မျက်နှာပုံစံအရ အလိုက်ဖက်ဆုံးဖြစ်မယ့် ဆံပင်ကေများ

ဆံပင်ဆိုတာ လူတစ်ယောက်အတွက် ဒုတိယမျက်နှာလို့ ပြောကြပါတယ်။ ဒါပေမဲ့ ဆံပင်ကလည်း မိမိမျက်နှာ ပုံစံနဲ့လိုက်ဖက်မှ လှနေမှာပါ။ အဲဒါကြောင့် မိမိမျက်နှာပုံစံနဲ့ အလိုက်ဖက်ဆုံးဖြစ်မယ့် ဆံပင်ပုံစံကို ရွေးချယ်တတ်ဖို့ လိုပါတယ်။


သင့်မျက်နှာက ဘယ်လိုပုံစံလဲ?   


သင်နဲ့လိုက်ဖက်မယ့် ဆံပင်ကို မရွေးခင် သင့်မျက်နှာပုံစံက ဘယ်လိုပုံစံမျိုးလဲဆိုတာ သိထားဖို့လိုပါတယ်။ မျက်နှာဝိုင်းတာလား၊ လေးထောင့်စပ်စပ်လား၊ မျက်နှာရှည်တာလား ဒါမှမဟုတ် ဘဲဥပုံလား ဆိုတာမျိုးကိုတော့ အကြမ်းဖျဉ်းသိထားရမှာပါ။ သင့်မျက်နှာပုံစံကို သေချာသိထားပြီဆိုရင်တော့ သင်နဲ့လိုက်ဖက်မယ့် ဆံပင်ပုံစံကို ရွေးချယ်လို့ ရပါပြီ။


၁။ လေးထောင့်စပ်စပ်မျက်နှာပိုင်ရှင်တွေအတွက် ဆံပင်ပုံစံ


လေးထောင့်စပ်စပ်မျက်နှာပိုင်ရှင်တွေအနေနဲ့ သူတို့ရဲ့မေးရိုးကောက်ကြောင်းကို ခပ်သွယ်သွယ်ဖြစ်သွားစေပြီး မျက်နှာလည်းအရမ်းရှည်မသွားစေတဲ့ ဆံပင်ပုံစံမျိုးနဲ့ လိုက်ဖက်ပါတယ်။ ဥပမာဆိုရင် အလွှာအထပ်ထပ်နဲ့ ညှပ်ထားတဲ့ ဆံပင်ပုံစံမျိုး ပါရိုးကိုသွယ်လျပေါ်လွင်သွားစေမှာပါ။ ဆံပင်အရှည်ထားချင်ရင်တော့ အဖြောင့်အစား ဆံပင်ခွေခွေကောက်ကောက်လေးတွေက မျက်နှာကို သွယ်လျသွားစေနိုင်ပါတယ်။ အထူးသဖြင့် နဖူးပေါ်မှာ ဆံပင်တွေဝဲကျနေတာမျိုး ဒါမှမဟုတ် ဆံမြိတ်ချထားတဲ့ပုံစံမျိုး ထားသင့်ပါတယ်။


၂။ ဘဲဥပုံမျက်နှာပိုင်ရှင်တွေအတွက် ဆံပင်ပုံစံ


သင်ဟာ ဘဲဥပုံမျက်နှာပေါက်ကို ပိုင်ဆိုင်ထားရင်တော့ အတော်လေးကံကောင်းတယ် ပြောရမှာပါ။ ဘဲဥပုံ မျက်နှာဟာ ရုပ်သွင် balance ညီတာကြောင့် ဆံပင်ပုံစံအတော်များများနဲ့ လိုက်ဖက်ညီပါတယ်။ ပိုလှချင်တယ် ဆိုရင်တော့ ဆံပင်တုတိုလေးတွေ၊ အလွှာအထပ်ထပ်နဲ့ ဆံပင်ကုပ်ဝဲလေးတွေနဲ့ အလိုက်ဖက်ဆုံးပါပဲ။ ဆံပင် အခွေအကောက်လေးတွေနဲ့လည်း လှပါတယ်။


၃။ အသည်းပုံမျက်နှာပိုင်ရှင်တွေအတွက် ဆံပင်ပုံစံ


သင်က အသည်းပုံမျက်နှာပေါက်ရှိတယ်ဆိုရင် နဖူးကျယ်ပြီး မေးရိုးကောက်ကြောင်းက သွယ်သွယ်ကျဉ်းကျဉ်း ဖြစ်ပါလိမ့်မယ်။ ဆံပင်ရှည်ရှည်နဲ့ တခြမ်းစောင်းပုံစံတွေက အလိုက်ဖက်ဆုံးပါပဲ။ နားရွက်အောက်ကနေစပြီး အလိမ်အခွေဖြစ်နေတဲ့ ဆံပင်ပုံစံနဲ့ ဆံပင်ကုပ်ဝဲလေးတွေဆိုရင်လည်း လိုက်ဖက်ညီပါတယ်။


၄။ စိန်တုံးပုံစံ မျက်နှာပိုင်ရှင်တွေအတွက် ဆံပင်ပုံစံ


နဖူးနဲ့ မေးရိုးကျဉ်းပြီး ပါးရိုးကျယ်ကျယ်မျက်နှာပေါက်နဲ့ စိန်တုံးပုံမျက်နှာပိုင်ရှင်တွေကတော့ ထောင့်ချွန်းများတဲ့ မျက်နှာပုံကို သွယ်လျစေပြီး ပါးရိုးလည်း သွယ်ဖို့ လိုပါတယ်။ အဲဒီလိုမျက်နှာမျိုးကို ပိုင်ဆိုင်ထားရင် ဆံပင် တစ်ဝက် ဒါမှမဟုတ် ဆံပင်ရှည်ရှည်ကို အလွှာအထပ်ထပ်ညှပ်ထားတာနဲ့ ဆံပင်ခပ်ခွေခွေပုံစံမျိုးတွေက လိုက်ဖက်ပါတယ်။ ဆံပင်ကို အပြောင်သိမ်းပြီး ခပ်မြင့်မြင့်စည်းတဲ့ပုံစံနဲ့လည်း လိုက်ဖက်ပါတယ်။ အဲဒီဆံပင် ပုံစံက ပါးရိုးကိုပိုလွင်စေပြီး နဖူးကိုလည်း ပိုကျယ်သယောင် ဖြစ်သွားစေပါတယ်။


၅။ မျက်နှာဝိုင်းသူများအတွက် ဆံပင်ပုံစံ


မျက်နှာဝိုင်းတဲ့သူတွေနဲ့ အလိုက်ဖက်ဆုံးကတော့ အလွှာအထပ်ထပ်နဲ့ ဆံပင်ရှည် ဒါမှမဟုတ် တခြမ်းစောင်း ဆံပင်အတိုပုံစံပါပဲ။ ဆံပင်ရှည်ရှည်ကတော့ ဝိုင်းနေတဲ့မျက်နှာကို သွယ်သယောင် ဖြစ်သွားစေမှာပါ။ ဆံပင် ကုပ်ဝဲအတိ တိုတိုပြတ်ပြတ်နဲ့ ဆံပင်အရှည်အတိတွေကတော့ သင့်မျက်နှာကို ပိုဝိုင်းသွားစေမှာဖြစ်တာကြောင့် ရှောင်သင့်ပါတယ်။


By Cherry Mon
Photo Credit: Unsplash, Pinterest


we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။