဖြစ်တယ် ဆိုရင် သင့်အလုပ်အတွက် ဘယ်တော့မှ မရှက်ပါနဲ့။


၅။ ရိုးရှင်းတဲ့ နေထိုင်မှု


“ဝ” မရှိဘဲ “ဝိ” လုပ်စရာမလိုသလို၊ လူအထင်ကြီးအောင် တမင်လုပ်ပြစရာမလိုပါဘူး။ မိမိရှိတာလေးနဲ့ အရှိအတိုင်းနေထိုင်ခြင်း၊ ပကာသနမဖက်ဘဲ ရိုးရှင်းစွာနေထိုင်ရခြင်းအပေါ် မရှက်သင့်ပါဘူး။ မိမိရဲ့ရိုးသားမှု အတွက် ဂုဏ်တောင်ယူသင့်ပါသေးတယ်။


by Cherry Mon
Photo Credit: Unsplash




we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။