ကျွဲခေါင်းသီးဆိုတာ. . .

ကျွဲခေါင်းသီးပင်သည် ရေတွင် ပေါလောပေါ်နေသော အပင်ငယ်တစ်မျိုးဖြစ်သည်။အပင်၏ ရေအောက်ရှိ အရွက်နှင့် ရေပေါ်ရှိအရွက်တို့သည် မတူညီကြချေ။ ရေအောက်ရှိအရွက်များသည် အညှာချင်းဆိုင်ပေါက်၍ အမြစ်နှင့် အလား တူကြသည်။ ရေပေါ်ရှိအရွက်များမှာမူ ရိုးတံရင်း၌ စုပေါက်ကြသည်။ 


အသီးတွင် အဖုများထွက်နေ၍ ပုံစံမှာ ကျွဲဦးခေါင်းပုံနှင့် တူသောကြောင့် ကျွဲခေါင်းသီးဟု အမည်တွင်သည်။ အခွံသည် အစိမ်းပုပ်ရောင်ရှိ၍ အတွင်းသားမှာ ဖြူသည်။


မြန်မာနိုင်ငံအောက်ပိုင်းမြို့ကြီးများရှိ ရေကန်များတွင် ကျွဲခေါင်းသီးပင်များကို ပြုစုစိုက်ပျိုးကြသည်။ ဇွန်လမှ ဩဂုတ်လအထိ မိုးတွင်းအချိန်၌ ကျွဲခေါင်းသီးကို ရောင်းချလေ့ရှိသည်။ အသီးကို အစိမ်းလိုက်ဖြစ်စေ၊ ပြုတ်၍ဖြစ်စေ၊ အခွံနွှာပြီးလျှင် စားကြသည်။


 အတွင်းသား အရသာမှာ ချိုအေး၍ အရည်ရွှမ်းသည်။ ကျွဲခေါင်းသီးကို အထူးသဖြင့် ဟိန္ဒူလူမျိုးတို့ ကြိုက်နှစ်သက်ကြသည်။ သတိထားရမည့်အချက်မှာ ကျွဲခေါင်းသီးကို သံပုရာသီးနှင့် ရောစားမိလျှင် တောက်၍ သေတတ်သည်။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။