စိုးမြင့်ကြော် ဖြစ်ပေါ်လာပုံ

စိုးမြင့်ကြော် ဆိုသည်မှာ တက္ကသိုလ်များတွင် ရောင်းချလေ့ရှိသည့် ထမင်းကြော်တစ်မျိုး ဖြစ်သည်။ ရန်ကုန်တက္ကသိုလ်ကျောင်းသား ကိုစိုးမြင့်က မိမိစားလိုသည့်အတိုင်း ကြော်လှော်ထားသဖြင့် စိုးမြင့်ကြော်ဟု ခေါ်ကြသည်။ ၁၉၉၀ ခုနှစ်ဝန်းကျင်ထုတ် တက္ကသိုလ်ဇာတ်အိမ်တည် မြန်မာဝတ္ထုများတွင် ပင်တိုင်ပါဝင်သည့် ဇာတ်ဝင်ပစ္စည်းတစ်ခုဟုဆိုလျင်လည်း မမှားပေ။

ကိုစိုးမြင့်ဟူသော ပုဂ္ဂိုလ်  စိန့်ဂျွန်းကျောင်း (ယခု အထက(၁)၊ လမ်းမတော်) တွင်ကျောင်းတက်ခဲ့စဥ်က မုန့်ဈေးတန်းရှိ “အပျိုကြီးထမင်းကြော်ဆိုင်” ၌ ဆီသတ်ထားသည့် ကြက်သွန်ဖြူ၊ ပဲငံပြာရည်၊ ကြာညို့၊ အချိုမှုန့်တို့ဖြင့် မီးမျှင်းမျှင်းသုံး၍ လှိမ့်ထားသည့် ထမင်းဖြူအား အနေတော်လှီးပြီး ကြော်ထားသည့် ဝက်သားပြုတ်နှင့် တွဲစားရသည်ကို အလွန်ပင် နှစ်သက်ခဲ့သည်ဟူ၏။


ဒေသကောလိပ် နှစ်နှစ်တက်အပြီးတွင် တတိယနှစ် ဘူမိဗေဒတက်ရန် ၁၉၈၁ ခုနှစ်၌ ရန်ကုန်တက္ကသိုလ်သို့ ရောက်လာသည်။ သိပ္ပံကန်တင်းရှိ ကိုဖိုးထောင်၏ မိသားစု စားသောက်ဆိုင်တွင် သူငယ်ချင်းတစ်သိုက်နှင့် နေ့လယ်စာ စားလေ့ ရှိသည်။ ထိုစဉ် စိန့်ဂျွန်းကျောင်းသားဘဝက စားခဲ့သည့် ထမင်းကြော်အား စားလို၍ ကိုစိုးမြင့်ကိုယ်တိုင် ဝင်ရောက်ကြော်လှော်ရာမှ စိုးမြင့်ကြော်ဖြစ်လာသည်။


စိုးမြင့်ကြော် ကြော်လှော်ပုံ

ဆီ၊ ကော်ရည်တို့အား ဦးစွာ သင့်သလိုထည့်ပါ။ အသီးအရွက် နှစ်မျိုး၊ သုံးမျိုး (ပန်းဂေါ်ဖီ၊ ပဲသီး၊ မုန့်လာဥနီ တို့အား အသုံးများ) နှင့်အတူ ကြက်သွန်ဖြူ၊ ပဲငံပြာရည်၊ ကြာညို့တို့ထည့်ကာ ထမင်းဖြူနှင့် တစ်ပါတည်း ထည့်ကြော်ပါ။ အသားကိုလည်း စဉ်းမထည့်ဘဲ အပြားလိုက်လှီးထည့်ရပါတယ်။ ကြက်ဥကိုမူ ထည့်လိုက ထည့်နိုင်သည်။ 

ကြော်လှော်ပြီးသည့်နောက်တွင် ပန်းကန်ထဲ ထည့်ရာ၌ ထိုခေတ်က လူသုံးနည်းသည့် ပန်းကန်လုံးထဲ သိပ်ထည့်ကာ မှောက်ချသည့်ပုံစံကို သုံးသည်။

(စိုးမြင့်ကြော်၏ မူလပိုင်ရှင် ဦးစိုးမြင့်ထံမှ အချက်အလက်များဖြစ်ပါသည်)

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။