“ငါ့ကိုယ်ငါချစ်နိုင်ဖို့ နင့်ကိုအဆုံးရှုံးခံလိုက်တယ်”ဆိုတဲ့ ဆလီနာဂိုးမက်ဇ်ရဲ့ သီချင်းသစ်

ဆလီနာကိုချစ်တဲ့ Selenator တွေကတော့ ဆလီနာဟာ အချစ်ရေးနဲ့ ကျန်းမာရေးချို့ယွင်းမှုတွေကြောင့် ပြင်းထန်တဲ့ Mental Breakdown တွေကို ကြုံခဲ့ရတယ်ဆိုတာ သိပြီးသားဖြစ်မှာပါ။ ပြီးခဲ့တဲ့တစ်နှစ်လုံးနီးပါး ဆလီနာဟာ သူမရဲ့စိတ်ကျန်းမာရေးအတွက် ကိုယ်ရောစိတ်ပါအနားယူနေခဲ့ပါတယ်။ လွန်ခဲ့တဲ့လလောက်ကပဲ သူမအလုပ်တွေ ပြန်လုပ်တော့မယ်လို့ ပြောခဲ့ပါတယ်။ ဒီနေ့တော့ သူမရဲ့ပရိသတ်တွေရှေ့ သူမရဲ့သီချင်းအသစ်နဲ့အတူ ထွက်ပေါ်လာပါပြီ။


သီချင်းလေးရဲ့နာမည်ကတော့ “Lose You to Love Me” ပါ။ သီချင်းလေးက သူမရဲ့အတွေးတွေနဲ့ သူမဖြတ်သန်းခဲ့ရတာတွေကို ရေးသားထားတဲ့ ပုံစံမျိုးပါ။ သူမရဲ့အချစ်ဟောင်းအကြောင်းကိုလည်း တစ်စေ့တစ်စောင်း ရေးသားထားတယ်လို့ ဆိုရမှာပေါ့။ ဘာလို့ဒီလိုပြောရလဲဆိုတာကို Jelena Fan တွေကတော့ ကောင်းကောင်းကြီးသိမှာဖြစ်တဲ့အပြင် သီချင်းထဲက တချို့စာသားတွေက သူမရဲ့အချစ်ရေးကို အရမ်းထင်ဟပ်နေစေလို့ပါပဲ။ 


“မင်းက ကမ္ဘာကြီးနဲ့တိုင်တည်ပြီး ကတိပေးခဲ့တာကြောင့် ငါယုံကြည်ခဲ့တယ်။ မင်းကို ငါအရာရာထက် ဦးစားပေးခဲ့တယ်။ ဒါကိုမင်းသဘောကျတယ်။ နောက်တော့မင်းက ငါ့ဘဝကို လောင်မီးကျစေခဲ့တယ်။ ငါကြိုတင်သတိထားမိခဲ့ပေမယ့်လည်း ဥပေက္ခာပြုခဲ့တယ်။ အရင်လိုမဟုတ်ဘဲ ပုံစံတွေ ပျက်ယွင်းလာခဲ့တယ်။ မင်းက ငါ့ရဲ့မျှော်လင့်ချက်တွေအားလုံးကို မီးရှို့ဖျက်ဆီးပစ်ခဲ့တယ်။ ငါကလည်း လောင်မြိုက်ခွင့်ပေးခဲ့တယ်။ နာကျင်ရတာ မင်းမဟုတ်တော့ ငါ့ရဲ့နာကျင်မှုတွေကို မင်းလျစ်လျူရှုခဲ့တယ်။”


“အဲလိုအချစ်ရေးထဲကို ငါတို့ဟာ မျက်ကန်းတွေလိုပဲ တိုးဝင်ခဲ့ကြတယ်။ ငါ့ကိုယ်ငါရှာတွေ့ဖို့ နင့်ကိုအဆုံးရှုံးခံဖို့ လိုအပ်ခဲ့တယ်။ဘာလို့လဲဆိုတော့ ဒီခံစားချက်တွေက ငါ့ကိုဖြည်းဖြည်းချင်းသတ်နေတယ်။ ငါ့ကိုယ်ငါချစ်နိုင်ဖို့ နင့်ကိုမုန်းဖို့လိုအပ်ခဲ့တယ်။ ငါ့ကိုယ်ငါချစ်နိုင်ဖို့ နင့်ကိုအဆုံးရှုံးခံမှ ရတော့မယ်လေ။”

“ငါ့မှာရှိသမျှအရာရာ နင့်ကိုပေးခဲ့တယ်ဆိုတာ လူတွေအားလုံးသိပါတယ်။ နင်ကတော့ငါ့ကို လဲကျပျက်စီးစေခဲ့တယ်ဆိုတာ အခုနင်လုပ်နေတာတွေက သက်သေပဲ။ ၂လအတွင်းမှာ ငါတို့ရဲ့အချစ်ရေးကို နင်အစားထိုးပစ်ခဲ့တယ်။ နင့်အတွက် အရမ်းကိုလွယ်ကူတဲ့ပုံပဲ။ ပြီးတော့ ဒါတွေဟာ နင့်ဒဏ်ရာတွေကို ကုစားရာရောက်ပြီး ငါနဲ့ထိုက်တန်လို့ ဖြစ်ရတယ်ဆိုတဲ့ပုံစံမျိုး လုပ်ခဲ့တယ်။” 


၂လဆိုတဲ့စာကြောင်းကို ကြည့်ခြင်းအားဖြင့် ဆလီနာဟာ သူမရဲ့အချစ်ဟောင်းအကြောင်းကို တိုက်ရိုက်ရေးထားတယ်ဆိုတာ သိသာနေပါပြီ။ ဂျက်စတင်နဲ့ဆလီနာဟာ အေပရယ်လမှာ လမ်းခွဲခဲ့ပါတယ်။ ဂျွန်လရောက်တော့ ဂျက်စတင်ဟာ ဟေလီနဲ့တွဲနေပါပြီ။ ဂျူလိုင်လလည်းရောက်ရော ဂျက်စတင်ရဲ့ စေ့စပ်သတင်းထွက်လာခဲ့ပါတယ်။ ဘယ်လောက်တောင် မြန်လိုက်တဲ့ ပြောင်းလဲမှုမျိုးပါလဲ။

“ဒီအဖြစ်အပျက်တွေက တစ်ခန်းရပ်သွားခဲ့ပါပြီ။ နှုတ်ဆက်ခဲ့ရပါပြီ။ ငါတို့နှစ်ယောက်ရဲ့နှုတ်ဆက်ခြင်းပဲပေါ့။” ဆိုတဲ့စာသားတွေနဲ့ သူမရဲ့အချစ်ဟောင်းအတွက် ခံစားချက်တွေအားလုံးကို ပိတ်ကားချလိုက်ပါပြီ။ သီချင်းရဲ့ သံစဉ်ရော၊ ဗီဒီယိုရော၊ စာသားတွေကပါ အရမ်းကို ထိမိလွန်းပါတယ်။ သူမ အများကြီးဖြတ်သန်းခံရပြီးပါပြီ။ သူမဖြတ်သန်းခဲ့ရတဲ့ ဆိုးရွားမှုတွေဟာ အခုသူမကို ကြံ့ခိုင်စေခဲ့ပါပြီ။ 


တကယ်လို့ သင်လည်း အခု ကိုယ့်အတွက်ကိုယ် စဉ်းစားဖို့မေ့သွားလောက်အောင် တစ်စုံတစ်ယောက်ကို ချစ်မိနေတယ်ဆိုရင် ချက်ချင်းရုန်းထွက်လိုက်ပါ။ စုံလုံးကန်းတဲ့အချစ်ဆိုတာ ဘယ်တော့မှ အဆုံးသတ်မလှသလို ကောင်းမွန်တဲ့ အချစ်ရေးလည်း ဖြစ်မှာမဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကိုယ် ပြန်လည်တွေ့ရှိဖို့ ချစ်ရသူကိုလည်း စွန့်လွှတ်သင့်ရင် စွန့်လွှတ်ရမှာပါပဲ။ ကိုယ့်တန်ဖိုးကို နားမလည်ဘဲ စွန့်ပစ်သွားတဲ့သူကိုလည်း ကျေးဇူးတင်လိုက်ပါ။ သူ့ကြောင့် သင့်ကိုယ်သင် ပိုချစ်တတ်သွားလို့လေ။


Ref; Selena Gomez YouTube Video


we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။