မင်္ဂလာစုံတွဲတွေအတွက် အသုံးဝင်နိုင်မယ့် အကောင်းဆုံးမင်္ဂလာလက်ဖွဲ့ (၁၀) မျိုး

မင်္ဂလာဆောင်တစ်ခု ဖိတ်ကြားခံရတဲ့အခါ မင်္ဂလာဆောင်တက်ရောက်ဖို့ အဝတ်အစားအပြင်အဆင်တင်မက နောက်ထပ် ခေါင်းစားကြရတာကတော့ မင်္ဂလာလက်ဆောင်ပါပဲ။ မင်္ဂလာဆောင်ဆိုတာ နှစ်ကိုယ်တူပေါင်းဖက် ကြတဲ့ မင်္ဂလာရှိတဲ့ပွဲတစ်ပွဲ ဖြစ်တာကြောင့် မင်္ဂလာရှိပြီး နှစ်ဦးလုံးအတွက်လည်း အသုံးဝင်မယ့် အရာမျိုးဖြစ်ဖို့ လိုအပ်ပါတယ်။ အဲဒါကြောင့် မင်္ဂလာလက်ဆောင်အတွက် ခေါင်းမစားရစေဖို့ စုံတွဲတွေလိုအပ်လေ့ရှိမယ့် ဒါမှဟုတ် မင်္ဂလာလက်ဖွဲ့ဖို့ မျက်နှာပန်းလှစေမယ့် မင်္ဂလာလက်ဖွဲ့တွေကို ဖော်ပြပေးလိုက်ပါတယ်။


၁။ ပိုက်ဆံ


အခုခေတ်မှာ မင်္ဂလာဆောင်အတွက် ပိုက်ဆံကို လက်ဖွဲ့လာကြပါတယ်။ အမှန်တော့ ပိုက်ဆံဆိုတာလည်း မင်္ဂလာမောင်နှံအတွက် အလိုအပ်ဆုံးဖြစ်မှာပါ။ မင်္ဂလာဆောင်ဖို့အတွက် ကုန်ကျစရိတ်တွေကို ပြန်ကာမိစေ သလို သူတို့အမှန်တကယ်လိုအပ်တာကိုလည်း ဝယ်ယူနိုင်ပါတယ်။ သူတို့အတွက်အသုံးမဝင်မယ့်အရာ ဖြစ်နေ မှာ ပူစရာမလိုတော့ပါဘူး။ အဲဒါကြောင့် အကောင်းဆုံးကတော့ ပိုက်ဆံကို မင်္ဂလာလက်ဖွဲ့အဖြစ် ယူသွားပါ။


၂။ ပရိဘောဂ


မင်္ဂလာဆောင်မယ့်စုံတွဲကို ပရိဘောဂလက်ဖွဲ့တာကတော့ တော်တော်လေးရင်းနှီးသူတွေကပဲ လက်ဖွဲ့လေ့ရှိတာ ပါ။ ပရိဘောဂတွေဟာ အရွယ်အစားကြီးတတ်တာကြောင့် မင်္ဂလာဆောင်ကိုတော့ ယူသွားဖို့ အဆင်ပြေမှာ မဟုတ်ပါဘူး။ အဲဒါကြောင့် မိမိနဲ့အရမ်းရင်းနှီးတဲ့သူတွေ မင်္ဂလာဆောင်မယ်ဆိုရင် ပရိဘောဂကို ကြိုလက်ဖွဲ့ ထားသင့်ပါတယ်။ ပရိဘောဂဆိုတာ နှစ်ယောက်တစ်ကမ္ဘာဖန်တီးကြမယ့် စုံတွဲတွေအတွက်တော့ မရှိမဖြစ် လိုအပ်ပါတယ်။ လက်ဖွဲ့မယ့်သူကလည်း ရှားပါတယ်။


၃။ နှစ်ယောက်အိပ် အိပ်ရာခင်း


အိပ်ရာခင်းဆိုတာ အိမ်တိုင်းမှာ လိုအပ်တဲ့ အသုံးအဆောင်ပစ္စည်းတစ်မျိုးပါ။ ဒါ့ပြင် အိပ်ရာခင်းဆိုတာမျိုးက မကြာခဏလဲလှယ်ပေးရတာကြောင့် လဲလှယ်စရာ အပိုများများရှိလေလေ၊ ကောင်းလေလေပါပဲ။ အဲဒါကြောင့် အိပ်ရာခင်းလက်ဖွဲ့တာကလည်း မဆိုးလှတဲ့အကြံတစ်ခု ဖြစ်ပါတယ်။


၄။ စောင်


ခြုံစရာစောင်ဆိုတာလည်း အိပ်ရာခင်းလိုပါပဲ။ တစ်ထည်နှစ်ထည်တည်းထက် ပိုလိုအပ်ပြီး များများရှိလေ၊ ကောင်းလေပါပဲ။ မင်္ဂလာစုံတွဲဟာ အချိန်ကြာလာတာနဲ့အမျှ မိသားစုအင်အားတိုးလာမှာ ဖြစ်တာကြောင့် စောင် တွေ ရှိထားလေ ကောင်းလေပါပဲ။


၅။ အလှထားစရာ ပစ္စည်းများ


အိမ်တစ်အိမ်မှာ မျက်စိပသာဒဖြစ်ဖို့အတွက် အလှဆင်ပစ္စည်းလေးတွေ ထားရှိလေ့ရှိကြပါတယ်။ အဲဒီလိုပစ္စည်း တွေကိုလည်း မင်္ဂလာလက်ဖွဲ့အဖြစ် ပေးနိုင်ပါတယ်။ ဥပမာ ပန်းချီကား၊ ကျောက်စီပန်းချီ၊ အလှစိုက်သစ်ပင်နဲ့ တခြားအလှထားစရာ ပစ္စည်းသန့်သန့်ကောင်းကောင်းလေးတွေပါပဲ။ ဒါ့ပြင် ပိုပြီးဆန်းသစ်ချင်ရင် မင်္ဂလာစုံတွဲရဲ့ ဓာတ်ပုံ ဒါမှမဟုတ် နာမည်တို့ကို ရေးထွင်းပြီး သီးသန့်ဖန်တီးထားတဲ့ ပစ္စည်းပစ္စယလေးတွေဆိုရင်လည်း ကောင်းပါတယ်။


၆။ ဓာတ်ပုံပေါင်လှလှလေးများ


မင်္ဂလာဆောင်ပြီးစ စုံတွဲတိုင်းဟာ သူတို့ရဲ့အိမ်တွေမှာ မင်္ဂလာဆောင်အလှဓာတ်ပုံတွေကို ချိတ်ဆွဲတာမျိုး ဒါမှမဟုတ် မှန်ပေါင်ထဲထည့်ပြီး ထောင်ထားတာမျိုးနဲ့ အလှဆင်လေ့ရှိပါတယ်။ ကလေးတွေရှိလာတဲ့အခါကျ ရင် ကလေးပုံလေးတွေနဲ့ မိသားစုလိုက်ပုံတွေကို မှန်ပေါင်တွေနဲ့ အလှဆင်လေ့ရှိပြန်ပါတယ်။ အဲဒါကြောင့် ဓာတ်ပုံမှန်ပေါင်လှလှလေးတွေကို လက်ဖွဲ့မယ်ဆိုရင်လည်း အဆင်ပြေပါတယ်။


၇။ မင်္ဂလာစုံတွဲပုံကို ပုံကြီးချဲ့ပြီး မှန်ပေါင်သွင်းပေးခြင်း


ဒါကတော့ ရင်းနှီးခင်မင်သူတွေရဲ့ မင်္ဂလာပွဲတွေမှာ ပေးလို့ရတဲ့ လက်ဆောင်တစ်ခုပါ။ မင်္ဂလာစုံတွဲအနေနဲ့ Pre-wedding ရိုက်စဉ်တုန်းက ရှိထားတဲ့ ပုံတွေထဲက တစ်ပုံ ဒါမှမဟုတ် ပုံရဲ့ soft copy ကို တောင်းယူပါ။ ပြီးရင် ပုံကြီးချဲ့ပြီး အလှမှန်ပေါင်နဲ့ လှလှပပဆင်ယင်ကာ လက်ဖွဲ့အဖြစ် ပြန်ပေးနိုင်ပါတယ်။


၈။ ခေတ်ပေါ်အိမ်သုံးပစ္စည်းများ


အခုခေတ်မှာ ခေတ်မီဆန်းသစ်တဲ့ အိမ်သုံးပစ္စည်းတွေ ပိုမိုပေါ်ပေါက်လာပါတယ်။ အဲဒီထဲကမှ အိမ်မှာ အသုံးဝင်လောက်မယ့် ပစ္စည်းတွေကိုလည်း မင်္ဂလာလက်ဖွဲ့ပေးနိုင်ပါတယ်။ ဥပမာ ဖုန်စုပ်စက်၊ ရေနွေးအိုး ကောင်းကောင်းတို့ပါပဲ။


၉။ မီးဖိုချောင်သုံးပစ္စည်း


မင်္ဂဆောင်မှာ မီးဖိုချောင်သုံးပစ္စည်းလက်ဖွဲ့တာက သင့်တော်ပေမဲ့လည်း မီးဖိုချောင်သုံးပစ္စည်းလက်ဖွဲ့တဲ့သူတွေ အတော်များတတ်တာကြောင့် အကောင်းဆုံးအကြံတစ်ခုတော့ မဟုတ်ပါဘူး။ အများအားဖြင့် လက်ဖွဲ့တတ်ကြ တာကတော့ ထမင်းပေါင်းအိုး၊ အိုးအစုံလိုက်၊ ကြွေပန်းကန်အစုံလိုက်၊ ဖန်ခွက်နဲ့ ဖန်ခရားလှလှတွေ၊ လက်ဖက် ရည်ပန်းကန်အစုံလိုက် တို့ပါပဲ။ ဒါပေမဲ့ မီးဖိုချောင်သုံးပစ္စည်းကို ဦးစားမပေးဘဲ နောက်ဆုံးကထားပြီး စဉ်းစားပါ။


၁၀။ Gift Voucher


ဈေးဝယ်စင်တာတွေမှာ လိုအပ်တာကို လဲလှယ်ဝယ်ယူနိုင်တဲ့ Gift Voucher တွေဟာလည်း မင်္ဂလာစုံတွဲ အတွက် အသုံးဝင်နိုင်တဲ့ လက်ဆောင်တစ်ခုပါပဲ။ အိမ်ထောင်တစ်ခု ထူထောင်ပြီဆိုရင် အိမ်သုံးပစ္စည်းနဲ့ အစား အသောက်တွေက မဖြစ်မနေဝယ်ယူရမှာပါပဲ။ အဲဒါကြောင့် ပိုက်ဆံပေးစရာမလိုဘဲ ပစ္စည်းတွေကို အဆင်သင့် လဲလှယ်နိုင်မယ့် Gift Voucher လေးတွေကလည်း သူတို့အတွက် အသုံးဝင်ပါတယ်။ ဒါပေမဲ့ ပိုက်ဆံနဲ့ယှဉ်ရင် တော့ ပိုက်ဆံကို ပိုဦးစားပေးလက်ဖွဲ့သင့်ပါတယ်။


By Cherry Mon
Photo Credit: Unplash, Pinterest, Freepik


we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။