အနက်ရောင် ကြိုက်နှစ်သက်သူတို့ရဲ့ ကိုယ်ရည်ကိုယ်သွေး

“အနက်ရောင်ဆိုတာ အမြဲတမ်း ကျော့ရှင်းတဲ့အရောင် ဖြစ်ပါတယ်။ အနက်ရောင်ဆိုတာ ရောင်စုံကားချပ်ထဲက အရောင်တွေအားလုံး ပေါင်းစပ်ထားတာဖြစ်လို့ အရောင်တွေထဲမှာ အပြည့်စုံဆုံး အရောင်ပါပဲ။”

                                                                                Ricardo Tisci

အနက်ရောင်ဆိုတာ ဘယ်အရောင်နဲ့တွဲတွဲ လိုက်ဖက်တဲ့အရောင်ပါ။ ဒါကြောင့် လူတော်တော်များများမှာ အနက်ရောင်နဲ့ပြုလုပ်ထားတဲ့ အသုံးအဆောင်တွေရှိကြပါတယ်။ ဒါပေမဲ့ လိုအပ်တာနဲ့ ကြိုက်နှစ်သက်တာက မတူပါဘူး။ အနက်ရောင်ကို သုံးရမယ့်နေရာရှိလို့/လိုအပ်လို့ရွေးချယ်တာထက် လိုအပ်အပ် မအပ်အပ် ရွေးချယ်တာကိုမှ အနက်ရောင်ကြိုက်တယ်လို့ ဆိုနိုင်ပါမယ်။ အနက်ရောင်ကြိုက်နှစ်သက်တယ်ဆိုတာ အရောင်အားလုံး ရောထားရင်တောင် အနက်ရောင်ကိုပဲ အလှဆုံးလို့ထင်နေတာမျိုး၊ အနက်ရောင်ဝတ်ထားရင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိနေတာမျိုး၊ ကိုယ့်ရဲ့ Happy Colour က အနက်ရောင်ဖြစ်နေတာမျိုးပါ။ အနက်ရောင်ကြိုက်သူအများစုရဲ့ ကိုယ်ရည်ကိုယ်သွေးတွေကတော့-


ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိတယ်

အနက်ရောင်ကြိုက်သူဟာ ကိုယ့်ရုပ်ပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီး ယုံကြည်မှု ရှိသူပါ။ တစ်ပါးသူတွေဆီက စိတ်ဝင်စားမှု ရရှိဖို့ attention ရှာတာမျိုး မလုပ်တတ်ပါဘူး။ ကိုယ့်ရဲ့ရည်မှန်းချက်၊ ဆုံးဖြတ်ချက်တွေကိုသာ ပိုအလေးထားသူဖြစ်ပါတယ်။ 


ထိခိုက်ခံစားလွယ်တယ်

အနက်ရောင်ကြိုက်သူတွေဟာ ပတ်ဝန်းကျင်ကလူတွေကို ဂရုမစိုက်ဘူးဆိုတဲ့ပုံစံမျိုး လုပ်ပြချင်တဲ့အခါ အနက်ရောင်ကို အသုံးချတတ်ကြပါတယ်။ အပြင်ပမ်းမှာ မထီမဲ့မြင်ပြုနေပေမယ့် တကယ်တမ်းတော့ ထိခိုက်ခံစားလွယ်သူတွေပေါ့။ ကိုယ့်ရဲ့ပျော့ကွက်၊ အားနည်းချက်နဲ့ ဝမ်းနည်းမှုတွေကို ဖုံးကွယ်ထားပြီး အပြင်ပမ်းမှာတော့ မာကြောချင်ယောင်ဆောင်ထားတတ်ပါတယ်။


ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်တယ်

အချိန်တော်တော်များများမှာ အနက်ရောင်အဝတ်အစားတွေကိုပဲ ရွေးချယ်ဝတ်ဆင်တတ်တဲ့သူတွေဟာ ကိုယ့်ရည်မှန်းချက်တွေဆီ ရောက်ရှိဖို့ ကိုယ့်အားကိုယ်ကိုး၊ ကိုယ့်ကိုယ်ကိုယ်ထိန်းကျောင်းနိုင်သူတွေပါ။ ကိုယ်လုပ်တဲ့အရာတွေကို ကိုယ်တိုင်က စိတ်အားတက်ကြွစွာလုပ်ဆောင်လေ့ရှိပြီး တခြားသူတွေဆီက အားပေးလှုံ့ဆော်စကားတွေကို မလိုအပ်ပါဘူး။ ဒါကြောင့်လည်း အခြားသူတွေရဲ့ ယုံကြည်အားကိုးရတဲ့သူတွေ ဖြစ်လာတတ်ပါတယ်။


ခံစားချက်တွေဖုံးကွယ်ထားတတ်တယ်

အနက်ရောင်ကြိုက်နှစ်သက်သူတွေဟာ သူတို့ရဲ့စစ်မှန်တဲ့ ခံစားချက်တွေကို ဖုံးကွယ်ထားတတ်တယ်လို့ စိတ်ပညာရှင်တွေက ယုံကြည်ကြပါတယ်။ သူတို့ဟာ တော်ရုံတန်ရုံလူတွေနဲ့ ခံစားချက်တွေ မဝေမျှပါဘူး။ သူတို့ရဲ့အားနည်းချက်တွေကို အခြားသူတွေက ပျော့ကွက်အဖြစ် အသုံးချသွားမှာ စိုးလို့ပါ။


လေးနက်တယ်

အရာရာကို အလေးအနက်ထားပြီး လိုရင်းကို ရောက်အောင်သွားတတ်တယ်။ လုပ်သင့်တဲ့ အဓိကအရာတွေကို လုပ်ပြီးမှ ကျန်တာတွေကို လုပ်လေ့ရှိတယ်။ ဒါကြောင့် တစ်ခါတလေမှာ မပျော်တတ်သူ၊ အေးစက်လွန်းသူလို့ ထင်ခံရတတ်ပါတယ်။


လူရှိန်တယ်

ဒီအချက်ကတော့ အနက်ရောင် တစ်မျိုးတည်းကိုမှ စွဲစွဲမြဲမြဲ ကြိုက်နှစ်သက်သူတွေမှာ တွေ့ရတတ်ပါတယ်။ မာကြောပြတ်သားပြီး လေးနက်တဲ့ပုံစံမျိုး ဖြစ်နေတာကြောင့် တော်ရုံလူက ရှိန်ပါတယ်။ မှုန်ကုတ်ကုတ်နဲ့ နေတတ်တာကြောင့် မသိတဲ့သူတွေဆိုရင် မာနကြီးတယ်၊ စိတ်ကြီးဝင်နေတယ်လို့ ထင်ခံရတတ်ပါတယ်။


အမှီအခိုကင်းတယ်

လွတ်လပ်မှုကို မြတ်နိုးပြီး အခြားသူအပေါ် မှီခိုအားကိုးတာမျိုး မလုပ်တတ်ပါဘူး။ ကိုယ့်တာဝန် ကိုယ်ယူနိုင်ခြင်းကိုပဲ ဂုဏ်ယူနေတတ်သူတွေပါ။ အခြားသူတွေဆီက အကူအညီတောင်းရတာမျိုး အလွန်ဝန်လေးသူတွေပါ။ နောက်ပြီး သူတို့ကို ဘာလုပ်ပါ၊ ညာလုပ်ပါ ဆိုပြီး အမိန့်ပေးတာမျိုးကိုလည်း မကြိုက်ပါဘူး။


နှုတ်လုံတယ်

ကိုယ်ရေးကိုယ်တာကို ကိုယ်ရေးကိုယ်တာနေရာမှာပဲ ထားတတ်သူတွေပါ။ ကိုယ်တိုင်ရဲ့ Privacy ကို လေးစားသလို၊ သူများရဲ့ Privacy ကိုလည်း လေးစားပါတယ်။ ဒီအချက်ကြောင့်ပဲ သူတို့ဟာ အခြားသူတွေရဲ့ ရင်ဖွင့်ဖော်၊ တိုင်ပင်ဖော် ဖြစ်နေတာပါ။


အနက်ရောင်ဆိုတာ စွဲဆောင်မှုရှိတဲ့အရောင်ပါ။ ဘယ်တော့မှ ခေတ်နောက်ကျသွားတယ်လို့မရှိဘဲ အနက်ရောင်ကို ဆင်မြန်းလိုက်တိုင်း ကြည့်ကောင်းနေစေပါတယ်။ ဒါကြောင့် သင်ဟာ အနက်ရောင်ကိုမှ စွဲစွဲမြဲမြဲဝတ်ဆင်တတ်သူဆိုရင် သင်ဟာစွဲဆောင်မှုရှိသူ၊ ယုံကြည်မှုရှိသူ၊ ခံစားလွယ်သူ၊ လိမ္မာပါးနပ်သူ ဖြစ်ပါတယ်။


Photo; pinterest.com


we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။